Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နောက်တစ်ကြိမ် စစ်ပွဲထပ်ဖြစ်ရင် အရင်တစ်ခေါက်ထက် ပိုကြာလိမ့်မယ်လို့ အီရန် သတိပေး

နောက်တစ်ကြိမ် စစ်ပွဲ ထပ်ဖြစ်ခဲ့မယ်ဆိုရင် အရင်ကထက် ပိုကြာညောင်းလိမ့်မယ်လို့ အမေရိကန်ကို အီရန်က သတိပေး ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - Getty Images

နောက်တစ်ကြိမ် စစ်ပွဲ ထပ်ဖြစ်ခဲ့မယ်ဆိုရင် အရင်ကထက် ပိုကြာညောင်းလိမ့်မယ်လို့ အမေရိကန်ကို အီရန်က သတိပေး ပြောကြားလိုက်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်မှာ လက်စသတ်ရမယ့် ပစ်မှတ်တွေ ကျန်နေသေးတယ်လို့ ခြိမ်းခြောက်မှုဆန်ဆန် မှတ်ချက်ပေးခဲ့တဲ့နောက် နိုဝင်ဘာ ၁ ရက်နေ့မှာ အီရန်က အခုလို တုံ့ပြန်ခဲ့တာပါ။

ထရမ့်ဟာ နိုဝင်ဘာ ၃ ရက်၊ သက်တမ်းဝက် ရွေးကောက်ပွဲပြီးရင် အီရန်မှာ တိုက်ခိုက်မှုတွေ ပြန်လည်စတင်ဖို့ ပြင်ဆင်နေဖွယ်ရှိကြောင်း ခန့်မှန်းသတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ လတ်တလောမှာတော့ အီရန်နဲ့ အမေရိကန်တို့ဟာ တရားဝင် သဘောတူထားတာမျိုး မဟုတ်ပေမယ့် နှစ်ဖက်စလုံးက တိုက်ခိုက်မှုတွေကို ဆိုင်းငံ့ထားကြပါတယ်။

အမေရိကန်ရော၊ အစ္စရေးမှာပါ အရေးပါတဲ့ ရွေးကောက်ပွဲတွေ ရှိနေပြီး အဲဒီ ရွေးကောက်ပွဲတွေ ပြီးတာနဲ့ အီရန်မှာ ဗုံးကြဲမှုတွေ ပြန်စမယ်ဆိုတဲ့ သဘောမျိုး ခြိမ်းခြောက် ပြောဆိုမှုတွေကြောင့်လည်း စစ်ရေးပဋိပက္ခကို သံတမန်ရေးအရ ကြားဝင် ဖြေရှင်းပေးဖို့ အားထုတ်မှုတွေကို အနှောင့်အယှက်တွေ ကြုံနေစေပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁ ရက်နေ့မှာတော့ အီရန်စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ မိုဟာမက် အက္ကရာမီနီရာက တကယ်လို့ ဒီတစ်ကြိမ် စစ်ပွဲ ပြန်စလာမယ်ဆိုရင် အရင်တစ်ကြိမ် ပဋိပက္ခထက် ပိုပြီး ကြာညောင်းသွားမှာ ဖြစ်ကြောင်း၊ အဲဒီစစ်ပွဲကို အဆုံးသတ်နိုင်ဖို့ အမေရိကန် သမ္မတမှာ ဘယ်လို အနေအထားမျိုးမှ ထိန်းချုပ်နိုင်စွမ်း ရှိမှာမဟုတ်ကြောင်း အစိုးရပိုင် ရုပ်မြင်သံကြားကနေ သတိပေး ပြောဆိုသွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့တုန်းက အမေရိကန်နဲ့ အစ္စရေးတို့က အီရန်မှာ ပူးပေါင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီး စစ်ပွဲကို စတင် ဆင်နွှဲခဲ့ပါတယ်။ အီရန်ကလည်း ဒေသတွင်းက အမေရိကန် မဟာမိတ် နိုင်ငံတွေကိုပါ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်ပြီး အပြင်းအထန် လက်တုံ့ပြန်ခဲ့ပါတယ်။ လက်ဘနွန်နဲ့ ယီမင်မှာရှိတဲ့ အီရန် မဟာမိတ် လက်နက်ကိုင် တပ်တွေကလည်း အီရန်စစ်ပွဲမှာ သွယ်ဝိုက် ပါဝင်လာခဲ့ကြပါတယ်။

လောလောဆယ်မှာတော့ အီရန်ဟာ အမေရိကန်၊ အစ္စရေးတို့နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်မနေတော့ပေမယ့် ထရမ့်က လက်ကျန် အီရန် ပစ်မှတ်တွေကို အမေရိကန်က လက်ဦးမှုယူပြီး မြန်မြန်ဆန်ဆန် ချေမှုန်းတာတွေ ရှိလာနိုင်ကြောင်း သတင်းထောက်တွေဆီ မှတ်ချက်ပေးခဲ့ပါတယ်။

လက်ကျန် ရှင်းစရာတွေ ရှိနေသေးကြောင်း၊ တစ်နေရာ၊ နှစ်နေရာလောက်ကို ဖျက်ဆီးပစ်ဖို့ ကျန်နေသေးပြီး အဲဒီကိစ္စကိုလည်း ၁၀ မိနစ်လောက်နဲ့ အပြတ်ဖြတ်နိုင်ကြောင်း ထရမ့်က ဆိုပါတယ်။

အမေရိကန် မီဒီယာတွေရဲ့ ဖော်ပြချက်အရ ထရမ့်ဟာ အောက်တိုဘာ ၃၁ ရက်နေ့ကလည်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုနဲ့ ဖုန်းဆက်ပြီး အီရန်က စစ်ဆင်ရေးတွေ ပြန်စဖို့ ဖြစ်နိုင်ခြေ အလားအလာတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ နေတန်ညာဟုက အီရန်မှာ စစ်ပွဲကို အမြန်ဆုံး ပြန်စဖို့ ထရမ့်ကို အားတက်သရော တောင်းဆိုခဲ့တယ်လို့ အိမ်ဖြူတော် သတင်းရင်းမြစ် တချို့က ပြောပါတယ်။

အီရန်ရဲ့ အင်အားအတောင့်ဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) ပြောရေးဆိုခွင့်ရ အရာရှိ ဟိုစိန်း မိုဟက်ဘီကတော့ နောက်တစ်ကြိမ် အမေရိကန်နဲ့ စစ်ဖြစ်မယ်ဆိုရင် အီရန်ဟာ ပထဝီဝင် နယ်စပ်စည်းတွေကို အကန့်အသတ် မထားဘဲ ကျယ်ကျယ်ပြန့်ပြန့် လက်တုံ့ပြန်မယ်လို့ နိုဝင်ဘာ ၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အဲဒီ မတိုင်ခင်မှာ အီရန် အဓိပတိ အယာတိုလာ မော့ဂျ်တာဘာ ခါမေနီကလည်း အလားတူ ခြိမ်းခြောက်မှု တစ်ခုကို ထုတ်ပြန်ထားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ