ကမ္ဘောဒီးယားကနေ ထိုင်းနိုင်ငံ ပိုင်နက်ထဲကို ချေမှုန်းရေးရိုင်ဖယ် ကျည်ကတ် ၃၂၄၀၀ မှောင်ခို တင်သွင်းမှုအတွက် ထိုင်းနိုင်ငံသား ၄ ဦးနဲ့ ကမ္ဘောဒီးယား ၁ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
နိုဝင်ဘာ ၁ ရက် မနက်ပိုင်းတုန်းက နှစ်နိုင်ငံ နယ်စပ်နားမှာရှိတဲ့ တူးမြောင်းဝ တစ်နေရာမှာ စပိဘုတ် တစ်စီးကို အာဏာပိုင်တွေက ကြားဖြတ်ဟန့်တားပြီး စစ်ဆေးခဲ့ရာက ၇.၆၂ မမ ကျည်ကတ်တွေကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
သတင်းပေး တစ်ဦးရဲ့ ဆက်သွယ် အကြောင်းကြားမှုကြောင့် ထိုင်းအရာရှိတွေဟာ ချန်သာဘူရီပြည်နယ်၊ ဝယ်လူမြစ်ကြောင်းတလျှောက် ခုတ်မောင်းခဲ့တဲ့ စပိဘုတ်ကို အောက်တိုဘာ ၃၁ ရက် ညနေပိုင်း ကတည်းက ခြေရာခံ စောင့်ကြည့်နေခဲ့ပါတယ်။
အဲဒီညမှာတော့ ထရတ်ပြည်နယ်ရဲ့ ပင်လယ် ကမ်းရိုးတန်း တစ်နေရာမှာ ရေယာဉ်က ရပ်တန့်သွားပြီး လေးလံတဲ့ ဝန်စည်စလယ်တွေ တင်ဆောင်နေတာကို ထောက်လှမ်း တွေ့ရှိခဲ့ပါတယ်။

Public Service Announcement
နောက်တစ်နေ့ မနက်မှာတော့ ရေတပ်နဲ့ ဒေသခံ ရဲတပ်ဖွဲ့ အပါအဝင် လုံခြုံရေး အေဂျင်စီ အရာရှိတွေ ပူးပေါင်းပြီး ခလွန်တာဟတ် တူးမြောင်းဝမှာ စပိဘုတ်ကို တားဆီးခဲ့ပါတယ်။ ပြီးတော့ ကျည်ကတ်တွေနဲ့အတူ လက်ပူးလက်ကြပ် တွေ့ရှိတဲ့ အသက် ၂၃ နှစ်ကနေ ၅၄ နှစ်ကြား ထိုင်းနိုင်ငံသား ၄ ဦးနဲ့ အသက် ၄၀ အရွယ် ကမ္ဘောဒီးယား အမျိုးသားတို့ကို ဖမ်းဆီးခဲ့ပါတယ်။
ရေယာဉ်ထဲမှာတော့ အထုပ်ပေါင်း ၁၅ ခုနဲ့ ထုပ်ပိုးထားတဲ့ ၇.၆၂ မမ ကျည်ကတ်ပေါင်း ၃၂၄၀၀ ကို ရှာဖွေ သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီ ကျည်ကတ်တွေဟာ AK-47 မောင်းပြန်ရိုင်ဖယ်တွေမှာ အသုံးပြုတဲ့ အမျိုးအစားတွေပါ။ ကျည်ကတ်တွေကို ထုပ်ပိုးထားတဲ့ အထုပ်တွေပေါ်မှာတော့ တရုတ် ဓာတုဗေဒ ထုတ်ကုန် အမှတ်တံဆိပ် လိုဂိုတွေကို ရိုက်နှိပ်ထားခဲ့ပါတယ်။
ဖမ်းဆီးခံထားရသူတွေရဲ့ ထွက်ဆိုချက်အရ လက်နက် မှောင်ခို တင်ပို့သူတွေက ကမ္ဘောဒီးယားကနေ ထရတ်ဆီ အဲဒီကျည်ကတ်တွေ မှောင်ခိုသယ်ယူဖို့ သူတို့ကို ဘတ် ၂၀၀၀၀ နဲ့ ငှားရမ်းထားတာလို့ သိရပါတယ်။ သူတို့ကို ငှားရမ်းတဲ့ လက်နက်မှောင်ခို အဖွဲ့ဟာ ဩဂုတ်လတုန်းက AK-47 သေနတ် နှစ်လက်နဲ့ ကျည်ကတ် ၂၄၀၀၀ ကျော် ခိုးသွင်းဖို့ ကြိုးစားတဲ့ သူတွေနဲ့ အတူတူပဲလို့ ထိုင်းအရာရှိတွေက ယုံကြည်နေပါတယ်။ ကျည်ကတ်တွေကို ဘယ်နေရာထိ ပို့ဆောင်ဖို့ ရည်ရွယ်ထားတာလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ချေမှုန်းရေးရိုင်ဖယ် ကျည်ကတ်တွေ အများအပြား ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။
ကိုးကား: Bangkok Post





















































