Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းရဲ့ လေကြောင်း အန္တရာယ် သတိပေး app ဆိုက်ဘာ တိုက်ခိုက်မှု ခံရပြီး message အမှားတွေ ပေးပို့

ယူကရိန်းမှာ အသုံးပြုနေတဲ့ လေကြောင်းအန္တရာယ် သတိပေး မိုဘိုင်းappကို ဆိုက်ဘာနည်းလမ်းနဲ့ တိုက်ခိုက်မှုတစ်ခု ကြုံတွေ့ခဲ့ဟန်ရှိကြောင်း ယူကရိန်း လေတပ်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - The Kyiv Independent

ယူကရိန်းမှာ အသုံးပြုနေတဲ့ လေကြောင်းအန္တရာယ် သတိပေး မိုဘိုင်းappကို ဆိုက်ဘာနည်းလမ်းနဲ့ တိုက်ခိုက်မှုတစ်ခု ကြုံတွေ့ခဲ့ဟန်ရှိကြောင်း ယူကရိန်း လေတပ်က ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့က မြို့တော် ကိယက်ဗ်မှာ ရေဒီယို သတ္တိကြွမှု အန္တရာယ် သတိပေး စာသားတွေကို အဲဒီ appကနေ messageတွေ ပေးပို့ခဲ့ပါတယ်။ ရေဒီယို သတ္တိကြွ အန္တရာယ် ဆိုတာက နျူကလီးယားလက်နက် တစ်မျိုးမျိုးနဲ့ တိုက်ခိုက်လာမှုကို ရည်ညွှန်းတဲ့ သဘောမျိုးလည်း ဖြစ်နေပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ဘာရေဒီယို သတ္တိကြွ အန္တရာယ်မှ မရှိခဲ့သလို အဲဒီ messageကိုလည်း ယူကရိန်း အာဏာပိုင်တွေက ပေးပို့ခဲ့တာ မဟုတ်ကြောင်း လေတပ်က ထုတ်ပြန်ခဲ့ပါတယ်။

Air Alarm appဟာ ရန်လို ထိုးဖောက်တဲ့ ဆိုက်ဘာ တိုက်ခိုက်မှု တစ်ခုကို ကြုံတွေ့ခဲ့ဟန်ရှိကြောင်း၊ ဘယ်လို ရေဒီယို သတ္တိကြွမှု ပြဿနာမှ ဖြစ်ပေါ်မနေကြောင်း၊ ပြည်သူတွေ အနေနဲ့ စိတ်ငြိမ်ငြိမ်ထားပြီး လေတပ်ရဲ့ channelကနေ ဖော်ပြမယ့် နောက်ဆက်တွဲ ထုတ်ပြန်ချက်တွေကို စောင့်ကြည့်နေစေလိုကြောင်း ယူကရိန်း လေတပ်က Telegramကနေ ကြေညာခဲ့ပါတယ်။

ယူကရိန်း ဗဟို ထောက်လှမ်းရေး အေဂျင်စီကလည်း လေကြောင်း အန္တရာယ် သတိပေး appမှာ ပြဿနာတစ်ခု ရှိခဲ့ကြောင်း ထုတ်ပြန်ပြီး အခြေအနေကို ပြန်လည် ရှင်းလင်းခဲ့ပါတယ်။ နောက်ထပ် နာရီပိုင်း အကြာမှာတော့ ရုရှားမှာလည်း အရေးပေါ် အခြေအနေ တုံ့ပြန်ရေး ဝန်ကြီးဌာနက ထုတ်ပေးထားတဲ့ အန္တရာယ် သတိပေး appကို ဆိုက်ဘာ တိုက်ခိုက်မှု ကြုံခဲ့ကြောင်း ရုရှား အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားရဲ့ appကလည်း တိုက်ခိုက်မှုတစ်ခု ဖြစ်လာတော့မယ် ဆိုတာမျိုး messageတွေ ပေးပို့ခဲ့တာကြောင့် ပြည်သူတွေ အထိတ်တလန့် ဖြစ်ကုန်ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီ ဆိုက်ဘာတိုက်ခိုက်မှုကို သူတို့တွေ လုပ်ဆောင်ခဲ့တာလို့ ယူကရိန်း ဟက်ကာအဖွဲ့ တစ်ခုက အတည်ပြုခဲ့ပါတယ်။

ရုရှားဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး နျူကလီးယား လက်နက်တိုက်ကို ပိုင်ဆိုင်ထားသလို သမ္မတ ဗလာဒီမာ ပူတင်ကလည်း စစ်ပွဲမှာ လိုအပ်လာရင် နျူကလီးယား လက်နက်တွေ ထုတ်သုံးမယ် ဆိုတာမျိုး အကြိမ်ကြိမ် ခြိမ်းခြောက်ထားပါတယ်။

ယူကရိန်းက Air Alarm app အသုံးပြုသူတွေရဲ့ ဖုန်းတွေထဲမှာတော့ နိုဝင်ဘာ ၁ ရက် ညပိုင်းတုန်းက ‘ကိယက်ဗ်မှာ ရေဒီယို သတ္တိကြွမှု အန္တရာယ် သတိပေး ကြေညာချက် ထုတ်လိုက်ပြီ’ဆိုတဲ့ စာသားတွေ ရောက်ရှိလာခဲ့ပါတယ်။

ဒုတိယ စာသားကတော့ ယူကရိန်း တစ်နိုင်ငံလုံးမှာ နျူကလီးယား အန္တရာယ် သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း၊ Oreshnik ဒုံးကျည်တွေ ပျံသန်းနေတာမို့ သိပ်စိုးရိမ်ဖို့ မလိုကြောင်း ရုရှားဘာသာနဲ့ သရော်တော်တော် ရေးသားထားပြန်ပါတယ်။

နောက်တစ်မိနစ် အကြာမှာပဲ ယူကရိန်း ဘာသာနဲ့ ကိယက်ဗ်မှာ ဓာတုတိုက်ခိုက်မှု အန္တရာယ်တစ်ခု ကျရောက်နေကြောင်း၊ လူတွေ အိမ်အပြင် မထွက်ကြဖို့လိုကြောင်း စာတစ်စောင် ထပ်ရောက်လာပြန်ပါတယ်။ ဒါ့အပြင် ကိယက်ဗ်က လမ်းတွေမှာ တိုက်ပွဲတွေ ဖြစ်နေပြီဆိုတဲ့ သတိပေး စာလည်း ရောက်လာခဲ့ပါသေးတယ်။

နောက်ထပ် ၃ မိနစ်လောက် အကြာမှာတော့ အစောပိုင်းတုန်းက သတိပေးချက်တွေ အားလုံး အန္တရာယ် ပြန်ကင်းရှင်းသွားပြီမို့ စိုးရိမ်စရာ မရှိတော့ကြောင်း message ထပ်ဝင်လာပြန်ပါတယ်။ ယူကရိန်း အာဏာပိုင်တွေကတော့ appကို ဟက်ကာတွေ ပစ်မှတ်ထား တိုက်ခိုက်ပြီး သတင်းအချက်အလက် အမှားတွေ ပေးပို့ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ခဲ့သလို တချို့နေရာတွေမှာ အသံချက်စက်တွေ သုံးပြီး ရေဒီယို သတ္တိကြွ ခြိမ်းခြောက်မှု ပြဿနာ လုံးဝမရှိပါဘူးလို့ လိုက်လံ အသိပေးခဲ့ပါတယ်။

အဲဒီဖြစ်ရပ်တွေအပြီး မကြာခင်မှာပဲ ရုရှားဖက်မှာလည်း နျူကလီးယား ခြိမ်းခြောက်မှု သတိပေးချက် သတင်းမှား messageတွေက ဖုန်းတွေထဲ ရောက်လာခဲ့ပြန်တာ ဖြစ်ပါတယ်။ အဲဒီလုပ်ရပ်ကတော့ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ Ateshဆိုတဲ့ အဖွဲ့က ကြေညာပါတယ်။ Ateshက ထုတ်ပြထားတဲ့ screenshot တစ်ခုထဲမှာတော့ ရုရှားနိုင်ငံသားတွေ အနေနဲ့ သုံးပတ်စာ ရိက္ခာစုဆောင်းထားဖို့၊ မြေအောက်ခန်းတွေထဲဆင်းပြီး အကာအကွယ် ယူကြဖို့ ရေးသားထားတဲ့ messageကို တွေ့ရသလို ညစ်ညမ်းတဲ့ အသုံးအနှုန်းတွေကိုပါ ထည့်သုံးထားပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ကြားက ရှေ့တန်းစစ်မြေပြင် တစ်နေရာဖြစ်တဲ့ ခါဆွန်ဒေသမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ရွှေ့ပြောင်းပေးဖို့ အပစ်အခတ် ရပ်စဲထားတဲ့ ကာလ ပြီးဆုံးချိန်မှာပဲ အခုလိုမျိုး အန္တရာယ် သတိပေး appတွေကို ဆိုက်ဘာ နည်းလမ်းတွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တာလို့လည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ