Connect with us

Hi, what are you looking for?

သတင်း

ကချင်-စစ်ကိုင်းအစပ်တပ်စခန်းတွေသိမ်းပိုက်မှု စစ်တပ်နဲ့SNA က စစ်အင်အားတိုးချဲ့လှုပ်ရှားလာလို့ ခုခံတိုက်ခိုက်တာလို့ KIA ပြော

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က စစ်တပ်နဲ့ လက်အောက်ခံ ရှမ်းနီ SNA ပြည်သူ့စစ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာဟာ စစ်အုပ်စုဘက်က စစ်အင်အားတိုးချဲ့လှုပ်ရှားလာလို့ ခုခံတိုက်ခိုက်နေရတာဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

(မိုးညှင်းမြို့နယ် နမ့်မွန်းကျေးရွာက ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှာ စစ်တပ်လက်အောက်ခံ SNA တပ်က စစ်သင်တန်းဆင်းပွဲ လုပ်နေစဉ်။ ဓာတ်ပုံ - Kachin Soldiers)

နိုဝင်ဘာ ၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က စစ်တပ်နဲ့ လက်အောက်ခံ ရှမ်းနီ SNA ပြည်သူ့စစ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာဟာ စစ်အုပ်စုဘက်က စစ်အင်အားတိုးချဲ့လှုပ်ရှားလာလို့ ခုခံတိုက်ခိုက်နေရတာဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဟုမ္မလင်းမြို့နယ် တောင်ဦးနဲ့ ရေပေါ်မီး ကျေးရွာတွေက စစ်တပ်နဲ့ SNA စခန်းတွေ တိုက်ခိုက်သိမ်းပိုက်နိုင်မှု သတင်းဖော်ပြရာမှာ KIA က အခုလို အသိပေးခဲ့တာလည်းဖြစ်ပါတယ်။

အောက်တိုဘာ နောက်ဆုံးပတ်မှာ ဟုမ္မလင်းနဲ့ ဖားကန့်မြို့နယ် ဆယ်ဇင်းကြား ရေပေါ်မီးကျေးရွာရှိ စစ်တပ်နဲ့ SNA ပြည်သူ့စစ်ပူးပေါင်းတပ်စခန်း ၁ခုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သလို တောင်ဦးရွာက SNA တပ်စခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ရေပေါ်မီးကျေးရွာ တိုက်ပွဲမှာ စစ်တပ်နဲ့ SNA တပ်ဖွဲ့တွေရဲ့ လက်နက်ခဲယမ်းအများအပြားသိမ်းရခဲ့ကြောင်း အသိပေးပါတယ်။

စစ်တပ်နဲ့ SNA ပြည်သူ့စစ် ပူးပေါင်းတပ်တွေဟာ KIA တပ်မဟာ(၉)ဒေသအတွင်းစစ်အင်အား တိုးချဲ့လှုပ်ရှားနေတာကြောင့် ခုခံတိုက်ခိုက်နေတာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

SNA တပ်ဟာ စက်တင်ဘာအတွင်းက ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ့်မွန်းကျေးရွာ ခရစ်ယာန်ဘုရားကျောင်းမှာ အင်အားအများအပြားပါဝင်တဲ့ စစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့ပါတယ်။အဲဒီနောက် KIA ပူးပေါင်းတပ်က မိုးညှင်း၊ ဖားကန့် ဆယ်ဇင်းနဲ့ ဟုမ္မလင်းဒေသက SNA တပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်တဲ့ စစ်ဆင်ရေးတွေ ဆက်တိုက်ဖော်ဆောင်ခဲ့တာပါ။

ဒါ့အပြင် စစ်တပ်နဲ့ SNA ဟာ အောက်တိုဘာ ပထမပတ်မှာလည်း မိုးညှင်းမြို့နယ် ချောင်း၀ရွာက ခရစ်ယာန်ဘုရားကျောင်းကို အသေခံ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီလို ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းအချို့ကို SNA ဘက်က စစ်သင်တန်းလုပ်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပြီးနောက် SNAနဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲပိုပြင်းထန်ခဲ့ပြီး ဆယ်ဇင်းနဲ့ ဟုမ္မလင်းဒေသက SNA တပ်စခန်းတခုပြီး ၁ခု တိုက်ခိုက်သိမ်းပိုက်ခံရတာဖြစ်ပါတယ်။

အဲဒီလို ဘုရားကျောင်းတွေမှာ သင်တန်းလုပ်တာ၊ ဘုရားကျောင်းကို ဒရုန်းတိုက်ခိုက်တဲ့ လုပ်ရပ်တွေကြောင့် စစ်ရေးပိုပြင်းထန်လာနိုင်ကြောင်းလည်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က တိုက်ပွဲတွေမဖြစ်ခင်ကတည်းက ပြောထားပါတယ်။

စစ်တပ်ဟာ SNA အပါအဝင် ဒေသခံ ပြည်သူ့စစ်အဖွဲ့တွေကို အသုံးချပြီး KIA နဲ့ ရင်ဆိုင်နေရတဲ့ စစ်မျက်နှာတွေမှာ တိုက်ပွဲဝင်ခိုင်းနေတာရှိပါတယ်။

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်မှာဆိုရင်လည်း စစ်တပ်ဟာ ပြည်သူ့စစ်အဖွဲ့တွေကို ရှေ့တန်းစစ်ကြောင်းထိုး တိုက်ပွဲဝင်ခိုင်းနေတာလို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပြထားပါတယ်။

စစ်တပ်ဟာ ၂၀၂၃၊ ၂၀၂၄ ကာလ KIA ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေအတွင်း အထိနာကာ တပ်စခန်းရာချီ လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် ကချင်ပြည်နယ်ကို နည်းမျိုးစုံနဲ့ စစ်အင်အားဖြည့်တင်းတာလုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် SNA နဲ့ ဌာနေပြည်သူ့စစ်အဖွဲ့တွေ အပါအဝင် စစ်တပ်လက်အောက်ခံတပ်တွေကို လက်နက်တပ်ဆင်ပေးကာ စစ်အင်အားစုဆောင်းမှုတွေအတင်းအဓမ္မ ပြုလုပ်ကာ KIA ပူးပေါင်းတပ်နဲ့ ရင်ဆိုင်ဖို့ ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ