ဩစတြေးလျ နိုင်ငံမှာ စင်ကာပူ လေကြောင်းလိုင်း (SIA)ရဲ့ ခရီးသည်တင် လေယာဉ်တစ်စီး လေယာဉ်ကွင်းကို ဆင်းသက်ချိန် မြေပြင်နဲ့ တိုက်မိလုနီးပါး ဖြစ်ခဲ့ပေမယ့် လေယာဉ်မှူးတွေက လေယာဉ်ကို ပြန်ဆွဲတင်ပြီး နောက်တစ်ကြိမ် ဘေးကင်းကင်းနဲ့ ဆင်းသက်နိုင်ခဲ့ပါတယ်။
အောက်တိုဘာ ၃၁ ရက်နေ့က လေယာဉ်ဆင်းသက်ရင်း လေပြင်းတိုက်ခတ်လို့ SIAရဲ့ ခရီးစဉ်အမှတ် SQ213 လေယာဉ်ဟာ ဆင်းသက်ချိန်မှာ အခက်ကြုံခဲ့ရတာ ဖြစ်ပါတယ်။ လေယာဉ် ဆင်းသက်တာကို ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာတော့ လေယာဉ်ဟာ ပါ့သ်မြို့က နိုင်ငံတကာ လေဆိပ်ရဲ့ ပြေးလမ်းဆီ ချဉ်းကပ်လာရင်း လေတိုက်နှုန်းကြောင့် ဟန်ချက်ပျက်ပြီး ဘယ်ညာ ယိမ်းခါသွားတာကို တွေ့ခဲ့ရပါတယ်။
လေယာဉ်ရဲ့ ညာဖက် တောင်ပံအစွန်းဟာ အရမ်းတိမ်းစောင်းပြီး မြေပြင်နဲ့ တိုက်မိလုနီးပါးထိ ဖြစ်သွားခဲ့ပေမယ့် လေယာဉ်မှူးတွေက ပြန်လည် တည့်မတ်နိုင်ခဲ့သလို လေယာဉ်ကို မဆင်းတော့ဘဲ နောက်တစ်ကြိမ် ပျံတက်စေခဲ့ပါတယ်။
အဲဒီနောက်မှာမှ လေဆိပ်ပေါ် တစ်ပတ်လှည့် ပျံဝဲပြီး ဒုတိယအကြိမ် အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ SIAက SQ213ဟာ ပါ့သ်နိုင်ငံတကာ လေဆိပ်မှာ ဆင်းသက်ရင်း လေပြင်းတိုက်ခတ်မှုနဲ့ ကြုံတွေ့ခဲ့ကြောင်း၊ ဒါကြောင့် လေယာဉ်မှူးတွေက နောက်တစ်ပတ် ထပ်ဝဲပြီးမှ ဆင်းသက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement
လေယာဉ်မှူးတွေဟာ လေပြင်းထဲမှာ လေယာဉ်ရဲ့ ဟန်ချက်ကို ထိန်းဖို့ ခက်ခဲသွားမှန်း သဘောပေါက်တာနဲ့ ဆင်းသက်မယ့် အစီအစဉ်ကို စွန့်လွှတ်ပြီး နောက်တစ်ပတ် ပျံဝဲဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ညီမဖြစ်သူကို သွားကြိုတဲ့ ခရစ္စပယ်ရီဆိုတဲ့ အမျိုးသားက လေယာဉ်အဆင်းမှာ ပြဿနာ ကြုံခဲ့ပုံကို ဗီဒီယို ရိုက်ကူးပြီး Facebookပေါ် တင်ခဲ့ပါတယ်။
သူက ပထမအကြိမ် ဆင်းသက်ဖို့ အားထုတ်မှုမှာ လေယာဉ် ပျက်ကျပြီလို့တောင် ထင်ခဲ့မိပြီး အရမ်း ထိတ်လန့်မိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒုတိယအကြိမ် ဆင်းသက်ချိန်မှာတော့ လေယာဉ်မှူးတွေဟာ လေစီးကြောင်းတွေကြားက ရပ်နားချိန်ကို ရှာတွေ့ခဲ့ပုံပေါ်ကြောင်း သူက ပြောပါတယ်။ လူမှုကွန်ရက် သုံးစွဲသူတွေကလည်း လေယာဉ် ယိမ်းခါသွားတဲ့အချိန် တောင်ပံစွန်းက မြေကြီးနဲ့ အရမ်းနီးကပ်သွားပုံက ကြောက်စရာ ကောင်းလွန်းကြောင်း မှတ်ချက်ရေးသားခဲ့ကြပါတယ်။
ဒါပေမဲ့ တချို့ကလည်း လေယာဉ်မှာ ကြုံတွေ့ခဲ့တာက ပျက်ကျလုနီးပါးထိ ပုံကြီးချဲ့လောက်တဲ့ အဆင့်မဟုတ်ကြောင်း၊ လေယာဉ်မှူးတွေက ဘာလုပ်ရမလဲ ဆိုတာကို ကောင်းကောင်းသိလို့ အချိန်မီ နောက်တစ်ကြိမ် ပျံတက်သွားခဲ့တာဖြစ်ကြောင်း တုံ့ပြန်ကြပါတယ်။
SIAကတော့ လေယာဉ်ဟာ ဒေသစံတော်ချိန် နေ့လယ် ၁၂း၃၀ နာရီမှာ ချောချောမွေ့မွေ့ ဆင်းသက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ခရီးသည်တွေနဲ့ အမှုထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးဟာ လေကြောင်းလိုင်းရဲ့ အမြဲတမ်း ပထမ ဦးစားပေး ရွေးချယ်မှု ဖြစ်တယ်လို့လည်း SIAက ကြေညာခဲ့ပါတယ်။
ကိုးကား: CNA





















































