Connect with us

Hi, what are you looking for?

ဆောင်းပါး

ထောင်ဒဏ်နဲ့ ဆုတံဆိပ်ကြားက အနုပညာရှင်

ဂျာဖာ ပနာဟီ၊ It Was Just an Accident နဲ့ အီရန်၊ မြန်မာတို့ရဲ့ အနုပညာလွတ်လပ်ခွင့်

ရှဉ့်ညို ရေးသားသည်

တဖက်မှာ ကမ္ဘာ့ရုပ်ရှင်လောကရဲ့ အမြင့်ဆုံးအသိအမှတ်ပြုမှုတွေ နဲ့ တဖက်မှာတော့ ထောင်ဒဏ်။ တဖက်မှာ အာဏာပိုင်တွေရဲ့ ဖိနှိပ်ထားမှု။ တဖက်မှာတော့ ကိုယ်မြင်တဲ့အမှန်တရားကို ရုပ်ရှင်အဖြစ် ဖန်တီးပြောဆိုဖို့အတွက် မစွန့်လွှတ်နိုင်တဲ့ အနုပညာရှင်တယောက်။

ဒီဆန့်ကျင်ဘက်နှစ်ခုဟာ အီရန်ရုပ်ရှင်ဒါရိုက်တာ ဂျာဖာ ပနာဟီရဲ့ ဘဝမှာ တစ်ချိန်တည်းမှာ ရှိ‌နေပါတယ် ။ သူ့ရဲ့ It Was Just an Accident ရုပ်ရှင်ဟာ ကိန်းစ် (Cannes) ရုပ်ရှင်ပွဲတော်မှာ ၂၀၂၅ ခုအတွက် Palme d’Or ဆုကို ရရှိခဲ့တယ်။ ၂၀၂၅ ဒီဇင်ဘာမှာပဲ သူဟာ ထောင်ဒဏ်တနှစ် ချမှတ်ခံခဲ့ရပြီး၊ ၂၀၂၆အောက်တိုဘာ၂၈ မှာတော့ထောင်ဒဏ် ငါးနှစ်နဲ့ တစ်လ ထပ်မံချမှတ်ခံခဲ့ရတာကို ကမ္ဘာ့သတင်းစာ‌တွေကနေ သိရပါတယ်။

It Was Just an Accident ရဲ့ အမည်ကို မြန်မာလို အနီးစပ်ဆုံး ဘာသာပြန်ရရင် “မတော်တဆမှုတစ်ခုပါပဲ” လို့ ပြန်ရမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီခေါင်းစဉ်ရဲ့ နောက်ကွယ်မှာတော့ မတော်တဆမှုတခုထက် ပိုလေးနက်တာတွေ ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ဇာတ်လမ်းသဘောကမိန်းမယောကျာ်းလူတစုက သူတို့ကို အရင်က ဖမ်းဆီး နှိပ်စက်ဖူးတဲ့ စစ်ကြောရေးအရာရှိလား၊လုံခြုံရေးအရာရှိလားတယောက်ကိုသူတို့ကဖမ်းမိကြတဲ့အခါ ဘာလုပ်သင့်တယ်ဆိုတဲ့ပြဿနာပါ။လက်စားချေချင်တဲ့သူ၊ ချေသင့်မချေသင့် ဝေခွဲမရသူ။ တကယ်တော့ သူတို့က ဖမ်းမိထားတဲ့သူဟာ အဲဒီလူ ဟုတ်မဟုတ်လည်း မသေချာ။ သူတို့က မျက်လုံးကို အဝတ်စီးထားခံရလို့ အဲဒီလူကို မြင်ခဲ့ရတာမဟုတ်ပါဘူး။ ခြေတုတပ်ထားတဲ့ ခြေသံကိုသာ မှတ်မိကြရတာ။ တကယ်ဟုတ်နေရင်ရော ဘာလုပ်ကြမလဲ။ အသက်ရှင်ရက်သား မြေမြှုပ်ပစ်ဖို့ ကျင်းတောင် တူးထားပြီးသား။မကောင်းမှုကို မကောင်းမှုနဲ့ တုံ့ပြန်တာကရော တရားမျှတ တာလား။လက်တွေ့မှာတော့ဘာလုပ်သင့်တယ်ဆိုတာမဆုံးဖြတ်နိုင်တော့ဘူး။ဇာတ်ကားဆုံးတဲ့အထိ တွေးစရာပေးသွားတဲ့ ကားပါပဲ။

အဲဒီနောက်လက်စားချေခြင်း၊ တရားမျှတမှု၊ မှတ်ဉာဏ်နဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ဝေခွဲရခက်မှုတွေ ဖြစ်ပေါ်လာပါတယ်။ “ငါ ဆိုရင်ရော ဘယ်လိုလုပ်မိမလဲ” လို့ တွေးရစေတဲ့ ကား။ လက်စားချေတော့မယ့် ကားလို့ ထင်ရပေမယ့် လက်စားချေလိုက်ရင်၊ မကောင်းမှုကို မကောင်းမှုနဲ့ တုံ့ပြန်လိုက်ရင် တရားမျှတမှု ရသွားမှာလား ဆိုတာကို မေးချင်တဲ့ ကားပါ။

အကြမ်းဖက်ခံခဲ့ရသူတစ်ယောက်ကကိုယ့်ကို နာကျင်စေခဲ့သူအပေါ် ဘယ်လိုတုံ့ပြန်သင့်သလဲ။ လက်စားချေတာ နဲ့ တရားမျှတမှုကို ရှာဖွေတာကဘယ်နေရာမှာ ကွဲပြားသလဲ။ မိမိကိုယ်တိုင် အကြမ်းဖက်မှုရဲ့ သားကောင်ဖြစ်ခဲ့ရသူတစ်ယောက်ဟာအခြေအနေတစ်ခု ပြောင်းလဲသွားတဲ့အခါ အကြမ်းဖက်သူ ဖြစ်သွားနိုင်သလား။

ဒါတွေဟာ ရုပ်ရှင်ဇာတ်လမ်းအတွက်သာ မဟုတ်ပါဘူး။ အတိတ်က အကြမ်းဖက်မှုတွေ၊ မတရားမှု‌တွေ ကို ဘယ်လိုမှတ်တမ်းတင်မလဲ၊ မတရားအကြမ်းဖက်ခံရသူတွေရဲ့ နာကျင်မှုကို ဘယ်လိုနားလည်မလဲ၊ တရားမျှတမှုကို ဘယ်လိုရှာဖွေမလဲဆိုတဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေလည်း ဖြစ်ပါတယ်။

ရုပ်ရှင်တစ်ကားဟာ နိုင်ငံရေးစကားလုံး‌တွေ ပြည့်နှက်နေဖို့ မလိုပါဘူး။ လူတစ်ယောက်ရဲ့ အတွေ့အကြုံကို ရိုးသားစွာဖော်ပြရုံနဲ့တင် လူ့အဖွဲ့အစည်းရဲ့ မပြေလည်သေးတဲ့ အနာတရတွေကို မြင်သာစေနိုင်တယ်။ ဒါကြောင့်ပဲ ရုပ်ရှင်ကို ဖန်တီးခွင့်၊ ပြသခွင့်နဲ့ လွတ်လပ်စွာ ဝေဖန်ခွင့်တို့ဟာ အနုပညာရှင်တစ်ယောက်ရဲ့ ကိုယ်ပိုင်အခွင့်အရေးတင် မဟုတ်တော့ဘဲ လူ့အဖွဲ့အစည်းတစ်ခုရဲ့အမှန်တရားကို ရှာဖွေနိုင်စွမ်းနဲ့ပါ ဆက်စပ်လာပါတယ်။

ဂျာဖာ ပနာဟီဟာ အီရန်အစိုးရနဲ့ ပဋိပက္ခဖြစ်ခဲ့တာ ဒီကားရိုက်တဲ့ မကြာ‌သေးခင်ကမှ မဟုတ်ပါဘူး။သူ့ရဲ့ရုပ်ရှင်တွေက အစိုးရနဲ့ အီရန်စနစ်ကို ဝေဖန်တယ်ဆိုတဲ့ စွဲချက်နဲ့ ၂၀၁၀ က စ ပြီး အီရန်အစိုးရက သူ့ကို ထောင်ချတယ်။ ရုပ်ရှင်ရိုက်ကူးခွင့်ပိတ်။ နိုင်ငံခြားသွားခွင့်တွေ ပိတ်၊ အကြိမ်ကြိမ်စစ်‌ဆေး။ တခြားအနုပညာရှင်တွေနဲ့ ဒါရိုက်တာတွေ တော်တော်များများ နိုင်ငံခြားကို ထွက်သွားကြပေမယ့် သူကတော့ အီရန်မှာပဲ နေခဲ့တယ်။ အီရန်အကြောင်းကိုပြောချင်ရင် အီရန်မှာပဲ နေရမယ် ဆိုတာ သူ့ယုံကြည်ချက်ပဲ။

၂၀၁၀ ခုနှစ်မှာသူဟာထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံခဲ့ရပြီး ရုပ်ရှင်ဖန်တီးမှုနဲ့ ခရီးသွားလာမှုအပေါ်လည်းကန့်သတ်ချက်တွေခံခဲ့ရတယ်။ ၂၀၂၂ ခုနှစ်မှာထပ်ပြီးဖမ်းဆီးခံခဲ့ရပြီး၂၀၂၃ ဖေဖော်ဝါရီမှာ အစာငတ်ခံဆန္ဒပြပြီးနောက် ထောင်ကနေ ပြန်လွတ်လာခဲ့တယ်။ အဲဒီတစ်ကြိမ်မှာ သူဟာ ခုနစ်လနီးပါး အကျဉ်းကျခံခဲ့ရတယ်။

သူ့ဘဝမှာ ထူးခြားတာက က ရုပ်ရှင်ရိုက်ကူးခွင့်နဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေထဲကပဲ ရုပ်ရှင်ဖန်တီးမှုကို လက်မလျှော့ခဲ့ခြင်းပါပဲ။ သူ့ရဲ့ အစောပိုင်းလက်ရာတချို့ကိုလည်း ကန့်သတ်ချက်တွေကြားကနေ ဖန်တီးခဲ့ရတယ်။ တရားဝင်ရိုက်ခွင့်မရပေမယ့် သူကတော့ ရုပ်ရှင်ရိုက်တာ ရပ်မသွားပါဘူး။ သူ့ကားတွေက အီရန်မှာပဲ ရိုက်ထားတာ။ သူ့တိုက်ခန်းမှာ၊ တက္ကစီပေါ်မှာ၊ တီဟီရန်ရပ်ကွက်တွေထဲမှာ၊ မြို့ပြင်တွေမှာ လျှို့ဝှက်ပြီး ဇာတ်ကားတွေကို ရိုက်ခဲ့တယ်။ It Was Just an Accident ကိုလည်း တီဟီရန်မှာပဲ လျှို့ဝှက်ပြီးရိုက်တာပဲ။ အများဆုံးက ကားထဲမှာ ဖြစ်မယ်။ စက်ရုံလိုနေရာတွေ၊ ရပ်ကွက်တွေထဲ၊ မြို့ပြင်လည်း တွေ့တယ်။ ဖန်တီးထားတဲ့ ဆက်တင်တွေနဲ့ စတူဒီယိုတွေထဲမှာ မဟုတ်ဘူး။ တကယ့် အစစ်ကိုပဲပြတယ်။ သိပ် သဘာဝကျပါတယ်။

၂၀၂၅ ဒီဇင်ဘာမှာ သူဟာ အီရန်နိုင်ငံပြင်ပ ရုပ်ရှင်အရောင်းမြှင့်တင်ရေးခရီးစဉ်အတွင်း ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရတယ်။ ၂၀၂၆ မတ်လမှာ အီရန်ကို ပြန်လာခဲ့ပြီး အောက်တိုဘာ၂၈ မှာတော့ သူ့ရဲ့မျက်ကွယ်မှာ နောက်ထပ် ထောင်ဒဏ်ငါးနှစ်နဲ့ တစ်လ ချမှတ်ခံခဲ့ရတယ်။ သူ့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို သိမ်းဆည်းမိန့်ထုတ်ခဲ့တယ်။

အနုပညာကို ကန့်သတ်ခဲ့ ပိတ်ပင်ခဲ့ပေမယ့် အနုပညာရှင်တစ်ယောက်ရဲ့ ဖန်တီးလိုစိတ်ဟာ အလွယ်တကူ ပျောက်ကွယ်မသွားဘူး၊ မတားဆီးနိုင်ဘူးဆိုတာကို သူ့ရဲ့ ဘဝဇာတ်ကြောင်းက အထင်အရှား သက်သေပြခဲ့တယ်။ အီရန်အကြောင်း ပြောတဲ့အခါ မြန်မာနိုင်ငံကို သတိရမိစေပါတယ်။

နိုင်ငံရေးအာဏာနဲ့ အနုပညာလွတ်လပ်ခွင့်တို့ကြားက တင်းကြပ်မှုဟာ နှစ်နိုင်ငံစလုံးမှာ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာလည်း ရုပ်ရှင်သမားတချို့ဟာ မိမိတို့ရဲ့ အမြင်နဲ့ နိုင်ငံရေးဝေဖန်ချက်တွေကြောင့် ဥပဒေရေးရာ အကျိုးဆက်တွေကို ရင်ဆိုင်ခဲ့ရတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ မြန်မာစစ်တပ်ကို ဝေဖန်တဲ့ လူမှုကွန်ရက်ပို့စ်တွေကြောင့် ၂၀၁၉ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်ကျခံခဲ့ရတယ်။ ၂၀၂၀ ဖေဖော်ဝါရီမှာ ပြစ်ဒဏ်စေ့လို့ ပြန်လွတ်လာခဲ့တယ်။

ရုပ်သံသတင်းထောက်ဟောင်းလည်းဖြစ် မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတဦးလည်းဖြစ်တဲ့ ရှင်ဒေဝီဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၄ ဇန်နဝါရီလမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မနဲ့ စစ်ခုံရုံးက တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ တရားခွင်မှာ ရှေ့နေငှားခွင့် မရခဲ့ကြောင်းလည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ၂၀၂၆ ခု ဧပြီ ၁၇ ရက်နေ့မှာ ပြန်လည်လွတ်မြောက်ခဲ့တယ်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံကို စစ်အာဏာသိမ်းပြီးတဲ့နောက် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာ ဖေမောင်စိမ်း ဟာ နွေဦးတော်လှန်ရေး ကာလ တလျှောက် မှတ်တမ်းရုပ်ရှင်ပညာနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးမှာ ပူးပေါင်းပါဝင် လှုပ်ရှားခဲ့သူဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် မေလ ၂၈ ရက်နေ့မှာတော့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဖမ်းဆီးခံခဲ့ရပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ထောင်သုံးနှစ် ချမှတ်ခံခဲ့ရပါတယ်။ ၂၀၂၄ ဩဂုတ်လမှာ ထောင်ကလွတ်လာပြီး သုံးရက်အကြာဆေးရုံမှာကွယ်လွန်ခဲ့ပါတယ်။ ထောင်တွင်းမှာ ရိုက်နှက်ခံရမှု၊ ဆေးကုသမှုမလုံလောက်မှုတို့ကြောင့် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ကြောင်း သိရပါတယ်။

ဂျပန်နိုင်ငံမှာ ကြီးပြင်းခဲ့တဲ့ မြန်မာရုပ်ရှင်သမားမောင်သိန်းဒန်ဟာ ၂၀၂၁ ခုနှစ် ဧပြီလမှာ မြန်မာနိုင်ငံအတွင်း ဖမ်းဆီးခံခဲ့ရပြီး ဆန္ဒပြလှုပ်ရှားမှုတွေကို ထောက်ခံမှုနဲ့ ဆက်စပ်တဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲခံခဲ့ရတယ်။

အီရန် နဲ့ မြန်မာတို့ရဲ့ ဥပဒေစနစ်၊ နိုင်ငံ‌ရေးသမိုင်း၊ ရုပ်ရှင်လုပ်ငန်းဖွဲ့စည်းပုံ မတူညီတဲ့အခြေအနေတွေထဲမှာပဲ ဒီဖြစ်ရပ်ဟာတွေဟာ ရုပ်ရှင်သမားတစ်ယောက်ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ အာဏာပိုင်တို့ကြားက ဖိနှိပ်မှုတွေကို မြင်သာစေခဲ့တယ်။

မြန်မာနိုင်ငံမှာလည်း အနုပညာရှင်တွေရဲ့ အတွေ့အကြုံတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ တချို့က အကျဉ်းကျခံခဲ့ရတယ်။ တချို့က နေရပ်စွန့်ခွာခဲ့ရတယ်။ တချို့က ဖန်တီးမှုကို ဆက်လုပ်နိုင်ဖို့ နည်းလမ်းအသစ်တွေ ရှာဖွေခဲ့ရတယ်။ တချို့ကတော့ အန္တရာယ်ကြောင့် လူသိရှင်ကြားမပြောနိုင်ကြဘူး။

ပနာဟီဟာ ကမ္ဘာ့ရုပ်ရှင်ပွဲတော်တွေမှာ အသိအမှတ်ပြုခံရတဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်ပါတယ်။ Cannes ရုပ်ရှင်ပွဲတော်က ဆုတံဆိပ်တခုဟာ ပနာဟီအတွက် ကြီးမားတဲ့ အသိအမှတ်ပြုမှုပဲ ဖြစ်ပါတယ်။ အဲဒီအသိအမှတ်ပြုမှုက သူ့ရဲ့အမှုတွေကို ကမ္ဘာ့အာရုံစိုက်မှုထဲ ဆွဲခေါ်လာနိုင်တယ်။ ဒါပေမဲ့ ဆုတံဆိပ်တခုဟာ ထောင်ဒဏ်ကို အလိုအလျောက် ပယ်ဖျက်ပေးနိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေ၊ ရုပ်ရှင်ဝေဖန်ရေးသမားတွေ၊ ထုတ်လုပ်သူတွေ၊ သရုပ်ဆောင်တွေ၊ ပရိသတ်တွေဟာ အနုပညာရှင်တစ်ယောက်ရဲ့ အသံကို ကမ္ဘာတစ်ဝန်း ကြားသိစေနိုင်တယ်။ သူ့ရဲ့လက်ရာကို ပြသပေးခြင်း၊ အခြေအနေကို အာရုံစိုက်စေခြင်း၊ တရားမျှတတဲ့ လုပ်ထုံးလုပ်နည်းတွေကို တောင်းဆိုခြင်းတို့ကတော့ အရေးပါတဲ့ အခန်းကဏ္ဍတွေ ဖြစ်လာနိုင်ပါတယ်။

ဒါပေမဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုကိုပဲ အားကိုးလို့လည်း မရပါဘူး။ ကမ္ဘာကျော်တဲ့ ဒါရိုက်တာတစ်ယောက်မှာတောင် အကန့်အသတ်တွေ ရှိနေတယ်ဆိုရင် လူသိနည်းတဲ့ အနုပညာရှင်တွေ၊ မလွတ်လပ်တဲ့ ရုပ်ရှင်ဖန်တီးသူတွေ၊ သတင်းမီဒီယာတွေဆီ မရောက်နိုင်တဲ့ လူတွေအတွက် အခြေအနေက ပိုခက်ခဲပါတယ်။

ဒါကြောင့် အနုပညာလွတ်လပ်ခွင့်ကို ကာကွယ်ခြင်းဟာ နာမည်ကြီးသူတစ်ယောက်အတွက်သာ လုပ်ဆောင်ရမယ့် ကိစ္စမဟုတ်ပါဘူး။ လူသိနည်းသူတယောက်ရဲ့ လက်ရာကိုလည်း တန်ဖိုးထားနိုင်ဖို့၊ အမြင်မတူသူတစ်ယောက်ကိုလည်း ပြောဆိုခွင့်ပေးဖို့၊ အနုပညာကို အာဏာရှင်နဲ့ မတူတဲ့အမြင်တစ်ခုရှိနေရုံနဲ့ ရယ်၊ အာဏာရှင်ကို ဆန့်ကျင်တာကြောင့်ရယ် အပြစ်ပေးစရာအဖြစ် မမြင်ဖို့ လိုပါတယ်။

အနုပညာရှင်တစ်ယောက်ဟာ အမြဲမှန်ကန်နေသူ မဟုတ်သလို၊ သူ့ရဲ့လက်ရာတိုင်းကိုလည်း လူတိုင်းနှစ်သက်ဖို့ မလိုဘူး။ဒါပေမဲ့သူ့အမြင်ကို သဘောမတူတာနဲ့ သူ့ရဲ့ဖန်တီးခွင့်ကို ပိတ်ပင်တာဟာ မတူညီတဲ့ ကိစ္စနှစ်ခုသာ ဖြစ်ပါတယ်။ လွတ်လပ်တဲ့ အနုပညာလောကတခုဆိုတာ အားလုံးတသဘောတည်း တွေးကြတဲ့ နေရာမဟုတ်ဘူး။ မတူညီတဲ့ အမြင်တွေ ရှိနေနိုင်ပြီး အဲဒီအမြင်တွေကို အနုပညာနဲ့ ဆွေးနွေးနိုင်တဲ့ နေရာဖြစ်နေဖို့လိုတာပါ။

It Was Just an Accident ကို ကြည့်တဲ့အခါ ရုပ်ရှင်ဇာတ်လမ်းပြီးဆုံးသွားတာနဲ့အတူ ပြီးဆုံးမသွားခဲ့ပါဘူး။ အာဏာရှင်ဟာ ဘာလဲ။ တရားမျှတမှုဆိုတာ ဘာလဲ။ အကြမ်းဖက်မှုကို မှတ်တမ်းတင်ခြင်းဟာ ဘာကြောင့် အရေးကြီးသလဲ။ လူတယောက်ရဲ့ အတိတ်ကို ဖုံးကွယ်လိုက်ရုံနဲ့ အဲဒီအတိတ်က ပျောက်ကွယ်သွားနိုင်သလား။ ဒီမေးခွန်းတွေဟာ အီရန်နိုင်ငံအတွက်သာ မဟုတ်ဘူး။ မြန်မာနိုင်ငံအတွက်လည်း အရေးကြီးပါတယ်။ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် လူ့အဖွဲ့အစည်းတခုရဲ့ အတိတ်ကို နားလည်ဖို့၊ နာကျင်မှုတွေကို မှတ်တမ်းတင်ဖို့၊ မတူညီတဲ့ အမြင်တွေကို ကြားနာဖို့၊ မတရားမှုတွေကို ဖော်ထုတ်နိုင်ဖို့ လိုအပ်နေသရွေ့ အနုပညာရဲ့ အခန်းကဏ္ဍဟာ ရှိနေဦးမှာပါ။

ရုပ်ရှင်သမားတယောက်ရဲ့ လွတ်လပ်ခွင့်ဘယ်လောက်ရှိသလဲဆိုတာ သိနိုင်ဖို့ကိုလည်း အနုပညာကို သူ လွတ်လပ်စွာဖန်တီးနိုင်သလား၊ သူ့လက်ရာကို လူတွေ ကြည့်လို့ရသလား၊ သူ့အမြင်ကို ထုတ်ဖော်နိုင်သလား၊ သူ့အပေါ် စွဲချက်တင်တဲ့အခါ မျှတတဲ့ တရားစီရင်မှုကို ရရှိနိုင်သလားဆိုတာတွေကိုပါ ကြည့်ရမှာပါ။

ဂျာဖာ ပနာဟီရဲ့ အကြောင်းက သိလိုက်ရတာ ရှိပါတယ်။အနုပညာဟာ အာဏာကို အမြဲအနိုင်ယူနိုင်တယ်လို့တော့ မဆိုနိုင်ပါဘူး။ ဆုတံဆိပ်တခုကလည်း အနုပညာရှင်တယောက်ကို အန္တရာယ်အားလုံးကနေ ကာကွယ်ပေးနိုင်တာ မဟုတ်ပါဘူး။ဒါပေမဲ့ အနုပညာဟာ လူတွေ မေးခွန်းထုတ်နိုင်ဖို့၊ မေ့ပျောက်သွားနိုင်တဲ့ အဖြစ်အပျက်တွေကို မှတ်မိနေဖို့၊ တခြားသူတစ်ယောက်ရဲ့ နာကျင်မှုကို ကိုယ်တိုင်မကြုံဖူးသော်လည်း နားလည်ဖို့၊ လူအများသိသင့်တာကို သိနိုင်စေဖို့ အခွင့်အလမ်းတခု ပေးတယ်ဆိုတာပါပဲ။

ဒါပေမယ့် အဲဒီအခွင့်အလမ်းကို ထိန်းသိမ်းထားနိုင်ဖို့ကတော့ရုပ်ရှင်သမားတွေရဲ့ တာဝန်တခုတည်းတော့မဟုတ်ပါဘူး။ ပရိသတ်တွေရဲ့ တာဝန်လည်း ဖြစ်ပါတယ်။ အနုပညာလွတ်လပ်ခွင့်ကို တန်ဖိုးထားတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာဖို့ဆိုတာ အနုပညာရှင်တွေကို ချီးကျူးရုံတခုထဲနဲ့ မပြီးပါဘူး။ သူတို့က သဘောမတူတဲ့အရာတွေကို ပြောဆိုတဲ့အခါမှာပါ နားထောင်နိုင်ဖို့ နဲ့ နားလည်နိုင်ဖို့ လိုပါတယ်။

ကင်မရာတလုံးဟာ ကမ္ဘာကြီးကို ချက်ချင်းပြောင်းလဲပစ်နိုင်ဖို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီကင်မရာက မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တခုဟာ လူတွေ မေးခွန်းမထုတ်မိခဲ့တဲ့ အရာတခုကို မေးခွန်းထုတ်လာစေနိုင်တယ်။ မမြင်နိုင် မသိနိုင်တဲ့ နေရာက လူတွေကို မြင်နိုင်၊ သိနိုင်စေပါတယ်။

ရုပ်ရှင်တစ်ကားရဲ့ တန်ဖိုးဟာ ဆုတံဆိပ်အရေအတွက်သာမက အဲဒီရုပ်ရှင်က ကြည့်ရသူကို ဘယ်လိုစဉ်းစားစေခဲ့သလဲ၊ ဘယ်လိုနားလည်စေခဲ့သလဲ၊ ဘယ်လိုမေးခွန်းတွေ ချန်ထားခဲ့သလဲဆိုတာကပါ အရေးကြီးပါတယ်။

ထောင်ဒဏ်နဲ့ ဆုတံဆိပ်ကြားမှာ ရပ်နေတဲ့ ဂျာဖာ ပနာဟီရဲ့ ဇာတ်လမ်းကနေ စဉ်းစားမိစေတာကအနုပညာရှင်တယောက်ရဲ့ အသံကို အာဏာရှင်ကတိတ်ဆိတ်စေဖို့ ကြိုးစားနေတဲ့အချိန်မှာ အဲဒီအသံကို နားထောင်ပေးမယ့် လူ့အဖွဲ့အစည်းတခု ရှိနေဖို့ရယ်၊ အနုပညာလွတ်လပ်ခွင့်ရယ်ဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာပါပဲ။ ။

ကိုးကား-The Guardian, The Associated Press (AP), Reuters, International Documentary Film Festival Amsterdam (IDFA)

ဆက်စပ်သတင်းများ