မြောက်ကိုရီးယားနဲ့ နယ်စပ်နားမှာ တောင်ကိုရီးယား စစ်သားတစ်ဦး သေဆုံးနေခဲ့တဲ့ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း တောင်ကိုရီးယားက ပြောပါတယ်။
နှစ်နိုင်ငံ နယ်စပ်နားက ချော်ဝမ်မှာရှိတဲ့ ရှေ့တန်းစခန်း တစ်ခုမှာရှိတဲ့ တပ်ကြပ်ကြီး တစ်ဦးဟာ နိုဝင်ဘာ ၂ ရက်နေ့က ပြင်ပ ဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာလို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
သေမှုသေခင်း အကြောင်းရင်းကိုတော့ မသိရသေးဘဲ စစ်ဘက်နဲ့ အရပ်ဖက် စုံစမ်းစစ်ဆေးရေး အရာရှိတွေ ပူးပေါင်း စုံစမ်းနေဆဲလို့ ဝန်ကြီးဌာနက ပြောပါတယ်။
ကိုရီးယား နှစ်နိုင်ငံကြားမှာ တင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့ အချိန်အတွင်း အခုလိုမျိုး ရှေ့တန်းရောက် တောင်ကိုရီးယား တပ်ဖွဲ့ဝင်တစ်ဦး အကြောင်းရင်း အတိအကျ မသိရတဲ့ သေဆုံးမှုကို ကြုံလာရတာပါ။

Public Service Announcement
စက်တင်ဘာ ၂၁ ရက်နေ့တုန်းက နယ်စပ်နားမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး တောင်ကိုရီးယား စစ်သည် ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ မြောက်ကိုရီးယားရဲ့ မြေမြှုပ်မိုင်းကြောင့်လို့ တောင်ပိုင်း နိုင်ငံက စွပ်စွဲခဲ့ရာက နှစ်ဖက် ဆက်ဆံရေးက ပိုမို အေးခဲလာခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး တောင်ကိုရီးယားရဲ့ မဟုတ်မမှန် လုပ်ကြံဖန်တီးမှု တစ်ခုလို့ တုံ့ပြန်ထားပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့တုန်းက တောင်ကိုရီးယား တပ်ကြပ်ကြီး သေဆုံးမှုဟာ နှစ်နိုင်ငံ နယ်စပ်တင်းမာမှုတွေနဲ့ ပတ်သက် ဆက်နွှယ်သလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
အောက်တိုဘာ လကုန်ပိုင်းတုန်းကလည်း မြောက်ကိုရီးယားက နယ်စပ်နားမှာ တောင်ဖက်ကို ချိန်ရွယ်ပြီး ဟောင်ဝစ်ဇာ အမြောက်ကြီးတွေ ဖြန့်ကျက်ထားလိုက်တာကြောင့် တောင်ကိုရီးယားမှာ ရှုမျှော်ခင်း လာကြည့်သူတွေ အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။
ကိုးကား: Reuters





















































