Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုဟာ ဒေသတွင်း၊ နိုင်ငံတကာအသိုက်အဝန်းနဲ့ ဆက်ဆံရေးတိုးမြှင့်လာချိန် မြေပြင်မှာ ရွံရှာဖွယ်ကောင်းတဲ့လုပ်ရပ်တွေ ပိုလုပ်လာနေတယ်လို့ KnHRG ထုတ်ပြန်

စစ်အုပ်စုဟာ ဒေသတွင်း၊ နိုင်ငံတကာအသိုက်အဝန်းနဲ့ ဆက်ဆံရေးတိုးမြှင့်လာချိန်မှာလည်း မြေပြင်မှာ ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်တွေ ပိုလုပ်လာနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)က ‌ဒီကနေ့ ထုတ်ပြန်ပါတယ်။

(လွိုင်ကော်မြို့နယ်ရှေ့ခြမ်းက ဝမ်ငေါ့စစ်ရှောင်စခန်းကို စစ်တပ်က ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

နို၀င်ဘာ-၂၊၂၀၂၆။ဇော်၀င်း/People’s Spring

စစ်အုပ်စုဟာ ဒေသတွင်း၊ နိုင်ငံတကာအသိုက်အဝန်းနဲ့ ဆက်ဆံရေးတိုးမြှင့်လာချိန်မှာလည်း မြေပြင်မှာ ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်တွေ ပိုလုပ်လာနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)က ‌ဒီကနေ့ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်က လွိုင်ကော်မြို့အရှေ့ခြမ်းက စစ်ဘေးရှောင်ကလေးငယ်တွေစာသင်ကျောင်းဗုံးကြဲ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ KnHRG ရဲ့ ရှုတ်ချတဲ့ကြေညာချက်မှာ အထက်ပါအတိုင်း ဖော်ပြထားပါတယ်။

အောက်တိုဘာ ၃၁ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကျောင်းသား ၃ဦး သေဆုံးခဲ့ပြီး ၅ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

Y-12 နဲ့ တိုက်လေယာဉ် အသုံးပြုပြီး စစ်တပ်က ဗုံးအလုံး ၂၀ကျော် ကြဲချခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်တွေက ၁ ဦးကလည်း စိုးရိမ်ရတဲ့ အနေအထားမှာရှိနေဆဲလို့ KnHRG က အသိပေးပါတယ်။

အဲဒီ လေကြောင်းတိုက်ခိုက်မှုက စာသင်ချိန်အတွင်း ပြလုပ်တဲ့အပြင် တိုက်ပွဲဖြစ်ပွားနေခြင်း မရှိဘဲ အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အပေါ် ရည်ရွယ်ချက်ရှိရှိ ထပ်မံတိုက်ခိုက်မှုတစ်ခုလို့ ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ဆိုပါတယ်။

သေဆုံးခဲ့တဲ့ ကျောင်းသား ၃ ဦးက တတိယတန်း ၊ ပဉ္စမတန်းနဲ့ သတ္တမတန်း ကျောင်းသူ ၂ဦး ဖြစ်ပြီး

ဒဏ်ရာရခဲ့တဲ့ ကျောင်းသား ၅ဦးက အသက် ၁၂ နှစ်နဲ့ ၁၆ နှစ်ကြား မိန်းကလေး ၄ဦး အပါအ၀င် အသက် (၉)နှစ်အရွယ် ယောကျ်ားလေး ၁ဦး ဖြစ်တယ်လို့ သိရပါတယ်။

“ခွင့်လွှတ်လို့ နားလည်းပေးရမယ့် ကိစ္စမဟုတ်ဘူး။ တရားမျှတမှုအတွက် ရှာဖွေရမယ်။‌မရ ရအောင် ကျွန်တော်တို့ ဆောင်ရွက်မယ်။ကျူးလွန်တဲ့သူအားလုံးကို တရားစီရင်မှုအောက်ပို့ဖို့ကလည်း ကျွန်တော်တို့ အားလုံးမှာ တာ၀န်ရှိတယ်”လို့ KnHRG တာ၀န်ရှိသူတစ်ဦးက စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုမှာ ကလေးငယ်တွေ သေဆုံးမှုအခြေအနေနဲ့ပတ်သက်ပြီး ပြောပါတယ်။

အခုလို ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်တွေက မြေပြင်မှာ ပုံမှန်အခြေအနေရောက်ရှိနေပြီဆိုပြီး လိမ်လည်လှည့်ဖြားတဲ့ အယောင်ဆောင်မှုအောက်က ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုက်အဝန်းတွေရဲ့ စစ်အုပ်စုနဲ့ ဆက်ဆံရေးတိုးမြှင့်လာချိန်မှာလည်း လုပ်ဆောင်နေတာလို့ KnHRG ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဆိုးရွားတဲ့အမှန်တရားက မြန်မာပြည်သူတွေဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အာဏာရှင်စနစ်အောက်မှာ ဆက်လက်ပြီး ဆင်းရဲဒုက္ခရောက်နေဆဲလို့ KnHRG က အသိပေးပါတယ်။

ပြစ်ဒဏ်ကင်းလွတ်ခွင့် အခွင့်အရေးက စစ်အုပ်စုကို တာဝန်ခံမှုမှ ရှောင်လွှဲနိုင်စေပြီး တရားမျှတမှုအတွက် ပုံမှန်ငြင်းပယ်ခံနေရကာ ထိခိုက်ခံစားနေတဲ့လူ့ အဖွဲ့အစည်းအကြား ကြီးမားပြင်းထန်ပြီး ကြာရှည်လှတဲ့ ဆင်းရဲဒုက္ခတွေကို ဖြစ်ပေါ်စေလိမ့်မယ်လို့လည်း သတိပေးပါတယ်။

လက်ရှိမြေပြင် အခြေအနေတွေနဲ့ စစ်တပ်ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကိုလွှဲပြောင်းပေးတာတွေ၊ နှစ်ပေါင်းများစွာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူး လွန်မှုတွေ အတွက် စစ်တပ်က တာဝန်ခံမှုရှိစေဖို့ ဒေသတွင်း ဦးဆောင်တဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အကြမ်းဖက်မှုတွေကို ရပ်တန့်အောင် နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် ၅နှစ်ကျော်ကြာမြင့်လာပြီဖြစ်ရာ ကမ္ဘာ့ခေါင်းဆောင်တွေဟာ မြေပြင်မှာ ပိုမိုဆိုးရွားလာတဲ့ အကျပ်အတည်းကို လိုအပ်တဲ့အရေးပေါ်အခြေအနေနဲ့ အညီ တုံ့ပြန်ဖို့လည်း အသိပေးပါတယ်။

ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်း၊ဒရုန်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်ပြည်သူ ၂၆ ဦး သေဆုံးခဲ့ရတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။

ဒေသခံပြည်သူ ၂သိန်းကျော်ပဲရှိတဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေအနည်းဆုံး ပြည်နယ်ဖြစ်တဲ့ ကရင်နီပြည်မှာ နေရပ်စွန့်ခွာနေရတဲ့ ပြည်သူ တစ်သိန်းခွဲ၀န်းကျင်ရှိပြီး စစ်ရှောင်စခန်း ၅၀၀ ကျော်မှာ နေထိုင်နေရတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ဩဂုတ်က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ