နိုဝင်ဘာ-၂၊ ၂၀၂၆။ဟာနာဆန်/People’s Spring
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရက်ရှေ့တိုးလိုက်လို့ သွားရောက်လည်ပတ်ဖို့ စီစဥ်ထားသူတွေ ကမောက်ကမဖြစ်နေကြောင်း သိရပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို မူလက နိုဝင်ဘာ ၁၈ ရက်ကနေ စတင်ကျင်းပဖို့ စီစဥ် ထားပေမဲ့ ယခုအခါ နိုဝင်ဘာ ၁၆ ရက်ကနေ ဖွင့်ပွဲကျင်းပသွားမယ်လို့ ပွဲကျင်းပရေးကော်မတီက အသိပေးခဲ့ပါတယ်။ ဒီနှစ်မှာ လွှတ်တင်မယ့် မီးပုံးပျံ အရေအတွက် များပြားလာတာကြောင့် ဖွင့်ပွဲရက်ကို ရှေ့ ၂ ရက်တိုးကာ ပြောင်းလဲ သတ်မှတ်လိုက်တာ ဖြစ်ကြောင်း သိရပါတယ်။
တောင်ကြီးတန်ဆောင်တိုင် လာကြမယ့်သူတွေဟာ ဖွင့်ပွဲကို အမီလာကြတာကြောင့် ယခုလို ဖွင့်ပွဲရက် ရှေ့တိုးလိုက်တဲ့အတွက် ကမောက်ကမဖြစ်နေကြောင်း သွားဖို့စီစဥ်ထားသူတွေက ပြောပါတယ်။

Public Service Announcement
“ရက်ပြောင်းမယ်ဆိုတာ အစောကတည်းက မကြေညာဘူး။ အခု ဟိုတယ်တွေက ရက်ရွှေ့လို့မရတော့ဘူး”လို့ သွားဖို့စီစဥ်ထားသူတစ်ဦးက ပြောပါတယ်။
ခုလို ရက်တိုးလိုက်တာဟာ လေလံဆွဲထားတဲ့ ဆိုင်ခန်းတွေ အရင်းကျေစေဖို့၊ ဟိုတယ်တွေနဲ့ ဈေးသည်တွေ အမြတ်ကျန်အောင် စီစဥ်ပေးတဲ့ သဘောမျိုးဖြစ်နိုင်ကြောင်း ဒေသခံအချို့က သုံးသပ်နေကြပါတယ်။
“ဌာနဆိုင်ရာတို့ ဂေါပကတို့ အိတ်ကပ်ဖောင်းဖို့အရေးပါ။ဈေးသည်တွေအတွက် ပွဲအကြီးတွေက ဒီနှစ်က အမြတ် ခိုင်ဖို့ တော်တော်လုပ်ယူရမှာဆိုတော့ သူတို့ပေါင်းညှိကြတာ”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
မီးပုံးပျံပြိုင်ပွဲကိုတော့ နိုဝင်ဘာ ၁၆ ရက်ကနေ ၂၄ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ဆုပေးပွဲနဲ့ ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်မှာ ပြုလုပ်သွားမှာပါ။ နေ့လွှတ်အရုပ်တွေကိုတော့ ဖွင့်ပွဲမတိုင်မီ နိုဝင်ဘာ ၁၃ ရက်ကတည်းက စတင်ယှဥ်ပြိုင် လွှတ်တင်သွားမယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်အေးချမ်းသယောင် အခြေအနေမျိုး ပြသဖို့အတွက် မနှစ်က သီတင်းကျွတ်ကာလကတည်းက ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ပွဲတော်တွေကို ပြုလုပ်စေခဲ့တာ ဖြစ်ပါတယ်။





















































