Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်းတွေလွတ်မြောက်ရေး Free Her ကမ်ပိန်းမှာ ဆက်လက်ပါဝင်ကြဖို့ ကင်မ် တောင်းဆို

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောခွင့်ရခဲ့ပေမယ့် ပုံမှန်ဆက်သွယ်ခွင့်မရသေးတာကြောင့် မိခင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး Free Her ကမ်ပိန်းမှာ ဆက်လက်ပါဝင်ပေးဖို့ သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်ကတောင်းဆိုထားပါတယ်။

နိုဝင်ဘာ-၂၊၂၀၂၆။တေဇ/People’s Spring

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောခွင့်ရခဲ့ပေမယ့် ပုံမှန်ဆက်သွယ်ခွင့်မရသေးတာကြောင့် မိခင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး Free Her ကမ်ပိန်းမှာ ဆက်လက်ပါဝင်ပေးဖို့ သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်ကတောင်းဆိုထားပါတယ်။

“မေမေ့အသံကို ကြားခဲ့ရတာနဲ့ပဲ မေမေ ဘေးကင်းတယ်၊ လွတ်လပ်နေတယ်၊ ဆေးကုသမှု မလိုတော့ဘူးလို့ မဆိုနိုင်ပါဘူး။အဲဒီဖုန်းတစ်ကြိမ် ပြောပြီးကတည်းက မေမေ့အကြောင်း ဘာသတင်းမှ ထပ်မရသေးသလို မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်ရဖို့လည်း အာမခံချက် မရှိသေးပါဘူး။” လို့ လက်ရှိအခြေအနေကို ကင်မ်ကရင်ဖွင့်ထားပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နိုင်ငံတကာရဲ့ဖိအားတွေ လျော့ချနိုင်ဖို့ မိခင်ဖြစ်သူကို အသုံးချနေတာဖြစ်ပြီး မိခင်ဖြစ်သူ နဲ့ နိုင်ကျဉ်းတွေ လွတ်မြောက်ရေး Free Her ကမ်ပိန်းမှာဆက်လက်ပါဝင်ပေးဖို့ ကင်မ်ကတောင်းဆိုထားတာပါ။

Public Service Announcement

Public Service Announcement

“မင်းအောင်လှိုင်ကို ကြိုဆိုနေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို မေးချင်ပါတယ်။ သူ့ကို အသိအမှတ်ပြုပေးထိုက်အောင် သူကဘာတွေ လက်တွေ့လုပ်ဆောင်ပြခဲ့လို့ပါလဲ။” ကင်မ်က မေးခွန်းထုတ်ထားပါတယ်။

ကင်မ်က မိခင်ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်းပြသပေးဖို့ Proof Of Life ကမ်ပိန်းပြုလုပ်ချိန်မှာ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အသက်ရှင်ကြောင်း ဓာတ်ပုံထုတ်ပြခဲ့ပါတယ်။

အဲဒီနောက် ‌နောက်တစ်ဆင့်အနေနဲ့ မိခင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ Free Her ကမ်ပိန်းကိုဆက်လက်လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်တပ်အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်ကာလအတွင်းမှာ မိခင်နဲ့ ဖုန်းပြောခွင့်ရခဲ့ပါတယ်။

“ဖုန်းတစ်ကြိမ် ပြောခွင့်ရတာ တိုးတက်မှု မဟုတ်ပါဘူး။ အသိအမှတ်မပြုခင် တာဝန်ခံမှု ရှိရပါမယ်။မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့ ကျွန်တော်နဲ့အတူ FREE HER လှုပ်ရှားမှုမှာ ပါဝင်ပေးကြပါ။”လို့ ကင်မ်က တောင်းဆိုထားပါတယ်။

Free Her လှုပ်ရှားမှုမှာပါဝင်လိုသူတွေအနေနဲ့ https://free-her-aung-san-suu-kyi-campaign.pages.dev/ ကနေဝင်ရောက်ပြီး Postcard ကို ‌Download ပြုလုပ်ကာသက်ဆိုင်ရာ သံရုံးတွေနဲ့ ဆိုရှယ်မီဒီယာတွေမှာ မျှဝေကာပါဝင်ပေးဖို့ တိုက်တွန်းထားပါတယ်။

Proof Of Life ကမ်ပိန်းပြုလုပ်ချိန်က ပြည်တွင်းပြည်ပက ပါဝင်ပေးခဲ့ကြပြီး Free Her ကမ်ပိန်းအတွက်လည်း ပြည်သူတွေက ပြည်တွင်းနဲ့ နိုင်ငံတကာမှာ တောင်းဆိုမှုတွေ ဆက်တိုက်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ