နိုဝင်ဘာ-၂၊ ၂၀၂၆။ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့ကြောင်း ရာမည မွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၃၁ရက် မနက်ပိုင်းက ရေးမြို့နယ် ဒူးရားကျေးရွာဘက် ဝင်ရောက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ ခမရ(၅၈၆)နဲ့ ခမရ(၂၉၉)တပ်ရင်းက အင်အား ၅၀ ခန့်ပါစစ်ကြောင်းကို မိုင်းနဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်း စစ်တပ်က တပ်ကြပ်ကြီး အပါအဝင် ၃ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပြီး RMA တပ်ဘက်က အထိအခိုက်မရှိ ဆုတ်ခွာခဲ့ဟု အသိပေးပါတယ်။

Public Service Announcement
မွန်တပ် RMA ဟာ အောက်တိုဘာလအတွင်းမှာ မွန်ပြည်နယ် ရေးမြို့နယ်၊ ကျိုက်မရောမြို့နယ်နဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ စစ်တပ်ကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့ပါတယ်။
အဲဒီလို စစ်ရေးဖော်ဆောင်တာဟာ စစ်တပ်က ဒေသတွင်း စစ်ရေးစိုးမိုးဖို့ ကြိုးပမ်းလာတာကို ဟန့်တားနိုင်ဖို့ ဖြစ်တယ်လို့ RMA ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောပါတယ်။
အောက်တိုဘာ ၃၁ရက်မှာ ကြာအင်းဆိပ်ကြီးမြို့နယ် ကျွန်းရွာက အင်အား ၄၀ခန့် တပ်စွဲထားတဲ့ စစ်တပ်ကို RMAက တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ စစ်တပ်က သေဆုံးထိခိုက်ရှိခဲ့သလို RMA ရဲဘော် ၁ဦးလည်း ကျဆုံးခဲ့ရကြောင်း အသိပေးထားပါတယ်။
မွန်တပ် RMAဟာ တစ်ဖွဲ့တည်းစစ်ရေးဖော်ဆောင်မှုတွေ ရှိသလို ဒေသတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်တွေနဲ့လည်း အတူတကွ ပူးပေါင်းစစ်ရေးဖော်ဆောင်မှုတွေလည်းရှိပါတယ်။





















































