နိုဝင်ဘာ-၂၊၂၀၂၆။ခိုင်မြတ်/People’s Spring
ကျောက်ဖြူနဲ့ စစ်တွေတိုက်ပွဲတွေမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ကကျောက် ဖြူမြို့နယ် စနဲမင်းပြင်ရွာဝန်းကျင်ရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းကိုဒီနေ့ ဗုံးကြဲခဲ့တာကြောင့်စစ်ရှောင်ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ၂ ရက်၊ နေ့လယ် ၁၂ နာရီကျော်အချိန်မှာ စနဲမင်းပြင်ရွာအနီးရှိ စစ်ဘေးရှောင်တွေ နေထိုင်တဲ့နေရာကို ဂျိုင်ရိုကော်ပတာ ၁စီးနဲ့ဗုံးနှစ်လုံးလာကြဲသွားခဲ့တာဖြစ်ပါတယ်။
“စစ်ဘေးရှောင်တွေနေတဲ့နေရာပါ၊ စစ်ရှောင်စခန်းတည့်တည့်ကျတယ်။အိမ်တွေလည်း ပျက်သွားပါတယ်။မနေ့ ကလည်း ကြဲတယ်။ ဒီနေ့ပါ ထပ်ကြဲတာပါ”လို့ ကျောက်ဖြူမြို့နယ်မှ လူမှုကူညီရေးလုပ်နေသူတဦးက ပြောပါ တယ်။

Public Service Announcement
စစ်တပ်ဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ထိခိုက်၊ သေဆုံးရတဲ့အပြင် နွား ၁ ကောင်သေဆုံးခဲ့သလို ၁ကောင်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ စစ်တပ်ကနိုဝင်ဘာ ၁ ရက်နေ့ကလည်း စနဲမင်းပြင်ရွာကို ဗုံးကြဲခဲ့ပြီး အရပ်သားပြည်သူ ၁၁ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါသေးတယ်။
ဒါ့အပြင် ရခိုင်တပြည်နယ်လုံးနီးပါးက လူနာတွေအတွက်အဓိကအားထားရာ မြောက်ဦးဆေးရုံ၊ ကျောက်တော်မြို့ နယ် ဝါးတောင်ရွာထိပ်ရှိ ယိုးချောင်းတံတား၊ ပေါက်တောမြို့နယ် ရွာချောင်းကြီးရွာတို့ကိုလည်း နိုဝင်ဘာ ၁ ရက် က ဗုံးကြဲခဲ့ပြီး လသားအရွယ်ကလေးငယ်အပါအဝင် ၁၃ ဦးထက်မနည်း သေဆုံးပြီး၂၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပေါက်တောမြို့နယ်ငပြီကျွန်းကမ်းတက်တိုက်ပွဲ၊စစ်တွေ၊ကျောက်ဖြူမြို့နယ်တို့အတွင်း က တိုက်ပွဲတွေမှာ အထိနာအကျအဆုံးများပြီး တပ်စခန်းတွေ လက်လွှတ်နေရချိန် အခုလို အရပ်သားလူနေကျေးရွာ တွေကိုပါ မချန်ဗုံးကြဲနေတာဖြစ်ပါတယ်။
စစ်တပ်ကငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့ပေမယ့် ကမ်းပေါ်ကစစ်တပ်ယာယီခြေကုတ်နေရာအားလုံးကို အာရက္ခတပ်တော် (AA)က တန်ပြန်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့သလို ကမ်းခြေတိုက်ပွဲတွေမှာလည်း စစ်တပ်သေဆုံးထိခိုက်မှုများပြီး အထိနာခဲ့ပါတယ်။
စစ်တွေမြို့နယ်အတွင်းက စစ်တပ်စခန်း ၁၃ ခု၊ ကျောက်ဖြူမြို့နယ် အတွင်းက တပ်စခန်း ၂ ခုထက်မနည်းကိုလည်း AAကထပ်မံ သိမ်းပိုက်ထားပါတယ်။ဒါ့အပြင် စစ်တွေတိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်သင်္ဘော ၅ စီးထက်မနည်းဟာလည်း AA ရဲ့တိုက်ခိုက်မှုကြောင့်ထိခိုက်၊ ပျက်စီးခဲ့ပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ နိုဝင်ဘာ ၂ ရက်နေ့ထိ နှစ်လနီးပါးအတွင်း စစ်တပ်လက်ချက်ကြောင့် ရခိုင်ပြည်နယ်မှာဒေသခံပြည်သူ ၁၂၁ ဦး သေဆုံးခဲ့ပြီးဒဏ်ရာရသူ ၂၁၉ ဦးထက်မနည်း ရှိနေပြီပါတယ်။





















































