ခိုင်မြတ်/ People’s Spring
အမွှာ ညီအစ်မ နှစ်ဦးလူဘဝထဲရောက်လာပြီး ရက်ပိုင်းမှာပဲ မိခင်သေဆုံး ။ဖခင် နဲ့ မိသားစုက ဆင်းရဲလွန်းတာကြောင့် အမွှာ ၁ ဦးကို မွှေးစားနိုင်သူကိုပေးလိုက်ပြီး မွေးစားသူမရှိဘဲ အဟာရချိုးငဲ့လွန်းတာကြောင့် နေမကောင်းခဲ့တဲ့ ကလေးငယ်လေး ။ တစ်လ နဲ့ ၇ ရက်( ၃၈ ရက်သား)မှာ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့စစ်တပ်ကဗုံးကြဲလို့ ကွယ်လွန်ခဲ့ရရှာပါတယ်။ လူဘဝရောက်လာပြီး အမည်လေးတောင် မရလိုက်သေးတဲ့ ကလေးငယ်လေး မြန်မာနိူင်ငံအနောက်ပိုင်းတစ်နေရာမှာ နိုဝင်ဘာ ၁ ရက်ညနေက ပျောက်ကွယ်သွားပါတယ် ။
နိုဝင်ဘာ ၁ ရက် နေဝင်ခါနီးမှာ မြောက်ဦးမြို့က ယာယီဆေးပေးခန်းနဲ့ သားဖွားဆောင်ဆီကို အာဏာသိမ်းစစ်တပ် က ဂျက်ဖိုက်တာနှစ်စီးနဲ့ ကလက်စတာ(Cluster) ဗုံး ၄ လုံးကြဲသွားခဲ့ပါတယ်။ အရပ်သားပြည်သူတွေကို ထိခိုက်မှုလက်နက်ဖြစ်တာကြောင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (IHL)အရ တားမြစ်ထားတဲ့ကလက်စတာဗုံးကိုစစ်တပ်က ကြဲခဲ့တာဖြစ်ပါတယ် ။
စစ်တပ်ဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တုန်းကလည်း မြောက်ဦးပြည်သူ့ဆေးရုံကြီးကို ဗုံးကြဲဖျက်ဆီးခဲ့ပြီးပါပြီ။ အခုလည်း အ သက်လုခိုလှုံကုသနေရတဲ့ ယာယီဆေးပေးခန်းလေးကိုပါ စစ်တပ်က ဗုံးထပ်ကြဲပြီးလူသတ်ပွဲထပ်လုပ်ခဲ့ပါတယ်။

Public Service Announcement
သေဆုံးသွားသူတွေထဲမှာ လူ့ဘဝကို တလကျော်ကျော်လေးပဲ တွေ့ကြုံလိုက်ရသေးတဲ့၊ အမည်တောင်မပေးရတဲ့ မိန်းကလေးငယ်လေး တယောက်လည်း ပါသွားခဲ့တာပါ။
ကလေးငယ်လေးကို ၂၀၂၆ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့က တောင်ကုတ်မြို့နယ်မှာ မွေးဖွားခဲ့တဲ့ ဖခင်ဦးကျော်ကြီးနဲ့ ဒေါ်ခင်မာဝင်းတို့ရဲ့ အမြွှာသမီးလေးနှစ်ယောက်အနက်က တစ်ယောက်ဖြစ်ပါတယ်။ မိခင်ဖြစ်သူဟာ ကိုယ်ဝန်ဆောင်ထားစဉ်ကတည်းက အဟာရဖြစ်မယ့် အစားအစာတွေကို ဝဝလင်လင် မစားခဲ့ရ တာကြောင့် အမြွှာသမီးလေးနှစ်ဦးမွေးဖွားပြီး ခြောက်ရက်အကြာ အောက်တိုဘာ၁ရက်နေ့မှာပဲကွယ်လွန်သွားခဲ့ပါတယ်။
မိခင်ကွယ်လွန်သွားတော့ ဖခင်ဖြစ်သူမှာ အရူးတပိုင်းဖြစ်ကျန်ရစ်ကာကျန်ရစ်တဲ့ ရက်သားအရွယ် အမြွှာသမီးငယ် လေးနှစ်ဦးနဲ့ သုံးနှစ်အရွယ် သားကြီးတို့ကို စစ်ဘေးနဲ့ ဆင်းရဲဒုက္ခတွေကြားမှာ ခက်ခဲပင်ပန်းစွာနဲ့ ရုန်းကန်စောင့် ရှောက်ခဲ့ရှာပါတယ်။
“ဖခင်မှာလည်း အရူးတပိုင်း၊ ရှေ့မှာလည်း လူမမည် ၃ နှစ်အရွယ် ကလေးတဦးရှိနေသေးတယ်။ ကလေးအမြွှာလေးကို အဖွားကပဲ ကြည့်ရှုစောင့်ရှောက်ထားရတယ်။ အဖွားကလည်း တောသူတောင်သားတွေဆိုတော့ ကလေးကို နို့မှုန့်ဖိုး၊တခြားစရိတ်စကနဲ့ဆို ဒီအခြေအနေမှာ ကြည့်ရှုစောင့်ရှောက်ဖို့က မလွယ်။ ဒီလိုနဲ့ ဒီကလေးတွေကို မွေး စားဖို့ လူရှိရင် ပေးဖို့ဖြစ်လာတယ်”လို့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။
ဒါပေမယ့် မိခင်မရှိတော့တဲ့ ရက်သား သမီးငယ်လေးတွေအတွက်နို့မှုန့်ဖိုးမတတ်နိုင်၊ ဝမ်းရေးတဖက်နဲ့ ရုန်းကန်နေရတာမို့ ကလေးစရိတ်မတတ်နိုင်တာကြောင့် ရင်နာစွာနဲ့ပဲ သူ့သမီးလေးနှစ်ဦးကို မွေးစားမယ့်သူတွေ လိုက်ရှာခဲ့ရပါတယ်။ အမြွှာနှစ်ဦးထဲက တဦးကိုတော့ သားသမီးမရလို့ လိုချင်နေတဲ့မိသားစုတစုက မွေးစားဖို့ ယူသွားခဲ့ပါတယ်။သမီးလေးတဦးကတော့ ကျန်နေခဲ့ပါတယ်။
အဲဒီကျန်နေခဲ့တဲ့ ကလေးငယ်ဟာလည်း မိခင်နို့မစို့ရ၊ အဖွားနဲ့ ဖခင်ဖြစ်သူတို့ကလည်း ငွေရေးကြေးရေး အဆင်မ ပြေတော့ နို့မှုန့်ဖိုး မတတ်နိုင်၊ ကလေးမလေး ကျန်းမာရေး ချူချာလာခဲ့တော့ မွေးစားမယ့်သူမရှိသေးခင် စာရေးဆ ရာဝေဟင်အောင်တို့က ကူညီစောင့်ရှောက်ခဲ့ပါတယ်။
“အဲဒီဘက်(တောင်ကုတ်)က အမျိုးသမီးတဦးက ကျွန်တော့်ဆီကို လှမ်းပြီးတော့ အကူအညီတောင်းတယ်။ကလေးက ဒီအတိုင်းထားရင် သေသွားနိုင်တယ်။ အခက်အခဲတွေကြားထဲမှာ ဂရုစိုက်မွေးစားဖို့က မလွယ်ဘူး။ ဒီလိုနဲ့ လောလောဆယ် ဒီကလေးကို မွေးစားဖို့လူ မရှိတဲ့အချိန်မှာ ကျွန်တော်တို့ကပဲ ကူညီစောင့်ရှောက်ထားမယ်ဆိုပြီး စီစဉ်ပေးထားတယ်” လို့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။
“ကလေးကရောက်ကတည်းကနေမကောင်းဘူး။နို့မ၀တာရယ်နဲ့ မိခင်ရင်ခွင်မဲ့တာနဲ့ ကလေးက အကြောင်းဆိုးရှာပါတယ်။ ဒီရက်ပိုင်းမှာ ကလေးက ကျန်းမာရေး ပိုချူချာလာတယ်။ အဲဒါနဲ့ မြောက်ဦးမြို့၊ ကလေးဆေးရုံ (အခုဗုံးကြဲ ခံရတဲ့ဆေးရုံ)ကိုတင်ထားရတယ်” လို့ သူကပြောပြပါတယ်။
အဲဒီလိုနဲ့ နိုဝင်ဘာလ ၁ ရက်နေ့ ညနေခင်းဆည်းဆာချိန်မှာတော့ အရပ်သား၊ ကလေးတွေ၊ လူနာတွေပါမချန် ဗုံးကြဲ သတ်တဲ့ စစ်တပ်က အဲဒီကလေးငယ် ဆေးရုံတက်နေရတဲ့ မြောက်ဦးမြို့ယာယီဆေးရုံကို နိူင်ငံတကာက တားမြစ်ထားတဲ့ ကလက်စတာဗုံးကြဲပါတော့တယ်။ ဗုံးကြဲ ချိန် လူနာတွေ၊ ဆေးရုံအနီးဆိုင်ရောင်းနေသူတွေ သေဆုံးခဲ့ပြီး ကလေးငယ်ဟာလည်း တုန်ခါမှုဒဏ်မခံနိုင်ဘဲ သေဆုံး သွားခဲ့ရရှာပါတယ်။
လူဘဝထဲရောက်လာပြီး အမည်တခုတောင် မရသေးတဲ့ မွေးကတည်းက ခက်ခက်ခဲခဲ ဆင်းရဲပင်ပန်းစွာ နေ လာခဲ့ရတဲ့ အဲဒီကလေးငယ်ဟာ ၁ လနဲ့ ၆ ရက်အကြာမှာပဲ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ စစ်တပ်လက်ချက် နဲ့ ကြွေလွှင့်ခဲ့ရပါတယ်။
မြောက်ဦးမြို့၊ ယာယီသားဖွားဆေးရုံဗုံးကြဲမှုကြောင့် အမည်မဲ့ကလေးငယ်လေးအပါအဝင် ပြည်သူ ၅ ဦး သေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူ ၉ ဦးထဲမှာပြင်းထန်သူတွေလည်း ရှိနေလို့ အသက် အန္တရာယ်ကိုစိုးရိမ်နေရပါသေးတယ်။မိန်းကလေးငယ်အပြင်သေဆုံးသူ လေးဦးမှာ အမျိုးသမီးလေးဦး၊ အမျိုးသားတဦးတို့ဖြစ်တယ်။
စစ်တပ် ဗုံးလာကြဲချိန် အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလးငယ်တွေအများစုရှိနေတဲ့ အဲဒီဆေးရုံမှာ ၀ရုန်း သုန်းကားဖြစ်သွားပြီး လူနာတွေရော လူနာစောင့်တွေရော ကမန်းထမန်းထပြေးကြပါတယ်။အဲဒီထဲမှာ အောက်ဆီဂျင်ဘူး ချိတ်လျက် ပိုက်တန်းလန်းနဲ့ လူနာတွေ၊ မွေးကာစ ရင်သွေးငယ်တွေကို ပိုက်ထားတဲ့ မိခင်တွေ၊ မွေးဖွားခါနီး ကိုယ်ဝန်ဆောင်တွေ အများအပြားပါဝင်တယ်လို့ မြောက်ဦးမြို့ခံ လူငယ်တဦးက ပြောပါတယ်။
“ဗုံးကြဲတော့ ကြောက်အားလန့်အားနဲ့ ထပြေး ရင်းသေသွားတဲ့သူတွေလည်းရှိတယ်။ ဆေးရုံကို ဗုံးကြဲတာနော်၊ဆေးရုံမှာတောင်မှ ကိုယ်ဝန်ဆောင်တွေ၊ ကလေးတွေပဲရှိတဲ့ဆေးရုံ” လို့ စစ်တပ်ဗုံးကြဲခဲ့တဲ့ဆေးရုံရှိရာ မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်မှ အမျိုးသမီးတဦးက ပြောပါတယ်။
စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံး၊ ထိခိုက်သွားသူတွေထဲမှာ ဆေးရုံတက်လူနာတွေ၊ ဝန်ထမ်းတွေ၊ လူနာစောင့်တွေ အပြင် ဆေးရုံအနီး ထမင်းရောင်းနေတဲ့ မိသားစုလည်း ပါဝင်ပါတယ်။
“ဂျက်လာတယ်ဆိုတာနဲ့သူတို့ဟာအိမ်မှာပဲ ထမင်းဆိုင်ရောင်းတယ်။ အသံကြားတာနဲ့ ဂျက်က ချလိုက်တာနဲ့ သူ တို့ ဆိုင်ခန်းနားမှာ ကျတယ်။သူတို့မှာ မိသားစု ငါးယောက်ရှိယောက်တယ်။ ငါးယောက်မှာ အမေနဲ့ အဖေက ပါသွားတယ်။ နောက်သမီးနဲ့ သမက်၊ မြေး၊ သုံးယောက်က ဒဏ်ရာရတယ်။ သမီးမှာ ဦးခေါင်းမှာ ဒဏ်ရာပြင်း ထန် တယ်။ သမက်မှာကတော့ ပေါင်မှာ၊ ကလေးမှာလည်း အစတွေထိမှန်သွားတယ်။ သမီးကတော့ စိုးရိမ်ရတယ်” လို့ ဆေးရုံအနီး ထမင်ဆိုင်းရောင်းနေတဲ့ မိသားစု သေဆုံးခဲ့ရတဲ့အကြောင်း သေဆုံးသွားသူအမျိုးသမီးရဲ့မောင် ဦး မောင်ဘစိုးက ပြောပါတယ်။
ဒါ့အပြင် ဆေးရုံတက်နေတဲ့ လူနာတွေ၊ လူနာစောင့်တွေ၊ ဝန်ထမ်းတွေထဲကလည်း သေဆုံး၊ ဒဏ်ရာရသူတွေ ရှိခဲ့ ပါတယ်။
“အခုက ပြည်သူလူထုကိုပဲပစ်မှတ်ထားတယ် စစ်ကောင်စီမှာ။ ကိုယ့်အိမ်မှာ ကိုယ်နေလို့ ကိုယ့်အိမ်မှာကိုယ် ထမင်း ဆိုင်ရောင်းနေတာမှာ အခုသေတဲ့လူလည်းပွဲချင်းပြီးနှစ်ယောက်သေတယ်။ဒဏ်ရာရတဲ့လူမှာလည်း ကိုယ့်မှာနေလို့ ဒဏ်ရာရတာ။အဲဒါကြောင့် စစ်ကောင်စီကိုတော့ မလိုလားချင်ဘူး” လို့ ဦးမောင်ဘစိုးက ပြောပါတယ်။
စစ်တပ်ဟာ သားဖွားဆေးရုံမှန်း သိသိနဲ့ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတာဖြစ်တယ်လို့ သေဆုံးသွားရသူတွေ ရဲ့ နောက်ထပ် မိသားစုဝင်တဦးက ပြောပါတယ်။ “သားဖွားဆေးရုံရှိတယ်ဆိုပြီးတော့ သူတို့ ဗုံးလာကြဲတာထင် တယ်။ သူတို့ သိလို့ လာကြဲတာပါ။ ဒီလောက် အရေးကြီးတဲ့ ကလေး၊ အငယ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်တာကို ဘယ်လိုခံသာမလဲ” လို့ သူက ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်းက နေရာအားလုံးနီးပါးကို လက်လွှတ်ထားရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခု ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့)မှာလည်း မြောက်ဦးပြည်သူ့ဆေးရုံကြီး(ယခင်ဆေးရုံ နေရာ)ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ပါတယ် ။ လူနာ၊ လူနာစောင့်နဲ့ ဝန်ထမ်းစတဲ့ အပြစ်မဲ့အရပ်သားပြည်သူ ၃၄ ဦး သေဆုံးပြီး ၇၆ ဦး ဒဏ်ရာရကာ ဆေးရုံတခုလုံးလည်း လုံး၀ပျက်စီးသွားခဲ့ပါတယ်။
အဲဒီလို မူလဆေးရုံကြီးပျက်စီးသွားခဲ့တာကြောင့်နောက်ထပ်လုံခြုံနိုင်မယ့်နေရာတခုမှာ သိုဝှက်ပြီး ယာယီဆေးရုံဖွင့်ထားခဲ့တာကို အဲဒီဆေးရုံသစ်ကိုပါ စစ်တပ်က ဗုံးထပ်ကြဲခဲ့တာဖြစ်ပါတယ်။ ဒီဆေးရုံဟာ ရခိုင်တပြည်လုံး နီးပါးက လူနာတွေ လာရောက်ကုသကြပြီး အားထားရတဲ့ ဆေးရုံသစ်တခုဖြစ်ပါတယ်။
“ဆေးရုံမရှိတဲ့ကြားထဲမှာ ဒီဆေးရုံက အားကိုးရတယ်။ဒါတခုပဲရှိတာ။ကလေးမွေးဖို့၊ကလေးနေမကောင်းတာတို့ ဆိုရင် အကုန်လုံး ဒီကိုပဲ လာရတယ်။ အခု ဒီလိုဗုံးကြဲလိုက်တော့ ဘယ်ကို သွားကုရမလဲမသိဘူ။ ဆေးရုံသစ်ထပ် လုပ်ရင်လည်း ဆေးသွားကုဖို့၊ ဆေးရုံသွားပြဖို့က ကြောက်ဖို့ကောင်းနေပြီ” လို့ ပေါက်တောမြို့နယ်မှ ကလေးမိခင် တဦးက ပြောပါတယ်။
ဆရာဝန်အင်အားမလုံလောက်၊ဆေးဝါးလိုအပ်ချက်ရှိနေတဲ့ရခိုင်ပြည်နယ်ထဲမှာ စစ်တပ်က အခုလိုမျိုး ဆေးရုံ၊ ဆေးခန်းနေရာတွေကို ဗုံးကြဲတာတွေဆက်တိုက်ရှိနေတာကြောင့် ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ ကြီးမားတဲ့အခက်အခဲတွေ ကြုံနေကြရတာဖြစ်ပါတယ်။
“ဆေးခန်းဖွင့်ရင်တောင်လူမသိအောင် လျှို့ဝှက်ပြီးတော့ လုပ်ရတယ်။ ရွာတွေ၊ မြို့တွေမှာလည်းအဲဒီလိုပဲ။အလုပ် လုပ်ရတာ မလွယ်ဘူး။ ဆေးရုံမှာ အလုပ်လုပ်နေရတာ ကြောက်တာပေ့ါ။ ဒါပေမယ့် ပြည်သူတွေအတွက် လုပ်ရတာ ပဲလေ”လို့ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတဦးက ပြောပါတယ်။
စစ်တပ်ဟာ တိုက်ပွဲမှာ အထိနာရင်၊ စစ်ရှုံးလာရင် ပြည်သူကို ရည်ရွယ်ချက်ရှိရှိ လာရောက်သတ်ဖြတ်ပြတတ်တဲ့ သူ့ရဲ့ဗီဇကို ထပ်ခါထပ်ခါ ထုတ်ပြနေတာဖြစ်ပါတယ်။ စစ်တပ်ဟာ မြောက်ဦးဆေးရုံအပြင် မင်းပြားမြို့နယ်အတွင်း မင်းဖူးဆေးရုံ၊ အခြားမြို့နယ်တွေက ဆေးပေးခန်းတွေကိုလည်းဗုံးကြဲခဲ့ဖူးပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်က ရခိုင်ပြည်နယ်မှာတန်ပြန်ထိုးစစ် ပြန်အရှိန်တင်တဲ့ စက်တင်ဘာ ၄ ရက်နေ့ကနေ နိုဝင်ဘာ ၂ ရက်နေ့ ထိ နှစ်လနီးပါးအတွင်းစစ်တပ်လက်ချက်ကြောင့်သေဆုံးရတဲ့ ပြည်သူ ၁၂၁ ဦးနဲ့ ထိခိုက် ဒဏ်ရာရသူ ၂၁၉ ဦးထက်မနည်း ရှိခဲ့ပြီဖြစ်ပါတယ်။
ဆေးရုံတွေကို ပစ်မှတ်ထားတာ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်တွေကို သတ်ဖြတ်တာတွေဟာ သူတို့ရဲ့ ရွံစ ရာကောင်းလှတဲ့ ယုတ်မာမှုကို အထင်အရှား ပြနေတယ်လို့ ပြည်သူတွေက ပြောပါတယ်။
“ကလေးမွေးဖွားဖို့ခဏ လေးမှာတောင် စိတ်မအေးရဘူး။ တိရိစ္ဆာန်စိတ်ပေါက်နေတဲ့ ဒီကောင်တွေကို စိတ်မချရလို့ မိန်းမကို ဆေးရုံမပို့ဘဲ အိမ်မှာပဲ လက်သည်နဲ့ မွေးလိုက်ရတယ်”လို့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ သားလေးမွေးကာစ အမျိုးသားတဦးက ပြောပါတယ်။
တောင်ကုတ်မြို့နယ်က အမည်လေးတောင် မရခဲ့သေးတဲ့ မိန်းကလေးငယ်ကတော့ မွေးဖွားလာခဲ့တုန်းကလည်း မိခင်နို့ရည်မသောက်ခဲ့ရ၊ အာဟာရပြည့်ပြည့်ဝဝ မစားခဲ့ရ၊ နွေးထွေးတဲ့ အရိပ်ကို အေးချမ်းစွာ မခိုလှုံလိုက်ရဘဲ စစ်တပ်ရဲ့ ဗုံးဆံတွေကြားမှာ ကြွေလွှင့်သွားခဲ့ရပြီဖြစ်ပါတယ်။
“လူ့ဘ၀မှာ ကိုယ်ပိုင်နာမည်လေးတောင် မရသွားရဘဲ ၁ လနဲ့ ၆ ရက်သာ လူလုပ်ခွင့်ရခဲ့တဲ့ ဒုက္ခသည်မလေး ကလေးလေးရယ်၊ နောက်ဘ၀ ဒီလိုအဖြစ်မျိုးနဲ့ မဆုံပါနဲ့၊ ကောင်းရာသုဂတိ လားပါစေ” လို့ ကလေးငယ်ကို ခဏတာ ပြုစုစောင့်ရှောက်ခဲ့ရတဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။





















































