Connect with us

Hi, what are you looking for?

ဆောင်းပါး

ဒီပဲယင်းလူသတ်ပွဲသမိုင်းတရားခံနဲ့ မန်ယူအမှတ်တံဆိပ်ငြိစွန်းခြင်း

ဗိုလ်ချုပ်မှူးကြီးသန်း​ရွှေရဲ့ စစ်အစိုးရလက်ထက် မြန်မာ့နိုင်ငံရေးသမိုင်းမှာ အဆိုးရွားဆုံးလူသတ်ပွဲအဖြစ်နာမည်ကြီးတဲ့ ဒီပဲယင်းလူသတ်ပွဲရဲ့ အဓိကတရားခံတွေထဲက တစ်ဦးကို မန်ယူကစားသမားဟောင်းလေးဦးက လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။

(ဒီပဲယင်းလူသတ်တရားခံ​တွေထဲကတဦးဖြစ်တဲ့ ဦး​ဌေး​အောင် ၊ စစ်ဗိုလ်ချုပ်​ဟောင်း ဦး​မောင်​မောင်အုန်း တို့နဲ့ မန်ယူကစားသမား​ဟောင်း​လေး​ယောက်။ဓါတ်ပုံ-KM )

အိမ်သွင်/People’s Spring

ဗိုလ်ချုပ်မှူးကြီးသန်း​ရွှေရဲ့ စစ်အစိုးရလက်ထက် မြန်မာ့နိုင်ငံရေးသမိုင်းမှာ အဆိုးရွားဆုံးလူသတ်ပွဲအဖြစ်နာမည်ကြီးတဲ့ ဒီပဲယင်းလူသတ်ပွဲရဲ့ အဓိကတရားခံတွေထဲက တစ်ဦးကို မန်ယူကစားသမားဟောင်းလေးဦးက လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။

လွန်ခဲ့တဲ့နှစ်၂၀ကျော်က အဖြစ်အပျက်နဲ့သမိုင်းတရားခံကို သူတို့ကိုယ်တိုင်သိနိုင်မှာမဟုတ်ပေမယ့် ဂုဏ်သိက္ခာနဲ့တည်ဆောက်ထားတဲ့ ကမ္ဘာကျော်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမှတ်တံဆိပ်ဟာ သွေးစွန်းလက်​တွေနဲ့ တရင်းတနှီးလက်ဆွဲနှုတ်ဆက်​ပွေဖက်လိုက်ကြပါတယ် ။ဒါ​ကြောင့်မန်ယူ အမှတ်တံဆိပ်ဟာ ​သွေးစွန်းသွားပြီလို့ခံစားရ​ကြောင်း မြန်မာနိုင်ငံကပရိတ်သတ်အချို့ကရင်ဖွင့်ပါတယ် ။

တာ​ကြောင့်ပေသွားပြီလို့ ခံစားရကြောင်း မြန်မာပရိတ်သတ်အချို့က စိတ်ပျက်လက်ပျက် ရင်ဖွင့်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုနဲ့ အကျိုးစီးပွားဆက်စပ်သူတွေရဲ့ ဖိတ်ကြားမှုနဲ့အတူမန်ယူကစားသမားဟောင်းတွေဖြစ်ပြီး အီဗရာ၊ ဗလင်စီယာ၊ အန်ဒါဆင်နဲ့ ဖေဘီယိုတို့လေးဦးဟာ အောက်တိုဘာလ၃၀ရက်နေ့မှာ မြန်မာနိုင်ငံကိုရောက်လာပြီးသုံးရက်ကြာနေထိုင်သွားခဲ့ကြပါတယ်။ သူတို့က မန်ယူပရိသတ်တွေနဲ့တွေ့ဆုံဖို့အပြင် မြန်မာဘောလုံးလောကတိုးတက်ရေးအတွက် အထောက်အကူရအောင်အကူအညီတွေပေးဖို့ လာတာလို့ ပွဲစီစဉ်သူတွေကကြေညာခဲ့ပါတယ်။

သူတို့နဲ့တွေ့တဲ့အထဲမှာ ဒီပဲယင်းလူသတ်ပွဲရဲ့ အဓိကတရားခံ‌တွေထဲကတစ်ဦးပါဝင်လာခဲ့ပါတယ်။ သာမန်ပရိသတ်တွေလို မိနစ်အနည်းငယ်ကြာတွေ့ဆုံခွင့်ရခဲ့တာမဟုတ်ပါဘူး။ သေသေချာချာချိန်းဆိုပြီးအေးအေးဆေးဆေးဖက်လဲတကင်းတွေ့ဆုံခဲ့ကြတာပါ။ အဲဒီပုဂ္ဂိုလ်က ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဌဦးဌေးအောင်ဖြစ်ပါတယ်။

“ဌေးအောင်ဆိုတဲ့လူဟာယုတ်မာကောက်ကျစ်တဲ့သူ။ ဒီလိုလူနဲ့ မန်ယူကစားသမားဟောင်းတွေ ပလူးနေတာမြင်ရတာ မန်ယူရဲ့ ဂုဏ်သိက္ခာကျဆင်းတယ်”လို့ အညာဒေသမှာနေထိုင်တဲ့ မန်ယူအမာခံပရိတ်သတ်တစ်ဦးက ပြောပါတယ်။

မန်ယူကစားသမားဟောင်းလေးဦးဟာ လူပေါင်း၇၀ကျော် ကနေ ၂၈၀ ကြားအထိ သေဆုံးခဲ့တယ်လို့ ဒေသခံတွေယုံကြည်ထားတဲ့ ဒီပဲယင်းလူသတ်ပွဲအပြီး ၂၃ နှစ်၊ ၅ လအကြာမှာ ဦးဌေးအောင်ကို လက်ဆွဲနှုတ်ဆက်လိုက်တာပါ။ ဦးဌေးအောင်က အီဗရာ၊ ဗလင်စီယာ၊ အန်ဒါဆင်နဲ့ ဖေဘီယိုတို့နဲ့ တွေ့ဆုံပုံကို လူမှုကွန်ရပ်ပေါ် အောက်တိုလာလ ၃၁ရက်နေ့က တင်ခဲ့ပါတယ်။

ဒီမြင်ကွင်းဟာ ဒီပဲယင်းလူသတ်ပွဲမှာ စစ်အုပ်စုနဲ့လူမိုက်တွေရဲ့ သတ်ဖြတ်ခံရသူတွေရဲ့ မိသားစုဝင်တွေကို ဒဏ်ရာအသစ်ပြန်ဖြစ်စေခဲ့ပါတယ်။

“နာစရာသမိုင်းအဖြစ်အပျက်ကို ဒီလိုနည်းနဲ့ပြန်သတိရရလိမ့်မယ်လို့ မထင်ခဲ့ဘူး”

ဒီပဲယင်းမြို့ခံ ကိုမျိုးဆိုသူကပြောတာပါ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်တွေနဲ့ ထောက်ခံသူတွေကို စစ်အုပ်စုနဲ့ စစ်တပ်ခိုင်းထားတဲ့စွမ်းအားရှင်လို့​ခေါ်တဲ့လူမိုက်တွေက တားဆီးအကြမ်းဖက်ခဲ့လို့ လူ၇၀ထက်မနည်းသေဆုံးခဲ့တဲ့ဒီလူသတ်ပွဲဟာ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့မှာ စစ်ကိုင်းတိုင်းဒီပဲယင်းမြို့နယ်၊ ကြည်ရွာမှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီဖြစ်စဉ်မှာ ကိုမျိုးရဲ့ ဦး‌လေးဖြစ်သူဟာ ရိုက်နှက်ခံရပြီးသေဆုံးခဲ့ပါတယ်။

အဲဒီအချိန်တုန်းကဦးဌေးအောင်ဟာ ကသာမြို့နယ်မှာ ဥပဒေအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေပြီး ကြံ့ခိုင်ရေးပါတီဝင်လည်း ဖြစ်ပါတယ်။ အုပ်ချုပ်သူအကြိုက် မျက်နှာလိုမျက်နှာရလိုက်လုပ်တတ်သူလို့နာမည်ကြီးတဲ့ ဦးဌေးအောင်က ဒီပဲယင်းသူသတ်ပွဲမှာလည်း အဲဒီအချိန်ရဲချုပ်ခင်ရီ(လက်ရှိ ပြည်ထောင်စုလွှတ်တော်ဥက္ကဌ) အကြိုက်လက်မရွံလူသတ်ပွဲမှာ ပါဝင်ခဲ့သူ တဦးဖြစ်စပါတယ်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့မှာ ဒီပဲယင်းမြို့ကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထောက်ခံသူတွေရဲ့ယာဥ်တန်းကို ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ ‌ငွေပေးပြီးခေါ်ထားတဲ့လူမိုက်တွေက တားဆီးရိုက်နှက်ခဲ့ကြပါတယ်။ အဲဒီလူမိုက်အုပ်စုထဲမှာ ဦးဌေးအောင်ပါဝင်ခဲ့ပြီး ရိုက်နှက်ဖို့အတွက် ဝါးရင်းတုတ်တွေကို ဦးဌေးအောင်ကိုယ်တိုင်ကထုတ်ပေးခဲ့တာလို့ ဒေသခံတွေနဲ့ နိုင်ငံရေးသမားတွေက ပြောပါတယ်။

“ဦးဌေးအောင် ကသာဘက်မှာရှိနေချိန် ဒေါ်အောင်ဆန်းစုကြည်ကဒီပဲယင်းခရီးစဉ်ဖြစ်လာတယ်။ အဲဒီအချိန်မှာဦး ဌေးအောင်ကမုံရွာကိုရောက်လာပြီးတော့ ဒီပဲယင်းကနေစောင့်ပြီးတားဆီးရေးတာဝန်ယူရတယ်။ ဦးဌေးအောင်က ဒီပဲယင်းနားက ကြံ့ခိုင်ရေးပါတီဝင်တွေကို ဝါးရင်းတုတ်တွေတပ်ဆင်ပေးခဲ့တယ်။ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီချုပ်ပါတီကလူတွေကို ချောဆွဲထားတဲ့ဒိုင်နာကားကြီးတွေလေး၊ငါးစင်းနဲ့ ဒီပဲယင်းမရောက်ခင်ရွာတစ်ရွာမှာ ရိုက်ကြတာ”လို့ အဲဒီဖြစ်စဉ်ကိုသိရှိခဲ့သူတစ်ဦးကပြောပါတယ်။

အဲဒီနောက်ပိုင်း ဦး ဌေးအောင်ကို ဝါးရင်းတုတ် ဌေးအောင်လို့နာမည်ပြောင် ပေးလိုက်ကြပါတယ်။သူက ​စစ်အုပ်စု​စေခိုင်းတဲ့အတိုင်း အင်း​တော်မြို့နယ်ဘက်က​နေ ကြံ့ဖွံ့နဲ့ စွမ်းအားရှင်လူမိုက်​တွေကိုစု​​​​ခေါ်လာ​ပေးတာ၊ ​ဒေါ်​အောင်ဆန်းစုကြည် အညာခရီးစဥ်တ​လျှောက် လိုက်​​နှောက်ယှက်ဖို့စွမ်းအားရှင်လူမိုက်​တွေကိုညွန်ကြားခဲ့သူ​တွေထဲကတဦးဖြစ်တယ်လို့သတင်းဌာန​တွေက​ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ယာဉ်မောင်းကိုကျော်စိုးလင်းရဲ့အကူအညီနဲ့ လူအုပ်စုကိုဖောက်ထွက်ခဲ့နိုင်ခဲ့ပေမယ့် စစ်အုပ်စုက ရေဦးမြို့ကစောင့်ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဦးဌေးအောင်ကိုတော့ စစ်အုပ်စုက သူတို့ရဲ့လက်ကိုင်တုတ်အဖြစ် မျက်စိကျသွားပြီး ကြံ့ခိုင်ရေးပါတီမှာလည်းရာထူးတိုးပေးခဲ့သလို မြို့နယ် ဥပဒေအရာရှိအဖြစ်ကနေ စာမေးပွဲဖြေစရာမလိုဘဲ စစ်ကိုင်းတိုင်းဥပဒေချုပ်ရုံးအထိ နေရာပေးခံခဲ့ရပါတယ်။

နှစ်ကာလအနည်းငယ်ရွေ့လျားလာပြီးတဲ့နောက် သူကဥပဒေချုပ်ရုံးရဲ့ ရုံးအဖွဲ့မှူးဖြစ်လာပါတယ်။ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုဦးဆောင်တဲ့ ဒီချုပ်ပါတီအနိုင်ရပြီး အစိုးရဖွဲ့ပါတယ်။ ဒီချုပ်အစိုးရ လက်ထက်မှာ ညွှန်ကြားရေးမှူးအဆင့်နဲ့ ရန်ကုန်တိုင်းဥပဒေအရာရှိဖြစ်လာပါတယ်။ သူက ဦးဖြိုးမင်းသိန်းနဲ့လည်းဆက်ဆံရေးကောင်းမွန်အောင်တည်ဆောက်ခဲ့ပါတယ်။

၂၀၂၁စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရှေ့နေချုပ်အဖြစ်ဒေါ်သီတာဦးကိုစစ်ကောင်စီကခန့်အပ်လိုက်တော့ ဦးဌေးအောင်ကလည်းအာဏာလုစစ်အုပ်စုအတွက်အကျိုး​ဆောင်​ပေးတာ​ကြောင့် ရန်ကုန်တိုင်းဥပဒေချုပ်ဖြစ်လာပြန်ပါတယ်။ လအနည်းငယ်အကြာမှာ ရန်ကုန်တိုင်းဥပဒေချုပ်အဖြစ်ကနေ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီးတာဝန်ယူခဲ့ပြန်ပါတယ်။ စစ်တပ်ရဲ့ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမှာ သာကေတမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ခဲ့ပြီး ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌဖြစ်လာခဲ့တာပါ။

မြို့နယ်ဥပဒေအရာရှိရာထူးနဲ့အတူ ဝါးရင်းတုတ်ဌေးအောင်ဘွဲ့ခံပြီး လူသတ်ပွဲကျင်းပခဲ့တဲ့ ဦးဌေးအောင်ဟာ နှစ်ပေါင်း၂၀ကျော်မှာ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌအထိ စစ်အုပ်စုရဲ့ မြှောက်စား​နေရာ​ပေးမှုရခဲ့ပါတယ်။ ဒါပေမယ့်သူဦးဆောင်ပါဝင်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ်၂၀ကျော်က ဒီပဲယင်းလူသတ်ပွဲရဲ့တရားခံတွေကို ဒီနေ့အထိဖော်ထုတ်အရေးယူနိုင်ခြင်း​တော့မရှိခဲ့ပါဘူး။ ဒီလူသတ်ပွဲရဲ့အဓိကသမိုင်းတရားခံတွေနေရာမှာ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၊ ဗိုလ်ချုပ်စိုးဝင်း ၊ဗိုလ်ချုပ်ခင်ညွန့် ၊ရဲချုပ်ခင်ရီတို့နဲ့အတူ ဦးဌေးအောင်ကိုလည်း ဒေသခံတွေက မှတ်တမ်းတင်ထားတာပါ။

“လူတွေကို သေပြီဆိုပြီးဘက်ဟိုးနဲ့ မြေကျင်းတူးပြီးမြှုပ်ခါနီးမှ သတိပြန်လည်ပြီးထွက်ပြေးခဲ့တဲ့သူတွေအခုထိရှိသေးတယ်။ အဲဒီလောက်ထိအခြေအနေဆိုးခဲ့တာ”လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ငွေ‌မျက်နှာနဲ့ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်တဲ့ မန်ယူကစားသမားဟောင်းလေးဦးကတော့ ဒီပဲယင်းလူသတ်ပွဲဖြစ်စဉ်ကို သိမှာမဟုတ်ပါဘူး။ ဒါပေမယ့် စစ်တပ်ကအရပ်သားပြည်သူတွေကိုသတ်ဖြတ်နေသလို ပြည်သူလူထုဟာနိုင်ငံတစ်ဝန်းမှာ အထွေထွေအကျပ်အတည်းကိုရင်ဆိုင်နေရချိန်မှာ ရောက်လာခဲ့ခြင်းနဲ့ မြန်မာ့နိုင်ငံရေးရဲ့သမိုင်းတရားခံတွေနဲ့အတူ လက်ဆွဲနှုတ်ဆက်ခြင်းက မန်ယူအသင်းအမှတ်တံဆိပ်ပေါ် ပရိတ်သတ်တွေရဲ့ခံစားသက်ဝင်မှုအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရှိနေစဉ် သုံးရက်အတွင်းမှာလည်း ဦးဌေးအောင်တို့လို စစ်အုပ်စုနဲ့နီးစပ်တဲ့ ရေပေါ်စီအသိုင်းအဝိုင်းမှာကျင်လည်ရင်း လက်တွေ့အခြေအနေနဲ့မကိုက်ညီတဲ့စကားတွေကို ပြောသွားခဲ့ကြပါတယ်။ လာရောက်လည်ပတ်တဲ့လေးယောက်မှာ တဟီးဟီးတဟားရယ်ရင်း အတက်ကြွဆုံးဖြစ်နေတဲ့ မန်ယု​နောက်ခံလူ ပြင်သစ်နိုင်ငံသားအီဗရာက​တော့ မြန်မာနိုင်ငံကလူတွေက ယဉ်ကျေးပြီးနွေးထွေးကြောင်း၊ အစစအရာရာအဆင်ပြေပြီး ပျော်စရာကောင်းကြောင်း ပြောသွားပါတယ်။

သူက မြန်မာနိုင်ငံထဲကအခြေအနေတွေကို မြင်အောင်မကြည့်ခဲ့သလို ပွဲစီစဉ်သူတွေကလည်းမြင်အောင်မပြခဲ့ပါဘူး။ ရန်ကုန်မြို့က စစ်အုပ်စုလုံခြုံရေးယူပေးထားတဲ့ အဆင့်မြင့်ဟိုတယ်ထဲကနေ ပြောခဲ့တာဖြစ်ပါတယ်။

ဦး​ဌေး​အောင်တင်မက​သေးပါဘူး​ခေတ်အဆက်ဆက် စစ်ရာဇဝတ်မှု​တွေ အများအပြားကျူးလွန်ခဲကြ​ပေမယ့် အ​ရေးယူမခံရ​သေးတဲ့ မြန်မာစစ်တပ်မှာ ဗိုလ်ချုပ်​​​ဟောင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ၊ အာဏာသိမ်းစစ်တပ်အတွက် ပြန်ကြား​ရေးဝန်ကြီး၊စစ်တပ်လွှတ်​တော်မှာ ဒုတိယဥက္ကဌ တာဝန်​တွေထမ်း​ဆောင်​နေတဲ့ ဦး​မောင်​မောင်အုန်းလည်း အီဗရာတို့အုပ်စုနဲ့ အဖွဲ့ကြခဲ့ကြတာပါ။

သူတို့လေးယောက်နဲ့ ပရိတ်သတ်တွေမန်ယူ-ချဲလ်ဆီးပွဲအတူတူကြည့်ခဲ့ကြတဲ့ အောက်တိုဘာလ ၃၁ရက်မှာပဲ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်ရှေ့ခြမ်း ဝမ်ငေါ့စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ စာသင်​နေတဲ့စစ်​ရှောကင် ကလေးငယ်ရှစ်ဦးထက်မနည်းသေဆုံး ဒဏ်ရာရခဲ့ပါတယ်။ နိုဝင်ဘာလ၁ရက်နေ့မှာလည်း ရခိုင်ပြည်နယ်ထဲကကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ၊ ဝီရဌာနေ မြို့နယ်တွေက သားဖွားဆောင်အပါအဝင် အရပ်သားနေထိုင်ရာနေရာတွေကို စစ်အုပ်စုကဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေမှာ မွေးကင်းစ ကလေးငယ်တစ်ဦးအပါအဝင် သေဆုံးသူ (၁၂) ဦးရှိခဲ့ပြီး တစ်နှစ်အထက် ကလေးငယ်များအပါအဝင် လူကြီး လူငယ် စုစုပေါင်း (၃၂) ဦးအထိဒဏ်ရာရခဲ့ပါတယ်။ အဲဒီလူတိုက်ခိုက်နေချိန်ဟာ မန်ယူကစားသမားဟောင်းတွေ ရွှေတိဂုံစေတီတော်ရင်ပြင်မှာရှိနေတဲ့အချိန်ဖြစ်ပါတယ်။

အီဗရာတို့အုပ်စု မြန်မာနိုင်ငံကိုမလာရောက်ခင်ကတည်းက စစ်တပ်ကြောင့်သွေးစွန်းနေတဲ့နိုင်ငံကို မလာကြဖို့ ဘောလုံးပရိသတ်တွေအပြင်တော်လှန်ရေးအင်အားစုတွေကတောင်းဆိုခဲ့ကြပါတယ်။ ပွဲစီစဉ်သူတွေကမန်ယူရဲ့ ဂန္တဝင်ကစားသမားတွေ ဖြစ်တဲ့ ရိုင်ယန်ဂစ်၊ ဘာဘာတော့ဗ်အပြင် အန်ဒါဆန်နဲ့ အီဗရာတို့ကို ဖိတ်ခေါ်ခဲ့ကြတာပါ။အဲ့ဒီခရီးစဉ်ဖျက်သိမ်းရေးအတွက် ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့‌ ရောက် မြန်မာတွေက ဦးဆောင်ပြီး လက်မှတ်ရေးထိုးတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။မန်ယူအသင်းတာဝန်ရှိသူတွေနဲ့ ကစားသမား တစ်ဦးချင်းစီကိုလည်း စာရေးသားပေးပို့ တောင်းဆိုခဲ့ကြပါတယ်

နာမည်ကျော် ဘောလုံးကစားသမားတွေရဲ့ ဒီခရီးစဉ်ဟာ မြန်မာစစ်အာဏာရှင်အဖွဲ့က လက်ရှိဖြစ်ပွားနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွင်း တည်ငြိမ်မှုနဲ့ တရားဝင်မှု ရှိသလို ပြသဖို့အတွက် အသုံးချနိုင်ကြောင်း အသိပေးခဲ့ပါတယ်။မြန်မာနိုင်ငံဟာ လက်ရှိမှာတရားမဝင် စစ်အာဏာသိမ်းအဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး အပြစ်မဲ့ ပြည်သူတွေ အထူးသဖြင့် ကလေးငယ်တွေအပါအဝင်လူပေါင်းများစွာကို နေ့စဉ် အကြမ်းဖက်မှုတွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေနဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို ရင်ဆိုင်နေရကြောင်းအသိပေးထားပြီးခရီးစဉ်ကို ပြန်လည်သုံးသပ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် မန်ယူဂန္တဝင်ကစားသမားတွေအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြသနိုင်ဖို့ စစ်အာဏာရှင်အဖွဲ့ရဲ့ ဖိတ်ကြားမှုကို ငြင်းပယ်ဖို့နဲ့ ခရီးစဉ်ကို ဖျက်သိမ်းခြင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ၎င်းရဲ့ ပရိသတ်တွေ တန်ဖိုးထားတဲ့ အခြေခံမူတွေကိုလည်း ထင်ဟပ်စေမှာ ဖြစ်ကြောင်း ဖော်ပြ တောင်းဆိုခဲ့ကြတာပါ။

နောက်ဆုံးမှာတော့ မြန်မာပရိတ်သတ်ရဲ့အချစ်တော်ဂန္တဝင် ရိုင်ယန်ဂစ်နဲ့ တိုက်စစ်မှူးဘာဘာတော့ဗ်တို့က မြန်မာဆီလာဖို့ ငြင်းပယ်လိုက်ကြပါတယ်။ ဒီလိုနဲ့ပဲ အီဗရာအပါအဝင်မန်ယူကစားသမားဟောင်းလေးဦး မြန်မာနိုင်ငံကိုရောက်ရှိလာတာပါ။

အခုတော့ အီဗရာတို့အုပ်စု ပြန်သွားကြပါပြီ။ဦးဌေးအောင်အပါအဝင် ရေပေါ်ဆီအသိုင်းအဝိုင်းကပေးလိုက်တဲ့သတင်းစကားတွေကို အဟုတ်ထင်ပြီး နောက်ထပ်မန်ယူကန္တဝင်ကစားသမားဟောင်းတွေ မြန်မာနိုင်ငံကိုလာလည်ဖို့တိုက်တွန်းသွားမယ်လို့ အီဗရာကဆိုသွားပါ​သေးတယ်။

ဒီပဲယင်းမြို့ခံ မန်ယူပရိတ်သတ်တစ်ဦးကတော့ စစ်အာဏာရှင်လက်အောက်မှာ​တော့ ဘယ်မန်ယူကစားသမားကိုမှမတွေ့ချင်ဘူးလို့ပြောရင်းလက်ရှိသူ့ခံစားမှုကိုအခုလိုရင်ဖွင့်ပါတယ်။

“မန်ယူကစားသမားဟောင်းတွေနောက်ထပ်ရောက်လာရင် ဦးဌေးအောင်ဦးဆောင်ပြီး ကြည်ရွာကိုလာခဲ့ကြပါ။ အသတ်ခံရသူတွေက အရိုးတွန်ပြကြလိမ့်မယ်”။

ဆက်စပ်သတင်းများ