တစ်နှစ်ကျော် ကာလအတွင်း ကိုဗစ်ရောဂါကြောင့် ပထမဆုံးအကြိမ် လူသေဆုံးမှု ဖြစ်ပွားကြောင်း တရုတ် ကျန်းမာရေး အာဏာပိုင်တွေက ကြေညာလိုက်ပါတယ်။
တရုတ်ဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ ကိုဗစ်ကြောင့် သေဆုံးတာ ၂ ဦးသာ ရှိခဲ့ဖူးကြောင်း ထုတ်ပြန်ထားပြီး နောက်ဆုံး သေဆုံးခဲ့တာဟာ မနှစ်က ဇန်နဝါရီ ၂၅ ရက်မှာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း တရုတ်မှာ ကိုဗစ်ကူးစက်မှုတွေ ရှိခဲ့ပေမယ့် လူသေတဲ့ထိ အခြေအနေ မဆိုးခဲ့ဘူးလို့ ဆိုပါတယ်။
မတ်လ ၁၉ ရက်မှာတော့ တရုတ် ကျန်းမာရေး ကော်မရှင်က နိုင်ငံ အရှေ့မြောက်ပိုင်း၊ ဂျီလင်းဒေသမှာ ကိုဗစ်လူနာ ၂ ဦး သေဆုံးသွားကြောင်း အတည်ပြု ဖော်ပြခဲ့ပါတယ်။ ဒီသတင်းဟာ တရုတ်ရဲ့ လူမှုကွန်ရက် မီဒီယာ Weiboမှာ ချက်ချင်း လူပြောအများဆုံးကိစ္စ ဖြစ်လာပါတယ်။
ဂျီလင်းဟာ မြောက်ကိုရီးယား၊ ရုရှားတို့နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ဧရိယာပါ။ လက်ရှိမှာ တရုတ်ဟာ ကူးစက်နှုန်း မြင့်မားတဲ့ Omicronမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ကြုံနေပြီး တစ်နိုင်ငံလုံး ကူးစက်လူနာသစ် စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံဟာ ဂျီလင်းမှာ ဖြစ်ပါတယ်။

Public Service Announcement
တရုတ်အစိုးရဟာ ကပ်ရောဂါ ကူးစက်မှု ကြုံနေရတဲ့ ဒေသတွေမှာ တင်းတင်းကျပ်ကျပ် Lockdownချပြီး အသွားအလာ ကန့်သတ်ပစ်တာမျိုး ခပ်ကြမ်းကြမ်း မူဝါဒတွေနဲ့ ထိန်းချုပ်နေဆဲပါ။ အခု သေဆုံးသူ နှစ်ဦးဟာ အသက် ၈၇ နှစ်နဲ့ ၆၅ နှစ် အရွယ်တွေ အသီးသီး ရှိကြပြီလို့ ကျန်းမာရေး ကော်မရှင် ထုတ်ပြန်ချက်မှာ ထုတ်ပြန်ထားပါတယ်။
တရုတ်မှာ ကိုဗစ်လူနာ တွေ့တာနဲ့ ဆေးရုံတက်ခိုင်းလေ့ရှိပြီး ဆေးရုံရောက်နေတဲ့ လူနာ ၃ သောင်းနီးပါးမှာ ၉၅ ရာခိုင်နှုန်းကျော်က အပျော့စား ရောဂါလက္ခဏာလောက်သာ ပြသသူ၊ ဒါမှမဟုတ် ရောဂါလက္ခဏာ လုံးဝ မတွေ့ရသူတွေလို့ ဆိုပါတယ်။
တရုတ်ဟာ ကိုဗစ်ရောဂါ အစပြုလာတဲ့ မူလရင်းမြစ် နိုင်ငံ ဖြစ်ပေမယ့် တခြား ကမ္ဘာ့နိုင်ငံ အများစုနဲ့ ယှဉ်ရင် ကူးစက်နှုန်းရော၊ သေပျောက်နှုန်းပါ အတော်လေး နည်းပါးတယ်လို့ သတ်မှတ်နိုင်ပါတယ်။


















































