အောက်တိုဘာ – ၂၇ ၊၂၀၂၆
တရုတ်နဲ့ အိန္ဒိယ နယ်စပ်တလျှောက်မှာ နှစ်ဖက် လုံခြုံရေး တပ်ဖွဲ့တွေကြား ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေ ဆက်ဖြစ်နေတယ်လို့ အိန္ဒိယ နယ်စပ် ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။
အိန္ဒိယ လက်အောက်ခံ အိန္ဒိယ-တိဘက် နယ်စပ်ရဲတပ်ဖွဲ့ (ITBP) ရဲတပ်ဖွဲ့ အကြီးအကဲက နိုင်ငံ အရှေ့မြောက်ပိုင်း အရုနာချယ် ပရာဒက်ရှ် ပြည်နယ်နဲ့ တရုတ် ထိန်းချုပ်ထားရာ တိဘက်ကုန်းမြင့် ဒေသကြားမှာ နှစ်နိုင်ငံ လုံခြုံရေး တပ်ဖွဲ့တွေကြား ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတဲ့အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့က ရာဂျက်စသန် ပြည်နယ်ရဲ့ အယ်လ်ဝါမြို့မှာ ပြုလုပ်တဲ့ အခမ်းအနား တစ်ခုမှာ ITBPရဲ့ ညွှန်ကြားရေးမှူးချုပ် ရှတ်ထရူဂျစ် ကာပူးက အရုနာချယ် ပရာဒက်ရှ် ပြည်နယ်ရဲ့ နယ်စပ်တလျှောက်က တင်းမာမှုတွေကို ထုတ်ပြောလာခဲ့တာပါ။

Public Service Announcement
တရုတ်နဲ့ အိန္ဒိယ နယ်စပ်မှာ နှစ်ဖက်တပ်တွေကြား ပြဿနာတွေ ဆက်လက်ဖြစ်ပွားနေကြောင်း မီဒီယာတွေက ဖော်ပြခဲ့ပြီး လအတော်ကြာတဲ့နောက်မှာ အစိုးရ အာဏာပိုင် တစ်ဦးက ပထမဆုံးအကြိမ် အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။
ဇွန်လကုန်ပိုင်းတုန်းက ဒေသခံ အဖွဲ့အစည်း တစ်ခုက အိန္ဒိယ အာဏာပိုင်တွေဆီ ပေးပို့တဲ့ စာထဲမှာတော့ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)ရဲ့ တပ်ဖွဲ့ဝင်တွေဟာ တက်ခ်ဆင်းဒေသနဲ့ အနီးတဝိုက်က အိန္ဒိယ ပိုင်နက် ဧရိယာတွေထဲ ဝင်ရောက် တပ်စွဲ နေရာယူထားတယ်လို့ ဖော်ပြခဲ့ပါတယ်။
တရုတ်စစ်သားတွေဟာ အဲဒီနေရာတွေမှာ တပ်စခန်းတွေ တည်ဆောက်ထားတဲ့အပြင် ဒေသခံတွေ အသုံးပြုတဲ့ စားကျက်မြေတွေ၊ အမဲလိုက်ရာ နေရာတွေ၊ သစ်တောထွက်ပစ္စည်း ရှာဖွေတဲ့ နေရာတွေမှာ လမ်းတွေ၊ တံတားတွေပါ တည်ဆောက်ခဲ့ကြောင်း အဲဒီစာထဲမှာ ဖော်ပြထားပါတယ်။
တရုတ်ကတော့ အိန္ဒိယဖက်ခြမ်း ဒေသခံတွေရဲ့ နယ်မြေတွေကို သိမ်းယူနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
အခုတော့ ITBP အကြီးအကဲ ကိုယ်တိုင်က ထုတ်ပြောလို့ နယ်စပ်မှာ ပြဿနာတွေ ဆက်ရှိနေတယ် ဆိုတာကို အတည်ပြုနိုင်ပေမယ့် နှစ်ဖက် အာဏာပိုင်တွေက မြေပြင် အခြေအနေကို ထိန်းချုပ်နိုင်ခြင်း ရှိမရှိ ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။ ဩဂုတ်လနဲ့ စက်တင်ဘာလတွေမှာတော့ တရုတ်နဲ့ အိန္ဒိယတို့ဟာ နယ်စပ်ရေးရာ ဆွေးနွေးပွဲတွေကို ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။
တရုတ်နဲ့ အိန္ဒိယတို့ဟာ အရုနာချယ် ပရာဒက်ရှ် ပြည်နယ်နဲ့ ဆက်စပ်တဲ့ နယ်စပ်အငြင်းအခုံ ကိစ္စတွေကို အကြောင်းပြုပြီး ၁၉၆၂ ခုနှစ်မှာ စစ်ပွဲဖြစ်ပွားခဲ့ဖူးပြီး တရုတ်က အနိုင်ရခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်မှာတော့ လာဒက်ခ်နဲ့ ဂယ်လ်ဝမ် ချိုင့်ဝှမ်း ဒေသတွေမှာ နှစ်ဖက်တပ်တွေကြား ပြဿနာ တက်ပြီး သေနတ်မဖောက်ဘဲ တုတ်တွေ၊ ကျောက်တုံးတွေ၊ လက်သီးတွေနဲ့ တိုက်ခိုက်ကြရာက အိန္ဒိယဖက်မှာ တပ်ဖွဲ့ဝင် ၂၀ သေဆုံးပြီး တရုတ်ဖက်မှာလည်း အသေအပျောက်တွေ ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း နှစ်ဖက်ကြား ထိတွေ့မှု ပဋိပက္ခတွေ ဆက်လက် ဖြစ်ပေါ်နေတာပါ။
ဒီလို နယ်စပ်တင်းမာမှုတွေ ရှိနေချိန်မှာပဲ အိန္ဒိယရဲ့ နယ်ခြားစောင့်တပ် (BSF)နဲ့ နယ်ခြားလုံခြုံရေးကို တာဝန်ယူတဲ့ ပြည်သူ့စစ်အဖွဲ့ အာသံရိုင်ဖယ်၊ ဆာရှတ်စထရာ ဆီးမာဘယ်လ် (SSB)နဲ့ ITBPတို့မှာ စုစုပေါင်း လျာထားချက် တပ်ဖွဲ့ဝင် အင်အားထက် လစ်လပ်နေတဲ့ နေရာပေါင်း ၃၇,၃၉၇ ခုထိ ရှိနေခြင်းက စိုးရိမ်စရာ ဖြစ်နေကြောင်း အိန္ဒိယ သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။
အဲဒီ လစ်လပ် အရေအတွက်ဟာ နယ်ခြားစောင့် တပ်အင်အား စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းလောက်နဲ့ ညီမျှကြောင်းလည်း သိရပါတယ်။
ကိုးကား – The Diplomat




















































