▪︎မြန်မာစစ်ခေါင်းဆောင်တွေကို ရုရှားက အဆင့်လျှော့ချဆက်ဆံ
အာဏာသိမ်းစစ်တပ်ဒုတိယခေါင်းဆောင်စိုးဝင်းရဲ့ လက်ရှိရုရှားခရီးစဉ်မှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဆင့်နဲ့သာတွေ့ဆုံခွင့်ရပါသေးတယ်။ ခရီးစဉ် စတင်တဲ့နေ့မှာ စိုးဝင်းအနေနဲ့ ရုရှားကာကွယ်ရေးဝန်ကြီးနဲ့တွေ့ဆုံမယ်လို့ စစ်ကောင်စီက ဝါဒဖြန့်ခဲ့ပေမယ့် လက် တွေ့မှာတော့ ရုရှားရဲ့အဆင့်လျှော့ချဆက်ဆံမှုကိုသာ စစ်ကောင်စီရခဲ့တာပါ။ မကြာသေးမီက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာလည်း ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် စတဲ့ အဆင့်ရှိသူတွေနဲ့သာ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့တာဖြစ်ပါတယ်။

▪︎တော်လှန်ရေးမှာ မသက်ဆိုင်သလိုလက်ပိုက်ကြည့်နေသူတွေကို KA ဒုစစ်ဦးစီးချုပ် ပြစ်တင်
စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်နေချိန်မှာ မသက်ဆိုင်သလို လက်ပိုက်ကြည့်နေကြတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေဟာ စစ်အာဏာရှင်ရဲ့ ကျွန်(ဒါမဟုတ်)ဘက်တော်သားတွေဖြစ်နေ တယ်လို့ ကရင်နီတပ်မတော်(KA)ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က ပြောပါ တယ်။ အစွန်းရောက်ဘာသာရေးသမား၊တော်လှန်ရေး အမည်ခံ အချောင်သမား၊ နိုင်ငံရေးပွဲစားများ၊ အတ္တမာန စီးပွားရေးသမားများဟာ အသိခေါက်ခက်အဝင်နက်ပြီး သူတို့ကို အထူးသတိပြု ဖို့ လိုတယ်လို့ KA ဒုစစ်ဦးစီးချုပ်က သတိပေးပါတယ်။

▪︎ရခိုင်ပြည်နယ်စစ်ကောင်စီဝန်ကြီးတွေကို သမိုင်းတရားခံတွေအဖြစ် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂများပူးတွဲကြေညာ
ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့အကြမ်းဖက်၊ ရက်စက်မှုတွေကို မသိကျေးကျွံပြု၊ နှုတ်ဆိတ်နေတဲ့ ရခိုင်ပြည်ဖွား စစ်ကောင်စီအဖွဲ့ဝင်တွေ၊ ပြည်နယ်ဝန်ကြီးတွေဟာ ရခိုင်ပြည်ရဲ့ သမိုင်းတရား ခံတွေဖြစ်တယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ၉ ခုက ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။ မနေ့က မြောက်ဦးမြို့နယ်မှာ စစ်တပ်ရဲ့ လက်နက်ကြီးကျည်ကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်၊ အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ၃ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် မောင်တော၊ ရသေ့တောင်၊ တောင်ကုတ်အပါအဝင် ရခိုင်ပြည်နယ် ကို စစ်တပ်က ပြည်သူတွေကို စားနပ်ရိက္ခာဖြတ်တောက်တာ၊ လက်နက်ကြီးကျည်နဲ့ ရမ်းသမ်း ပစ်ခတ်တာတွေ ပြုလုပ်နေပြီး ဒေသခံများစွာဟာလည်း နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။

Public Service Announcement

▪︎NLD မဲလိမ်လို့ အာဏာသိမ်းရတယ်လို့ တပ်တွင်းမှာ အက်ကြောင်းထပ်အောင် ဝါဒဖြန့်
စစ်အုပ်စုက ဘာကြောင့် အာဏာသိမ်းရသည်ကို တပ်တွင်း ဝါဒဖြန့်သင်တန်းကို ထပ်မံပို့ချနေပြီး စစ်သားများအပြင် ရဲနဲ့ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေကိုပါ မတက်မနေရ သတ်မှတ်ထားတယ် လို့ တပ်တွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ သြဂုတ်လဆန်းပိုင်းက စလို့ တပ်တွင်းဝါဒဖြန့်သင်တန်းကို စစ်ကောင်စီရဲ့ ပြည်သူ့ဆက်ဆံရေး၊စိတ်ဓာတ်စစ်ဆင်ရေးဌာနက အရာရှိတွေက သင်တန်းပို့ချနေတာဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုကြောင့် အာဏာသိမ်းခဲ့တဲ့ စစ် တပ်ဟာ တရားမဝင်အာဏာသိမ်းပြီး ၁ နှစ်ခွဲကျော်ရှိလာချိန်အထိ မဲမသမာမှုကို သက်သေခိုင်မာ စွာ မပြနိုင်သေးဘဲ လက်အောက်ခံ စစ်သား၊ ရဲ၊ အကျဉ်းဦးစီး စတာတွေအပြင် ဌာနဆိုင်ရာဝန် ထမ်းတွေကိုလည်း အက်ကြောင်းထပ်အောင် သူတို့ရဲ့လုပ်ကြံဇာတ်လမ်းကို ဝါဒဖြန့်နေပါတယ်။
▪︎Y-Complex စီမံကိန်းနဲ့ပတ်သက်လို့ ရင်းနှီးမြှုပ်နှံသူ ၈ ဦးက JFM ကို အကြောင်းပြန်
စစ်တပ်အမည်ပေါက်မြေပေါ်မှာတည်ဆောက်မယ့် Y-Complex စီမံကိန်းနဲ့ပတ်သက်လို့ ကော်ပိုရိတ်ရင်းနှီးမြှုပ်နှံသူ ၈ ဦးဆီကနေ ခိုင်မာတဲ့အကြောင်းပြန်စာတွေ ရရှိခဲ့တယ်လို့ Justice For Myanmar က ဒီနေ့ထုတ် ပြန်ပါတယ်။ JFM ဟာ Y-Complex စီမံကိန်းမှာပါဝင်မယ့် အစုရှယ် ယာရှင်၊ ရင်းနှီးမြှုပ်နှံသူ ၁၀၁ ဦးထံကို ကန့်ကွက်စာပေးပို့ခဲ့ပြီး ယင်းပေးစာအပေါ် ရင်းနှီးမြှုပ်နှံသူ ၈ ဦးက အကြောင်းပြန်လာတာဖြစ်ပါတယ်။ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကာကွယ်တားဆီးဖို့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ JFM က တိုက်တွန်းပါတယ်။
▪︎မြိုင်နယ်ထဲက နေအိမ် ၃၀ ကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ဒေသခံထောင်ချီ ထွက်ပြေးနေရ
မကွေးတိုင်း၊ မြိုင်နယ်အနောက်မြောက်ပိုင်းရှိ ဝယ်တောင်(မ)ကျေးရွာကို အကြမ်းဖက်စစ် ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတာကြောင့် နေအိမ်အလုံး ၃၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံ ရင်းမြစ်တွေက ပြောပါတယ်။ အဲဒီဒေသမှာ စစ်တပ်ဟာ ပြည်သူအချို့ကိုလည်း ဖမ်းဆီးထားပြီး ဒေသခံပြည်သူ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

▪︎မြန်မာပြည်အောက်ပိုင်းဒေသတွေ မြစ်ရေကြီးမှုဘေးအန္တရာယ်ကြုံတွေ့နိုင်
ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ လာမယ့်ရက်ပိုင်းတွေအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ မြစ်ရေကြီးမှုဘေးအန္တရာယ်ကို သတိပြုရမယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ အခုတစ်ပတ်ကစပြီး မိုးနှောင်းကာလရဲ့ မိုးလေဝသလက္ခဏာတွေ ကြုံတွေ့လာရတော့မှာဖြစ်ပြီး မုတ်သုံလေဟာ လာမယ့် အောက်တိုဘာလ ၁၅ ရက်ဝန်းကျင်မှ မြန်မာနိုင်ငံတောင်ပိုင်းကနေ ပြန်လည်ဆုတ်ခွာသွားမှာဖြစ်တယ်လို့ ခန့်မှန်ထားပါတယ်။
▪︎ရွှေအသင်းသတ်မှတ်တဲ့ဈေးနဲ့အရာင်းအဝယ်လုပ်ရမယ်လို့ဆို
ပြည်တွင်းရွှေဈေးတွေကို စစ်ကောင်စီအကြိုက်လုပ်ပေးနေတဲ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း ကသတ်မှတ်တဲ့ဈေးအတိုင်းသာအရောင်းအဝယ်လုပ်ရမယ်လို့ အဲဒီအသင်းက ဒီကနေ့ထုတ်ပြန်ပါတယ်။ဈေးကွက်ပေါက်ဈေး(အမှန်တွင်ရန်ကုန်တိုင်းရွှေအသင်းကသတ်မှတ်တဲ့ဈေး)နဲ့သာအရောင်းအဝယ်စာရင်းတင်ဖို့၊ဘဏ်စာရင်းကိုအသုံးပြုကြဖို့ ၊ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းသို့ရည်ညွှန်းနှုန်းနေ့စဥ်တင်ဖို့စတဲ့ အချက် ၃ ချက်ကို ဒီကနေ့ပြုလုပ်တဲ့အစည်းအဝေးကဆုံးဖြတ်တယ်လို့ဆိုပါတယ်။ဒီနေ့မှာပဲအခေါက်ရွှေဈေးကို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက တစ်ကျပ်သားမှာ ကျပ်သိန်း ၂၀( ၂,၀၂၁,၀၀၀ကျပ်)ကျော်သတ်မှတ်ပါတယ်။ ဒါပေမယ့်ပြင်ပ မှာ၂၉သိန်း (ကျပ်၂,၉၁၀,၀၀၀)ကျော်ဈေးရှိတဲ့အတွက် ကျပ် ၈ သိန်းလောက်ကွာနေပါတယ်။

▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
ရန်ကုန်မြို့လယ် တစ်နေရာမှာ တော်လှန်လူငယ်တွေ စုပေါင်းပြီး ဒီနေ့မနက်ပိုင်းမှာ “လူထုလက်ရုံးနဲ့ တည်ဆောက်၊ တပ်ပေါင်းစုနဲ့ ချီတက်” စာသားကိုကိုင်စွဲကာ ချီတက်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့ပင်မသပိတ်အင်အားစုက ဆိုင်ကယ်သပိတ်ဆင်နွှဲခဲ့ပြီး “Reject Military”၊ “To stop Inhumanity”၊ “Accept NUG”၊ “To save Democracy” စာသားကို ကိုင် ဆောင်ခဲ့ပါတယ်။ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းလည်း ဖက်ဆစ် စစ်တပ်တော်လှန်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

▪︎မိုးကုတ်မှာစစ်ကြောင်းထိုးပြန်လာတဲ့စစ်တပ်ကိုPDFတွေတိုက်ခိုက်
မိုးကုတ်မြို့နယ်၊လောင့်စင်၊ဂွေးပင်ရွာတွေဘက်ကိုစစ်ကြောင်းထိုးပြီးပြန်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုသပိတ်ကျင်းPDF ရဲ့ မိုးကုတ်အခြေပြု တပ်ရင်းတွေက ဒီကနေမနက် ၈ နာရီခန့်မှာပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ကိုစောင့်ကြိုပြီးတော့ မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်တာကြောင့်အကြမ်းဖက်စစ်သား၁၅ဦးနဲ့အထက် ထိခိုက်သေဆုံးနိုင်ပြီးတော့ ပြည်သူ့ ရဲဘော်များ အထိအခိုက်မရှိဘူးလို့သပိတ်ကျင်းPDF ကပြောပါတယ် ။
















































