တေဇ/People’s Spring
ပြီးခဲ့သည့်ရက်က လူပျောက်ကြေညာခဲ့သည့် မြန်မာသံအဆိုတော် ကောင်းမြင့်စံ၏ အလောင်းအား ရန်ကုန်မြို့ရှိ အင်းယားကန်အတွင်း တွေ့ရှိခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များက အသိပေးထားသည်။
သေဆုံးသူအမျိုးသားသည် စိတ်ဓာတ်ကျကာ ဘဝကိုအဆုံးသတ်သွားခြင်းဖြစ်သည်ဟု ၎င်းနှင့်ရင်းနှီးသည့် ဂစ်တာနိုင်ဇော်၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။
အဆိုပါအမျိုးသားသည် ဇန်နဝါရီ ၁၇ရက် နံနက်တွင် နေအိမ်မှ ထွက်သွားခဲ့ခြင်းဖြစ်ပြီး နှစ်ရက်အကြာတွင် အင်ယားကန်အတွင်းမှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
သေဆုံးသူကို မရမ်းကုန်းရဲစခန်းမှ အကူအညီတောင်းခံမှုကြောင့် အင်းယားကန်အတွင်းမှ ခက်ခက်ခဲခဲဆယ်ယူပေးခဲ့ရကြောင်း လူမှုကူညီရေးအသင်း(ရန်ကုန်)က အသိပေးထားသည်။
သေဆုံးချိန်တွင် အသက်(၃၉)နှစ်အရွယ်ရှိပြီး နာရေးကို ဇန်နဝါရီ ၂၀ရက်တွင် ထိန်ပင်သုဿန်၌ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်း၏ မိသားစုက အသိပေးထားသည်။
ကောင်းမြင့်စံ၏ အကောင့်တွင် ဇန်နဝါရီလဆန်းက ၎င်းသေဆုံးသည်ဟု သတင်းများထွက်နေသောကြောင့်ဟုဆိုကာ ကျန်းမာရေးပြန်လည်ကောင်းပြီဖြစ်ကြောင်း ဗီဒီယိုဖိုင်နှင့် ပြန်လည်ဖြေရှင်းထားသည်ကို တွေ့ရသည်။
ကောင်းမြင့်စံသည် မြန်မာသံတေးသီချင်းအဆိုတော်တစ်ဦးဖြစ်ပြီး စုဗူး ၊ ဖြူစင်တဲ့အချစ် သီချင်းများအပါအဝင် စိုင်းဆိုင်မော့ဝ်၏ ကျွန်တော့်ရဲ့စံပယ် ၊ ရှမ်းပဲပုတ်လေးကျွန်တော် သီချင်းများကိုလည်း ပြန်လည်သီဆိုခဲ့သည်။
