Connect with us

Hi, what are you looking for?

သတင်း

ညီညွတ်ရေးအလေးထားရန် ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့အချို့ထံ ချင်းပြည်ကောင်စီဥက္ကဋ္ဌ မေတ္တာရပ်ခံစာပို့

ချင်းပြည်ကောင်စီ(CC)ဥက္ကဋ္ဌ ပူးဇင်ကျုံးက ချင်းညီနောင်အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ထံ ညီညွတ်ရေးအလေးထားရန် မေတ္တာရပ်ခံစာ ပေးပို့ထားသည်ဟု သတင်းရရှိသည်။

ချင်းပြည်ကောင်စီ(CC)ဥက္ကဋ္ဌ ပူးဇင်ကျုံးအား တွေ့ရစဉ်

ဟန်နွေ/People’s Spring

ချင်းပြည်ကောင်စီ(CC)ဥက္ကဋ္ဌ ပူးဇင်ကျုံးက ချင်းညီနောင်အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ထံ ညီညွတ်ရေးအလေးထားရန် မေတ္တာရပ်ခံစာ ပေးပို့ထားသည်ဟု သတင်းရရှိသည်။

ချင်းဒေသကာကွယ်ရေးတပ်(CDF) ၆ဖွဲ့ဖြင့် စုဖွဲ့ထားသည့် ချင်းညီနောင် အဖွဲ့ဝင်များဖြစ်သည့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/MDF)နှင့် CDF – ကန်ပက်လက်တို့ထံ CC ဥက္ကဋ္ဌနှင့် ချင်းအမျိုးသားတပ်ဦး(CNF)ဥက္ကဋ္ဌက စာပေးပို့ထားသည်ဟု သိရပြီး ချင်းညီနောင်အဖွဲ့တွင်း ဆွေးနွေးအကြံပြုချက် ရယူရမည်ဟု MTC/MDF တရားသူကြီးချုပ် R.Lakher (R.လခဲရ်)က ပြောပြသည်။

ဇန်နဝါရီ ၁၃ရက်ရက်စွဲဖြင့် ပေးပို့သည့် ဥက္ကဋ္ဌ ပူးဇင်ကျုံး၏စာတွင် ချင်းတမျိုးသားလုံး ညီညွတ်ရေးအတွက် အလေးထားရန် မေတ္တာရပ်ခံခြင်းဟုဖော်ပြကာ ယင်းနှင့် ပတ်သက်၍ ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များ၏ ကြားဝင်ဖြေရှင်းမှုများ အလေးထား ဆောင်ရွက်နေချိန်တွင် ချင်းလူမျိုးအချင်းချင်းကြား မလိုလားအပ်သော သွေးထွက်သံယိုမှု၊ စစ်ရေးတိုက်ခိုက်မှုများကို အဖွဲ့အသီးသီးမှ သတိထားရှောင်ရှားရမည့် အချိန်ကာလဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ချင်းပြည် (Chinland) ကောင်စီအနေဖြင့် ချင်းလူမျိုးအချင်းချင်းကြား ဖြစ်ပေါ်နေသည့် သဘောထား ကွဲလွဲမှုများ၊ ပဋိပက္ခများ အမြန်ဆုံးဖြေရှင်းပေါင်းစည်းနိုင်ရေးအတွက် ညှိနှိုင်းအဖွဲ့များ၏ အကြံပြုချက်များ ပေါင်းစပ်ညှိနှိုင်းမှုများကို လိုက်နာလျက် ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို အလေးထားဆောင်ရွက် နေကြောင်းလည်း ဖော်ပြထားသည်။

ထို့ကြောင့် ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို အလေးထားလျက် ချင်းလူမျိုးအချင်းချင်းကြား မလိုလားအပ်သော သွေးထွက်သံယိုမှု၊ စစ်ရေးတိုက်ခိုက်မှုများကို အဖွဲ့အသီးသီး မှ သတိထားရှောင်ရှားပြီး ညှိနှိုင်းပေါင်းစပ်မှုနည်းလမ်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံကြောင်း စာတွင်ပါရှိသည်။

ချင်းလဲန်းကောင်စီ ဥက္ကဋ္ဌက လက်မှတ်ရေးထိုးပြီး ပေးပို့လာသည့်စာတွင် MDF စစ်ဦးစီးချုပ်ကို လိပ်မူထားသည်ကို တွေ့ရသည်။

“ ဒီအပေါ်မှာ ကျနော်တို့ဘယ်လို တုံ့ပြန်မလဲဆိုတာ MTC/MDF ထဲမှာ ဆွေးနွေးမှု ရှိလိမ့်မယ်။ သူတို့ဘက်က နေ တကယ် စိတ်ရင်းအမှန်နဲ့ လိုလားပြီး ငြိမ်းချမ်းရေးဆွေးနွေးချင်သလားပေါ့နော် စားပွဲပေါ်မှာ ဆွေးနွေးအဖြေရှာချင်သလား ဆိုတဲ့ဟာတွေ သုံးသပ်ဖို့လိုပါလိမ့်မယ်။နောက်တစ်ချက်က ကျနော်တို့က ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည်နှင့်အညီ ကျနော်တို့ ချင်းညီနောင်မှာ မူဝါဒ ရှိပါတယ် CC အဖွဲ့တွေနဲ့ ဆွေးနွေးကြမယ်ဆိုရင် ချင်းညီနောင် အနေနဲ့ပဲ ဆွေးနွေးမယ် ကျနော်တို့ တယောက်တပေါက်ဆွေးနွေးတာ မဟုတ်ဘဲနဲ့ ချင်းညီနောင်တစ်ခုလုံးအနေနဲ့ ဆွေးနွေးမယ်ဆိုတဲ့ မူဝါဒအပေါ်မှာ အခြေခံပြီးသွားမှာ ဆိုတော့ ချင်းညီနောင်မှာလည်း တင်ပြဖို့ရှိပါတယ်ချင်းညီနောင်မှာ အကြံပြုချက်ယူဖို့ရှိပါတယ်” ဟု ချင်းညီနောင်အတွင်းရေးမှူး အဖွဲ့ဝင်လည်းဖြစ်သည့် R.လခဲရ်က ပြောသည်။

ယခင်က MTC/MDF ကို အသိအမှတ်မပြုခဲ့သည့် အခြေအနေမှ ယခုကဲ့သို့ စာပေးပို့ အသိအမှတ် ပြုလာသည့် ကိစ္စသည် အပြောင်းအလဲ တစ်ခု ဖြစ်သည်ဟု သုံးသပ်ကြောင်း ၎င်းက ဆိုသည်။

“ ချင်းပြည်ငြိမ်းချမ်းရေးကတော့ ပြန်လည်ပေါင်းစည်းရေးနဲ့ စည်းလုံးရေးက အင်မတန်မှ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အခုက နိုင်ငံတကာ အကူအညီတွေ တော်တော်များများ က အစိုးရ တရပ်အနေနဲ့ ချင်းပြည်နယ်အတွက်ကို အကူအညီပေးချင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအများကြီးရှိတယ်။ နှစ်ဖွဲ့ ကွဲနေတဲ့အခါ နှစ်ဖက်စလုံးကို မကူညီဘဲနဲ့ ကူညီဖို့ခက်ခဲနေတဲ့ဟာတွေအများကြီးရှိတယ်။ နှစ်ဖက် ပေါင်းနိုင်မယ်ဆိုရင်တော့ ပြည်သူလူထုအတွက် လိုအပ်တဲ့ ပြည်သူ့ဝန်ဆောင်မှု ပညာရေး၊ ကျန်းမာရေး အစရှိသဖြင့်အများကြီး လုပ်လို့ရတယ်။ အခုက နှစ်ဖွဲ့ကွဲနေတဲ့အတွက် ဒါတွေ ကျနော်တို့မလုပ်နိုင်ဘူး။ ဆိုတော့ ပြည်သူလူထုလည်း တော်တော်လေး ဒုက္ခရောက်တယ်။ နစ်နာတယ်။ ဆိုတော့ ကျနော်တို့ ပေါင်းစည်းရေးကတော့ အင်မတန်မှ အရေးကြီးတယ်” ဟု MTC/MDF တရားသူကြီးချုပ်က ပြောသည်။

ချင်းပြည်ကောင်စီ ဥက္ကဋ္ဌက ချင်းညီနောင်အဖွဲ့ဝင်အားလုံးကို စာပေးပို့လာခြင်းရှိမရှိမေးမြန်းရာ ချင်းညီနောင်အဖွဲ့အားလုံးကို ကမ်းလှမ်းခြင်း ရှိမရှိကို မသိရသေးဘဲ CDF ကန်ပက်လက်နှင့် MTC/MDF တို့ကို သီးသန့်စာပို့သည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

“ ချင်းညီနောင်ကတော့ ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ မူဝါဒတွေ အကုန်လုံးရေးဆွဲပြီးသားဖြစ်ပါတယ်”ဟု ချင်းညီနောင်အတွင်းရေးမှူး အဖွဲ့ဝင် R.လခဲရ်က ပြောသည်။

အချိန်မရွေး ဆွေးနွေးရန် တံခါးဖွင့်ထားပြီး ပေါင်းစည်းရေးအတွက် အရေးကြီးသည်မှာ သက်ဆိုင်ရာ တပ်ဖွဲ့များ၏ ထိန်းချုပ်၊ လှုပ်ရှားနယ်မြေများအား နယ်မြေကျူးကျော်ခြင်း၊ ရန်စခြင်း၊ နိုင်ငံရေးအရ စည်းရုံးရေး လုပ်ဆောင်ခြင်း စသည့် လုပ်ဆောင်ချက်များ မပြုလုပ်ရန်လိုအပ်သည်ဟုလည်း ပြောသည်။

ချင်းညီနောင်နှင့် ချင်ပြည်ကောင်စီအကြား စည်းလုံးညီညွတ်ရေးလိုအပ်မှုနှင့်ပတ်သက်၍ သဘောထားအမြင်များကို CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံဆက်သွယ်မေးမြန်းထားသည်။

သဘောထား ကွဲလွဲမှုများကြောင့် ပြဿနာအချို့ တိုက်ပွဲအချို့ရှိခဲ့သည့် ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီ အကြား စည်းလုံးညီညွတ်ရေးအတွက် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ယာယီသမ္မတ ဒူဝါလရှီးလ ပါဝင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခေါင်းဆောင်များက နှစ်ဖက်ချင်းတော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြန်ခေါ်မည်ဟု စစ်ကောင်စီကတိပေးသော်လည်း လေယာဉ်အဆုံးအရှုံးမခံနိုင်ဟုဆိုကာ ကယ်ထုတ်ခြင်း၊ ရိက္ခာချပေးခြင်းမရှိဟု စစ်သုံ့ပန်း ပြော

သတင်း

တိုက်ပွဲဖြစ်ပွားခဲ့သည့် ချင်းပြည်ကောင်စီ နှင့် ချင်းညီနောင်တို့အကြား လာမည့်အပတ်တွင် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်ထားကြောင်း ချင်းညီနောင်တာဝန်ရှိသူ ကိုရောဘတ်က ဩဂုတ် ၁၅ရက်ညပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အသိပေး ပြောသည်။