Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့ လေကြောင်းမှစစ်ကူလာစဉ် ဖမ်းမိသည့် စစ်သုံ့ပန်းများအား ချင်းညီနောင်အဖွဲ့ဝင် CNDF ထုတ်ပြ

ပြန်ခေါ်မည်ဟု စစ်ကောင်စီကတိပေးသော်လည်း လေယာဉ်အဆုံးအရှုံးမခံနိုင်ဟုဆိုကာ ကယ်ထုတ်ခြင်း၊ ရိက္ခာချပေးခြင်းမရှိဟု စစ်သုံ့ပန်း ပြော

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲသို့ ရဟတ်ယာဉ်များဖြင့် စစ်ကူလာသည့် စစ် ကောင်စီတပ်ဖွဲ့ဝင်များအား ဖမ်းမိထားစဉ်။ (ဓာတ်ပုံ - ဖမ်းမိထားသောစစ်သုံ့ပန်းဖိုင်)

ဟန်နွေ/People’s Spring

ချင်းညီနောင်စစ်ဆင်ရေး ဖော်ဆောင်နေသည့် ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲသို့ ရဟတ်ယာဉ်များဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော်အား ဖမ်းဆီးရမိပြီး၎င်းတို့အား ကောင်းမွန်စွာထားရှိကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က ယနေ့(ဇန်နဝါရီ ၃၁ရက်) ထုတ်ပြန်ပြသခဲ့သည်။

ဖလမ်းမြို့သိမ်း စစ်ဆင်ရေးကို ၂၀၂၄နိုဝင်ဘာ ကစတင်ခဲ့ရာ စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် စစ်ကူပို့ဆောင်ခဲ့သည်။ ထိုသို့ စစ်ကူပို့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကို ချင်းညီနောင်က ဒီဇင်ဘာအတွင်း ဖမ်းမိခဲ့သည်။

ဖမ်းမိစစ်သုံ့ပန်းများ၏ ပြောပြချက်အရ စစ်ကူလာသည့် တပ်ဖွဲ့ဝင်များအနေဖြင့် ဖလမ်းမြို့ကို စစ်ကူလာရမည်ကို မသိဘဲ ရဟတ်ယာဉ်ပေါ် တက်ခိုင်း၍ တက်လာရခြင်းဖြစ်ကာ ဖလမ်းမြို့ရှိ တောင်ကုန်းတနေရာသို့ ချပေးသွားသည်ဟုဆိုသည်။ ဖလမ်းသို့ ရောက်ရောက်ချင်း တိုက်ပွဲ၌ပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့ပြီး တောအတွင်း ဒဏ်ရာရသူများ၊ ဒဏ်ရာဖြင့်သေဆုံးသူများ၊ အစာရေစာငတ် ပြတ်မှုများ ဖြစ်ခဲ့ရကြောင်း စစ်သုံ့ပန်းတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက သတ်မှတ်နေရာသို့ ရောက်ရှိပါက လေကြောင်းမှ လာခေါ်မည်ဟု ကတိပေးသော်လည်း ပျက်ကွက်ခဲ့သည်ဟုလည်း စစ်သုံ့ပန်းတစ်ဦးက ပြောပြသည်။

” အဲဒီ ကတိပေးထားတဲ့ဟာကို သူတို့ကိုယ်တိုင် ကတိဖျက်တာ။ အဲဒါကို စိတ်နာနေကြတာ ဒီကအဖွဲ့တွေက။ လေယာဉ်တစီးနဲ့ မင်းတို့ လူ ၂၄ယောက်နဲ့ မလဲနိုင်ဘူးဆိုတဲ့စကားကိုတအားစိတ်နာသွားတာ”ဟု အဆိုပါ စစ်သုံ့ပန်းက ပြောသည်။

၎င်းတပ်ဖွဲ့ဝင်သည် စစ်ကောင်စီတပ်တွင် သင်တန်းသားအသစ်များအား နည်းပြအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ကတိမတည်သည့် တပ်ဖွဲ့ဝင်များ၏ အသက်ကို အလေးမထားသည့် စစ်ကောင်စီကို ပြည်သူ့စစ်မှုထမ်းအဖြစ်စုဆောင်းထားသူများသာမက စစ်ကောင်စီတပ်ဖွဲ့ဟောင်းများကပါ စိတ်နာကြကြောင်း ပြောပြသည်။

အခြား စစ်သုံ့ပန်းတစ်ဦးကလည်း ” ဒီကလွတ်သွားလည်း ကလေးမြို့ကို မပြန်တော့ဘူး ကျနော်တို့က ။ ဒီအထဲမှာပဲ ပူးပေါင်းတော့မယ်။ မလုပ်ချင်တော့ဘူး။ စိတ်နာတယ်။ စားနပ်ရိက္ခာ လာချပေးပါဆို မင်းတို့အတွက်နဲ့ ငါ့လေယာဉ် အဆုံးရှုံးမခံနိုင်ဘူးတဲ့။ အဲဒါဆို ဘာလုပ်တော့မှာလည်း ကျနော်တို့မှာ ။ဘာမှ လုပ်စရာမရှိတော့ဘူး သူတို့ကို ပြန်တိုက်ဖို့ပဲရှိတော့တယ်”ဟု စစ်ကောင်စီတပ်မှ အသက်အရွယ် ကြီးပြီဖြစ်သော တပ်ဖွဲ့ဝင် စစ်သုံ့ပန်းတစ်ဦးက ပြောပြသည်။

လက်ရှိ ဖမ်းမိစစ်သုံပန်းများအနေဖြင့် ချင်းညီနောင်တွင် အဖမ်းခံရစဉ်ကတည်းက ကောင်းမွန်စွာ နေထိုင်စားသောက်ရပြီး အကျယ်ချုပ်သဘောသာနေကြရ၍ အဆင်ပြေကြောင်း စစ်သုံ့ပမ်းများက ပြောသည်။

ယင်းနှင့်ပတ်သက်၍ CNO/CNDF တပ်မှူးတစ်ဦးကလည်း “CNO/CNDF တွေက ဒီလိုထားတဲ့အတွက် ကျနော်တို့ဘက်မှာ ကောင်းကောင်းမွန်မွန်နေဖို့တော့အရေးကြီးတယ် ။ နောက်ပြီးတော့ ပြည်သူ့ရင်ခွင် ပြန်ပူးပေါင်းဖို့ ကျနော်နှိုးဆော်ချင်ပါတယ်” ဟု ပြောကြားခဲ့သည်ကိုလည်း ရုပ်သံ၌ တွေ့ရသည်။

ထို့ပြင် စစ်ကောင်စီတပ်၌ နည်းပြအဖြစ်လုပ်ခဲ့သည့် စစ်သုံ့ပန်းတစ်ဦးကလည်း ကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထူးသဖြင့် ယခုနောက်ပိုင်း၌ စုဆောင်းခြင်းခံရသည့် ပြည်သူ့စစ်မှုထမ်း စစ်သည်များအနေဖြင့် စစ်ကောင်စီတပ်အရာရှိများ၏ ပြောစကားများကို နားမယောင်ဘဲ ပြည်သူ့ တော်လှန်ရေးဘက်သို့ ကူးပြောင်းကြရန် တိုက်တွန်းခဲ့သည်။

” တပ်ကလူကြီးတွေ ပြောတဲ့စကားကို နားမယောင်ပါနဲ့ တော့လို့ပဲ ပြောချင်တယ်။ ကျနော်ကိုယ်တိုင်ကလည်း နည်းပြလုပ်ခဲ့ဖူးတယ် ။ နည်းပြလုပ်ခဲ့ဖူးတော့ ဘယ်လိုနားထဲကို ရိုက်သွင်းလဲဆိုတော့ မင်းတို့တွေ လက်နက်ချ အဖမ်းခံရရင်လည်း အသတ်ခံရမှာပဲ။ ဒီတိုက်ပွဲဖြစ်လို့ သေတာက မြတ်တယ်။ မင်းတို့ လက်နက်ချအဖမ်းခံပြီးတော့ သေနတ်တွေ ကျည်ဆန်တွေသွားပေးရင်လည်း မင်းတို့ အသတ်ခံရမှာပဲ သေလမ်းပဲရှိတယ် ရှင်လမ်းမရှိဘူးဆိုတဲ့ စကားကို နားမယောင်ပါနဲ့လို့ ပြောချင်တယ်”ဟု အဆိုပါ စစ်သုံ့ပန်း က ပြောသည်။

CNO/CNDF ပါဝင်သည့် ချင်းညီနောင် မဟာမိတ်များသည်ဖမ်းမြို့သိမ်း စစ်ဆင်ရေးကို ရက်ပေါင်း ၈၀ ခန့်ကြာသည်အထိ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။ စစ်ဆင်ရေး အတွင်း ဖလမ်းမြို့ရှိ စစ်ကောင်စီ ရဲစခန်း၊ ဌာနဆိုင်ရာများနှင့် စစ်ကောင်စီတပ်စွဲရာ များကို ချင်းညီနောင်က သိမ်းပိုက်ထားပြီး ဖလမ်းအခြေစိုက် ခလရ(၂၆၈) တပ်ရင်းတစ်ခုသာ ကျန်တော့သည်။

အဆိုပါ စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များလည်း အသက်မသေဆုံးလိုပါက စစ်ကောင်စီခေါင်းဆောင်များအား အကာအကွယ်ပေးမှု ဆက်လက်မပြုလုပ်ဘဲလက်နက်ချရန် CNDF တာဝန်ရှိသူတို့က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်မြို့သိမ်းတိုက်ပွဲများအတွင်း ဖမ်းမိထားသည့် စစ်သုံ့ပန်းများအနက် သုံ့ပန်းနှင့် မိသားစုဝင် ၁၀၀ကျော်ကို အာရက္ခတပ်တော်(AA)က ပြန်လွတ်ပေးလိုက်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေရှိ ဘီးလင်းမြို့နယ် မဲပလီကျေးရွာအခြေစိုက် စစ်ကောင်စီဗျူဟာစခန်းမှ ထွက်ပြေးသွားသည့် တပ်ဖွဲ့ဝင် ၁၉ဦးကို ဖမ်းဆီးရရှိထားကြောင်း မဲပလီစခန်းသိမ်းတိုက်ပွဲ၌ ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ် တစ်ဦးကအတည်ပြုသည်။

သတင်း

ချင်းညီနောင်၏ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း ဖမ်းမိခဲ့သည့် စစ်သုံ့ပန်းများ၏ စကားသံများကို ချင်းညီနောင်က ထုတ်ပြန်ခဲ့ရာ စစ်မှုထမ်းစစ်သားများ လက်နက်ချရန်အခွင့်ရပါက တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ကြရန် ဖမ်းမိစစ်သုံ့ပန်များက တိုက်တွန်းပြောဆိုသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) သထုံခရိုင် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဲပလီဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် (၄၂)လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဖေဖော်ဝါရီ ၅ရက်) သတင်းထုတ်ပြန်သည်။