မိထက် ၊သုည/People’s Spring
ရန်ကုန်မြစ်အတွင်းလှေမောင်းသူအပါအဝင် ၁၂ဦးလိုက်ပါလာသော ခရီးသည်တင်စက်လှေတစ်စီးတိမ်းမှောက်ပြီး ၁၁ဦး ကယ်ဆယ်ထားနိုင်ပြီးတစ်ဦး ပျောက်ဆုံးနေသည်။
မတ်လ ၄ ရက်နေ့ညနေသုံးနာရီခန့်တွင် ဆိပ်ကြီးခနောင်တိုမြို့နယ်ဆိပ်ကမ်းမှ ထွက်ခွာလာသည့် စက်လှေတစ်စီးသည် ကလီဆိပ်ကမ်းအနီးတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်စဥ် ယာဉ်မောင်းအပါ၁၂ဦးအနက် ၁၁ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကာ ကျန်ပျောက်ဆုံးနေသူတစ်ဦးအား ဆက်လက်ရှာဖွေနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement
ကလီဆိပ် မှ ပန်းဆိုးတန်းဆိပ်ကမ်းအထိ ဆိပ်ကြီးခနောင်တိုမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက လည်းကောင်း၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ ဗိုလ်တစ်ထောင်ဆိပ်ကမ်းအထိ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက လည်းကောင်း ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေသည်ဟုအသိပေးထားသည်။
“သဗ္ဗာန်က ၃ နာရီလောက်က မှောက်တာပါ။ အားလုံး ၁၂ ယောက်က ၁၁ ယောက်ပဲ တွေ့ပြီး တစ်ယောက်ပျောက်နေတယ်လို့ ပြောတယ်။ အခုထိတော့ ကယ်ဆယ်ရေးအဖွဲ့တွေ ရှာနေတုန်းပဲ။ အဓိကတော့ သဗ္ဗာန်သမားအချို့က အရက်သောက်ပြီး လှိုင်းကြီးလည်း ဇွတ်မောင်းကြတယ်။ လူတင်ရင်လည်း သဗ္ဗာန်တစ်စီးကို ဆန့်သလောက် ကြပ်နေအောင်တင်တယ်။ သက်ကယ်ဝတ်စုံဆိုလည်း နည်းနည်းပဲပါတယ်။ ပြီးတော့ ညစ်ပတ်နံစော်နေတော့ လူတွေက မဝတ်ချင်ကြဘူး။ အဲဒီတော့ သဗ္ဗာန်တစ်စီးမှောက်တိုင်း အမြဲတမ်း တစ်ယောက် မဟုတ် တစ်ယောက် သေကြတာ များပါတယ်” ဟု ကလီဆိပ်ကမ်းမှ နေ့စဥ်သဗ္ဗာန်စီးသည့် ခရီးသည်တစ်ဦးက ပြောသည်။
ရန်ကုန်မြို့ရှိ ဆိပ်ကြီးခနောင်တိုဆိပ်ကမ်း၊ ပန်းဆိုးတန်းဆိပ်ကမ်း၊ ဒလဆိပ်ကမ်းနှင့် ကြည့်မြင်တိုင်ဆိပ်ကမ်းတို့တွင် မကြာခဏ ဆိုသလို သဗ္ဗာန်များ တိမ်းမှောက်လျက်ရှိသော်လည်း စစ်ကောင်စီက ပြည်သူများ၏ လုံခြုံရေးနှင့် အသက်ကယ်ဝတ်စုံတို့ကို ပြည့်စုံအောင် စီမံပေးခြင်း မရှ်ိကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။
