ဩဂုတ်-၁၊၂၀၂၆။ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်မှာလစာထုတ်ပြီးအပြန်ပညာရေးဝန်ထမ်းဆရာ၊ ဆရာမတွေပါဝင်တဲ့ခရီးသည်တင်စက်လှေတစီး နစ်မြုပ်ရာဆရာမ၁ဦးသေဆုံးပြီး၈ဦးပျောက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့ နေ့လယ်ပိုင်းမှာ တောင်ကုတ်ဘက်ကနေ ဖောင်းခါးရွာဆီ ပြန်လာတဲ့ စက်လှေနစ် မြုပ်ခဲ့တာဖြစ်ပါတယ်။
“တောင်ကုတ်ကဖောင်ခါးကိုအပြန်ပညာရေးဝန်ထမ်းတွေလကုန်တော့လစာထုတ်ပြီးပြန်လာကြတာနေမှာပေ့ါ။၄ယောက်ရှာတွေ့ထားပြီ။ ရှစ်ယောက်ကတော့ ရှာမတွေ့သေးဘူးပြောတယ်” လို့ တောင်ကုတ်ဒေသခံတဦးကပြောပါတယ်။

Public Service Announcement
နစ်မြုပ်ခဲ့တဲ့ စက်လှေပေါ်မှာ တောင်ကုန်မြို့နယ် ဖောင်းခါး၊ ကလိန်တောင်၊ ပန်းတင်းနဲ့ တန်းလွဲရွာမကျေးရွာတို့ကဒေသခံတွေဖြစ်ပြီးသေဆုံးသွားသူဟာ ဖောင်းခါးရွာမှာ တာ၀န်ကျနေတဲ့ပန်းတင်းရွာမှအသက် ၃၀နှစ် အရွယ်ဆရာမဒေါ်ပပစိုးဖြစ်ပါတယ်။စက်လှေဟာငမုန်းတိုင်းကျေးရွာအနီးမှာ လေပြင်းကြောင့် နစ်မြုပ်ခဲ့တာလို့ သိရပါတယ်။
ပျောက်ဆုံးနေသူ ၈ ဦးမှာ ဆရာ၊ဆရာမ ၄ ဦး၊ကျောင်းသား ၁ ဦး ၊ဒေသခံအရပ်သား ၃ ဦးပါဝင်တယ်လို့သိရပါတယ် ။ ရှာတွေ့ပြီးအသက်ရှင်သူ ၄ ဦးမှာလည်း ဆရာမ ၁ဦးပါဝင်ပါတယ် ။
“လေပြင်းကြောင့် မြုပ်တာကြားတယ်။ ပြီးရင်အခုက လပြည့်ဖျား(ဒီရေ)ဆိုတော့ရေလည်းကြီးတယ်” လို့ အခြားတောင်ကုတ်ဒေသခံတဦးက ပြောပါတယ်။
အာရက္ခတပ်တော်(AA)ရဲ့ ပညာရေးဌာနဟာ ဇူလိုင်လကနေစပြီး သင်ကြားရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို လစာ ပေးတဲ့စနစ် ကျင့်သုံးခဲ့တာဖြစ်ပြီး ဝန်ထမ်းတွေဟာ လကုန်ရက် လစာထုတ်ဖို့နဲ့ အစည်းအဝေးတက်ဖို့ သွားကြတာ ဖြစ်ပါတယ်။
မြစ်၊ချောင်းပေါများတဲ့ရခိုင်ပြည်နယ်အတွင်းက ကျေးလက်ဒေအများစုမှာ ကားလမ်းတွေမရှိ၊သလောက် နည်းပါးတာကြောင့် ဒေသခံတွေဟာ ကျန်းမာရေး၊ ပညာရေး၊ ကုန်စည်ပို့ဆောင်ရေးတို့အတွက် ရေကြောင်းကိုပဲ အဓိကအားထားသွားလာနေကြရပြီးမိုရာသီရောက်တိုင်း ရေနစ်သေဆုံးသူတွေ နှစ်စဉ် ရှိနေတာပါ။
အချို့မြို့နယ်တွေမှာဆိုရင်ကျောင်းသူ၊ ကျောင်းသားတွေဟာ ချောင်းကူး၊ မြောင်းကူးကာ ကျောင်းသွားတက်ကြရ ပြီး မိုးတွင်းကာလ ယတံတားကျိုးကျတာ၊ကူးတို့လှေမှောက်တာတို့ကြောင့်လည်းသေဆုံးရတာတွေ ရှိနေခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၁၅ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြုပ်သွားခဲ့တာကြောင့် စက်လှေပေါ်လာသူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။


















































