Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော် အမတ်က ပြိုင်ဘက်ပါတီရဲ့ အထက်လွှတ်တော် အမတ်လောင်းကို ထောက်ခံ

အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲရဲ့ မစ်ချီဂန် အထက်လွှတ်တော် အမတ်နေရာအတွက် ပြိုင်ဘက် ရီပတ်ဘလစ်ကန် ပါတီရဲ့ ကိုယ်စားလှယ်လောင်းကို ထောက်ခံမယ့်အကြောင်း ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော် အမတ်တစ်ဦးက ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - AP

အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲရဲ့ မစ်ချီဂန် အထက်လွှတ်တော် အမတ်နေရာအတွက် ပြိုင်ဘက် ရီပတ်ဘလစ်ကန် ပါတီရဲ့ ကိုယ်စားလှယ်လောင်းကို ထောက်ခံမယ့်အကြောင်း ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော် အမတ်တစ်ဦးက ကြေညာခဲ့ပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့မှာ လက်ရှိ အောက်လွှတ်တော် အမျိုးသမီး အမတ်တစ်ဦးဖြစ်သူ ဒီမိုကရက်တစ် ပါတီဝင် ဟေလီစတီဗန်စ်က ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ်လောင်း မိုက်ခ်ရိုဂျာစ်နဲ့ အတူယှဉ်တွဲရပ်ရင်း သူက ရိုဂျာစ်ကို ထောက်ခံသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ ဒီမိုကရက်တစ် ပါတီက အထက်လွှတ်တော် အမတ်နေရာမှာ ယှဉ်ပြိုင်စေဖို့ အက်ဘ်ဒူလ် အယ်လ်ဆာယက်ဒ်ကို ရွေးချယ်ခဲ့တဲ့နောက် ရက်ပိုင်းအကြာမှာ စတီဗန်စ်က အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ စတီဗန်စ်ဟာ အယ်လ်ဆာယက်ဒ်နဲ့ ပြိုင်ပြီး အဲဒီနေရာအတွက် ရွေးချယ်ခံခဲ့ပေမယ့် အရေးနိမ့်ခဲ့သူပါ။ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲပြီးရင် အထက်လွှတ်တော်ကို အင်အား အသာစီးနဲ့ ပြန်လည် ထိန်းချုပ်နိုင်ဖို့ မျှော်လင့်နေတဲ့ ဒီမိုကရက်တစ် ပါတီအတွက်တော့ စတီဗန်စ်ရဲ့ ဘက်ပြောင်းထောက်ခံမှုဟာ အတော်လေး အရုပ်ဆိုးတဲ့ အတွင်းပိုင်း ပဋိပက္ခ ဖြစ်လာစေပါတယ်။

အယ်လ်ဆာယက်ဒ်ရဲ့ မဲဆွယ်စည်းရုံးမှုတွေနဲ့ သူက ဘာပတ်သက်မှုမှ မရှိကြောင်း၊ ဒါကြောင့်လည်း သူက ရိုဂျာစ်ဖက်က ရပ်တည်ဖို့ ရွေးချယ် ဆုံးဖြတ်ခဲ့ကြောင်း အသက် ၄၃ နှစ်အရွယ် စတီဗန်စ်က လူမှုကွန်ရက် မီဒီယာ Xမှာ ဗီဒီယိုတစ်ခုတင်ပြီး ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူ့ရဲ့ လုပ်ရပ်ဟာ ဒီမိုကရက်တစ်ပါတီ လုပ်ဖော်ကိုင်ဖက် အများအပြားကို အငိုက်မိပြီး အံ့ဩသွားစေခဲ့ပါတယ်။ တစ်ယောက်ကတော့ ရွေးကောက်ပွဲ မတိုင်ခင် ၂ ရက်အလိုမှာ ပြိုင်ဘက်ပါတီရဲ့ အမတ်လောင်းကို အတိအလင်း ထောက်ခံတဲ့ စတီဗန်စ်ရဲ့ ရပ်တည်မှုဟာ စက်ဆုပ်စရာ သစ္စာဖောက်မှုလို့ ပြစ်ပြစ်နှစ်နှစ် စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။

ဒီမိုကရက်တစ် ပါတီရဲ့ အလယ်အလတ် ဝါဒီလို့ လူသိများတဲ့ စတီဗန်စ်နဲ့ လက်ဝဲယိမ်း နိုင်ငံရေးသမား အယ်လ်ဆာယက်ဒ်တို့ကြားက ပဋိပက္ခတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လူသိရှင်ကြား ဖြစ်လာပါတယ်။ စတီဗန်စ်ဟာ ပါတီတွင်း စည်းလုံးမှုကို ပြသဖို့အတွက် အယ်လ်ဆာယက်ဒ်ရဲ့ နိုဝင်ဘာ ၁ ရက်နေ့ မဲဆွယ်ပွဲ တစ်ခုဆီ သွားရောက်ဖို့ မူလက စီစဉ်ထားပေမယ့် မလာဖို့ အယ်လ်ဆာယက်ဒ်က တားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် စတီဗန်စ်က ရိုဂျာစ်နဲ့အတူ ယှဉ်တွဲရပ်ရင်း သတင်းထောက်တွေနဲ့ စကားပြောခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲရဲ့ အခြေအနေက အရမ်း အကြိတ်အနယ် ဖြစ်နေတယ်ဆိုတာ အားလုံး သိထားကြောင်း၊ ဒါပေမဲ့ အယ်လ်ဆာယက်ဒ်က သူ့ကို မဲဆွယ်မှုတွေအတွက် အလိုမရှိသလို၊ မဖိတ်ခေါ်ခဲ့ကြောင်း စတီဗန်စ်က သတင်းထောက်တွေကို ပြောပါတယ်။

စတီဗန်စ်ရဲ့ ဘက်ပြောင်းထောက်ခံမှုနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါ အယ်လ်ဆာယက်ဒ်က သူဟာ မစ်ချီဂန် ပြည်သူတွေ ကြုံတွေ့နေတဲ့ အခက်အခဲတွေ အကြောင်းပဲ တွေးနေပြီး တခြား အရေးမပါတဲ့ ကိစ္စတွေကို ခေါင်းထဲ ထည့်မထားကြောင်း၊ စတီဗန်စ် ဘာလုပ်လုပ် အရေးလည်း မကြီးကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ