Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

သစ္စာတရားတို့ မြဲလေသောအခါ — Heart of the beast (၂၀၂၆)

အငြိမ်းစား အထူးတပ်ဖွဲ့ဝင်ဟောင်း ဂျိမ်းစ်(Brad Pitt)ဟာ စစ်မြေပြင်မှာ စိတ်ဒဏ်ရာတွေ ရရှိထားတဲ့ သူ့ရဲ့သစ္စာရှိ တိုက်ခိုက်ရေး ခွေးလေး အိုဒင်နဲ့အတူ အလက်စကာ (Alaska) တောနက်ကြီးထဲကို ရေပေါ်ဆင်းလေယာဉ်ငယ်တစ်စင်းနဲ့ အလည်အပတ် ထွက်ခွာလာခဲ့ကြတယ်။

ဝဇီရာ/People’s Spring

အငြိမ်းစား အထူးတပ်ဖွဲ့ဝင်ဟောင်း ဂျိမ်းစ်(Brad Pitt)ဟာ စစ်မြေပြင်မှာ စိတ်ဒဏ်ရာတွေ ရရှိထားတဲ့ သူ့ရဲ့သစ္စာရှိ တိုက်ခိုက်ရေး ခွေးလေး အိုဒင်နဲ့အတူ အလက်စကာ (Alaska) တောနက်ကြီးထဲကို ရေပေါ်ဆင်းလေယာဉ်ငယ်တစ်စင်းနဲ့ အလည်အပတ် ထွက်ခွာလာခဲ့ကြတယ်။

လေယာဉ်ပျံသန်းနေတုန်းမှာပဲ ဂျိမ်းစ်နှလုံးဖောက်လာလို့ တောနက်ထဲက ရေကန်ထဲကို လေယာဉ်ပျက်ကျသွားခဲ့တယ်။ ကံကောင်းထောက်မလို့ ဂျိမ်းစ်ရော ခွေးလေးအိုဒင်ပါ အသက် မသေခဲ့ဘူး။

ဂျိမ်းစ်နဲ့ ခွေးလေး အိုဒင်တို့ဟာအခုမှ ဒုက္ခနဲ့ တွေ့ဖူးကြတာတော့ မဟုတ်ဘူး။ အရှေ့အလယ်ပိုင်း စစ်မြေပြင်မှာလည်း အတူတကွ တာဝန်ထမ်းဆောင်ခဲ့ဖူးကြပြီး ဒုက္ခတွေ အများကြီး ရောက်ခဲ့ဖူးကြတယ်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးတစ်ခုအတွင်းမှာဆိုရင် ဂျိမ်းစ်တို့ တပ်ဖွဲ့ဟာရန်သူတွေရဲ့ချုံခိုတိုက်ခိုက်မှုနဲ့ မိုင်းပေါက်ကွဲမှုတွေပြင်းပြင်းထန်ထန် ကြုံတွေ့ခဲ့ရတယ်။ အဲဒီတိုက်ပွဲအတွင်းမှာ ဂျိမ်းစ်ရဲ့ ရဲဘော်ရဲဘက် အများအပြား ကျဆုံးခဲ့ရပြီး ဂျိမ်းစ်ကိုယ်တိုင်လည်း ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်။ အဲဒီအချိန်ကတည်းကဂျိမ်းစ်အနားမှာရှိခဲ့တာခွေးကလေးအိုဒင်ပါ။

တိုက်ပွဲအတွင်း ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ ဗုံးပေါက်ကွဲမှုရဲ့အရှိန်ကြောင့် ဂျိမ်းစ်မှာ ပြင်းထန်တဲ့ စိတ်ဒဏ်ရာရရှိခဲ့သလို နှလုံးကျန်းမာရေးလည်း ထိခိုက်သွားခဲ့တယ်။

အိုဒင်လည်း သူ့သခင် ဂျိမ်းစ်လိုပဲ တိုက်ပွဲအတွင်း ပေါက်ကွဲသံတွေ၊ သွေးသံရဲရဲ မြင်ကွင်းတွေကြောင့် ပြင်းထန်တဲ့ စိတ်ဒဏ်ရာရရှိခဲ့တယ်။ ​ခြေတစ်ဖက်လည်းပြတ်​နေလို့​ခြေတုတပ်ထားရပါတယ်။

တာဝန်ကနေ အငြိမ်းစားယူပြီးချိန် ဂျိမ်းစ်က အိုဒင်နဲ့အတူ လူသူဝေးရာ အလက်စကာ တောနက်ထဲ နှစ်ဦးသားထွက်လာချိန်မှာပဲ လေယာဥ် ပျက်ကျခဲ့တာပါ။

ဇာတ်လမ်းကတော့ Survival Thriller ကြိုက်တဲ့သူတွေအတွက် သင့်တော်ပါတယ်။ ရုပ်ရှင်ဝေဖန်ရေးဆရာတွေကတော့ မင်းသား Brad Pitt ရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်မှုနဲ့ ခွေးလေး အိုဒင်ရဲ့ ချစ်စရာကောင်းပြီး ရင်ထဲထိစေတဲ့ သရုပ်ဆောင်ချက်တွေကို အထူးချီးကျူးခဲ့ကြပါတယ်။

ဒီဇာတ်ကားထဲမှာ သဘောကျမိတာက ခွေးကလေးအိုဒင်ရဲ့ စိတ်ဒဏ်ရာတွေကို ပြသတဲ့ဇာတ်ဝင်ခန်းတွေပါ။ အိုဒင် ရဲ့ စိတ်ဒဏ်ရာကို ရုပ်ရှင်ထဲမှာ ပုံဖော်ပြသွားပုံက တကယ့်ကို အသေးစိတ်ကျပြီး ရင်ထဲထိစေပါတယ်။ စကားမပြောတတ်တဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့ အကြောက်တရားနဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကို ပရိသတ်ခံစားမိအောင် ဒါရိုက်တာ David Ayer က ရုပ်ရှင်အတတ်ပညာပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေနဲ့ သေသေချာချာ ဖန်တီးပြသွားတာ တွေ့ရပါတယ်။

မိုးခြိမ်းသံ၊ သစ်ကိုင်းကျိုးသံ ဒါမှမဟုတ် မီးပုံကနေ မီးပွားလေးတွေ ဖျတ်ခနဲ လွင့်စဉ်လာတဲ့ အခိုက်အတန့်တွေမှာ အိုဒင် ချက်ချင်း ထိတ်လန့်တုန်လှုပ်သွားပုံ၊ နားရွက်လေးတွေ ကုပ်ပြီး မြေပြင်မှာ ဝပ်တွားသွားပုံတွေက စစ်မြေပြင်က ဗုံးပေါက်ကွဲသံတွေကို ပြန်ကြားယောင်နေမှန်း စကားတစ်ခွန်းမှ မပြောဘဲ နားလည်စေပါတယ်။

စိတ်ဒဏ်ရာကြောင့် အန္တရာယ်တစ်ခုခု ခံစားရတိုင်း ချက်ချင်း မာန်ဖီတိုက်ခိုက်ဖို့ ပြင်ဆင်တတ်ပေမဲ့ သခင်ဖြစ်သူ ဂျိမ်းစ်ရဲ့ အသံနဲ့ အထိအတွေ့ကို ရလိုက်တာနဲ့ တဖြည်းဖြည်း စိတ်ငြိမ်သက်သွားပုံက သူတို့နှစ်ယောက်ကြားက ယုံကြည်မှုကို ပိုပြီး ပေါ်လွင်စေပါတယ်။

ဂျိမ်းစ်ကိုယ်တိုင်လည်း အိပ်မက်ဆိုးတွေ မက်ပြီး လန့်နိုးလာချိန်မှာ အိုဒင်က အနားကပ်ပြီး နှစ်သိမ့်ပေးသလို၊ အိုဒင် ကြောက်လန့်နေချိန်မှာဂျိမ်းစ်ကပြန်ဖက်ထားပေးတာမျိုးက စိတ်ဒဏ်ရာရနေသူ နှစ်ဦး အချင်းချင်း ပြန်လည်ကုစားပေးနေပုံကို အလှပဆုံး ပုံဖော်နိုင်ခဲ့တာပါ။

စစ်ဟာ လူတွေတင်မက တိရိစ္ဆာန်လေးတွေကိုပါ စိတ်ဒဏ်ရာတွေ ရရှိစေခဲ့တယ်ဆိုတာ ဒီဇာတ်ကားက ပြသသွားခဲ့တယ်။ ကျနော်တို့ နိုင်ငံမှာလည်း စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်ဟာ မြေပြန့်အထိပါ ကျယ်ပြန့်လာခဲ့တယ်။အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ ကျွဲ၊ နွား တိရိစ္ဆာန်တွေလည်း မနည်းမနောပါ။

ဇာတ်ကားထဲက အိုဒင်လိုပဲ စိတ်ဒဏ်ရာ ရသွားတဲ့ ခွေးကလေးတွေလည်း အများကြီး ရှိနိုင်ပါတယ်။တခါက အရာတော်နယ်က ခွေးကလေးတစ်ကောင်ဆို လေယာဥ်သံ ကြားတာနဲ့ ဗုံးခိုကျင်းထဲ သူ့ဘာသာ ဝင်ပြေးသတဲ့။ အာဏာသိမ်းစစ်တပ်ကြောင့် လူတွေတင်မက တိရိစ္ဆာန်တွေပါ စိတ်သောက ရောက်ကြရပါတယ်။

စစ်ပွဲတွေ ပြီးဆုံးသွားရင်တောင် စိတ်ထဲမှာ စွဲထင်ကျန်ရစ်နေမယ့် ဒဏ်ရာတွေကို ဘယ်လို ကျော်ဖြတ်ကြမလဲဆိုတဲ့ မေးခွန်းကို “Heart of the Beast” က ဂျိမ်းစ်နဲ့ ခွေးလေး အိုဒင်တို့ရဲ့ ခရီးလမ်းကတစ်ဆင့် ရိုးရှင်းစွာ ပြောပြသွားခဲ့ပါတယ်။ ကျည်ဆန်တွေနဲ့ ဗုံးသံတွေ ကြားထဲမှာတောင် ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်မှုကသာ အသက်ဆက်ရှင်သန်ဖို့ အခိုင်မာဆုံး အားအင် ဖြစ်နေတယ်ဆိုတာကတော့ သေချာလှပါတယ်။

ဆက်စပ်သတင်းများ

Facebook