Connect with us

Hi, what are you looking for?

သရော်စာ

ဗြဟ္မာ့ဦးခေါင်း တရားစီရင်ခန်း

အခုဆိုရင်ဖြင့် မြန်မာပြည်ဖွား ဗြဟ္မာ့ဦးခေါင်းကြီး ယမ်းပုံမီး ကျလို့နေပါတယ်။ သွေးတွေ တိုး၊ ဆီးချိုတွေလည်း တက်နေတယ်လို့ သူ့မိသားစု ဆရာဝန်ဆီက သတင်းပေးပို့ချက် တစ်ခုကိုလည်း အခုပဲ လက်ခံရရှိထားပါတယ်။

— သျှိသျှား ရေးသားသည်။

အခုဆိုရင်ဖြင့် မြန်မာပြည်ဖွား ဗြဟ္မာ့ဦးခေါင်းကြီး ယမ်းပုံမီး ကျလို့နေပါတယ်။ သွေးတွေ တိုး၊ ဆီးချိုတွေလည်း တက်နေတယ်လို့ သူ့မိသားစု ဆရာဝန်ဆီက သတင်းပေးပို့ချက် တစ်ခုကိုလည်း အခုပဲ လက်ခံရရှိထားပါတယ်။

ဗြဟ္မာ့ဦးခေါင်းဆိုတာ အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘွဲ့တွေထဲက တစ်ခုပါ။ ဒီဘွဲ့က သူ့ကိုယ်သူ ပြန်ပေးအပ်ထားတဲ့ ဘွဲ့တွေထဲက မဟုတ်ပါဘူး။ သူ့ အရည်အချင်းနဲ့ ကိုက်ညီတာကြောင့် လူထုဘက်က ရက်ရက်ရောရော၊ ထိုက်ထိုက်တန်တန် ပေးအပ်ထားတဲ့ ဘွဲ့ပါ။

သမုဒ္ဒရာထဲ ပစ်ချရင် ရေခမ်း၊ ကောင်းကင်ပေါ် ပစ်တင်ရင် မိုးခေါင်၊ မြေပြင်မှာ ပစ်ထားရင် မီးဟုန်းဟုန်း တောက်လောင်တဲ့ ဗြဟ္မာဦးခေါင်းကြီးဆိုတဲ့ ဒီဘွဲ့က သူနဲ့ ဘယ်လို ထိုက်တန်သလဲဆိုတာ မကြာသေးမီက သူ သွားရောက်ခဲ့တဲ့ ပြည်ပ နိုင်ငံတွေရဲ့ ခရီးစဉ်အတွင်း အဲဒီနိုင်ငံတွေ ကြုံတွေ့လိုက်ရတဲ့ ဖြစ်စဉ်၊ ဖြစ်ရပ် အခြေအနေကို လေ့လာ ကြည့်လိုက်ရင် ထင်ထင်ရှားရှား တွေ့ရမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဗြဟ္မာ့ဦးခေါင်းကြီး ယမ်းပုံမီးကျ၊ သွေးတိုး၊ ဆီးချို တက်ရတဲ့ အကြောင်း ဆီပြန်သွားကြပါမယ်။ သူ အလွန်တရာမှ တက်ရောက်ချင်၊ လူလုံးပြချင်လှတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးက ဒီတစ်ကြိမ်လည်း သူ့ကို ထပ်ပြီး လျစ်လျူရှု ပလစ်သွားပြန် တာကြောင့်ပါ။

သမ္မတစလွယ်ကို မာန်ပါပါ လွယ်ပြီး အာဆီယံ စားပွဲဝိုင်းမှာ တက်ထိုင်ခွင့်၊ အာဆီယံ ခေါင်းဆောင်တွေနဲ့ အတူ လက်တွဲ ဓာတ်ပုံ ရိုက်ခွင့် ရမလားရယ်လို့ အပင်ပန်းခံကာ အာဆီယံ နိုင်ငံတွေဆီ ဇွတ်ဝင်လုံး ခရီးလှည့်လည် သွားလာရင်း အာဆီယံ ခေါင်းဆောင်တွေအပေါ် အောက်ကျို့ခဲ့ရ၊ သွားဖြဲပြခဲ့ရသမျှ သဲထဲ ရေသွန် ဖြစ်ခဲ့ရမှတော့ ယမ်းပုံမီး မကျဘဲ နေနိုင်ရိုးလား။ သွေး မတိုးဘဲ နေနိုင်ရိုးလား။ ဆီးချို မတက်ဘဲ နေနိုင်ရိုးလား။

ဒီလို သွားလည်ခဲ့တဲ့ နိုင်ငံတွေကလည်း သူတောင် အိမ်ပြန် ခရီး လေယာဉ် မဆိုက်သေးခင်မှာပဲ “အခုလို ဖိတ်ကြား တွေ့ဆုံရတာက သူ့ကို အသိအမှတ်ပြုတာ မဟုတ်ပါဘူး။ တရားဝင်မှု ပေးတာ မဟုတ်ပါဘူး။ နယ်စပ် အရေးကိစ္စကြောင့်ပါ၊ ဒုက္ခသည်တွေ ပြန်ပို့ရေးအတွက်ပါ၊ ဟိုဒင်းကြောင့်ပါ၊ ဒီဒင်းကြောင့်ပါ” ဆိုတဲ့ လေသံတွေ ခပ်မြန်မြန် ပစ်ခဲ့လေတော့ ကိုယ့်နည်းကိုယ်ဟန်း အာဆီယံဆိုပြီး ဟစ်ကြွေးခဲ့ရသမျှလည်း အရှက် ဗြန်းဗြန်း ကွဲရပြန်ပြီ မဟုတ်လား။

အမယ်လူ သာမ ရောက်တယ် ဖိလစ်ပိုင်က ကျောင်းသား သမဂ္ဂနဲ့ တက်ကြွ လှုပ်ရှားသူတွေက ဗီနိုင်းတွေ၊ ကတ်ထူး ဖောင်းကြွ အရုပ်တွေနဲ့ သူ့ပုံတွေကို အပီအပြင် သရုပ်ဖော် ဆန္ဒပြကြတယ်။ ကြိုဆိုတဲ့ ဆိုင်းဘုတ်တော့ မဟုတ်ပါဘူး “စစ်ရာဇဝတ်သားကို ဖမ်းကြ” ဆိုတဲ့ စာတမ်းကြီးနဲ့။ ဒါတင်ပဲလားဆိုတော့ သူ့ကို ဖမ်းချုပ်နေတဲ့ပုံနဲ့ ထောင်ထဲ ရောက်နေပုံတွေတောင် ပါသေးတယ်။ နိမိတ် မရှိ နမ မရှိဆိုပြီး ဗြဟ္မာ့ဦးခေါင်း ကိုယ်တိုင် ဝဇီပိတ်ဆီ ပြေးပြီး ယတြာ ယူရမယ့် ကိန်းပါပဲ။

အခုတော့ တွက်ရေး က စက်သူဌေးပေမယ့် တွက်ကြည့်မှ စက် မရှိဆိုသလို ဖြစ်ခဲ့ရပြီ မဟုတ်ပါလား။ မိအေး နှစ်ခါနာ။ အမြတ် မကျန် အရင်း ရှုံး၊ ဈေးဦး မပေါက်တဲ့အပြင် ကြက်သွန်နီ ဈေးခေါင်ခိုက်တာနဲ့ ကြုံဆိုသလို ဖြစ်ခဲ့ရပြီပေါ့။ ဒီတော့လည်း ရှက်ရမ်း မရမ်း ဘယ် ခံနိုင်မတုန်းလေ။ မယုံ စောင့်ကြည့် သူ့အပိုင် မီဒီယာတွေကနေ အာဆီယံအပေါ် စိတ်ကောက်တဲ့ စာတွေ မကြာမီ ထုတ်ဆင့်လာပါလိမ့်ဦးမယ်။

ဟော… ပြောရင်း ဆိုရင်းပဲ သူ့ရဲ့ ဇွတ်ခေါ်တဲ့ ဖွတ်တော်ထဲက အရည် မရ အဖတ် မရ နှစ်နာရီကျော် စာမိန့်ခွန်း ဆိုတာကြီးထဲကနေ အာဆီယံကို နှုတ်သီးကောင်း လျှာပါးနဲ့ စိတ်တွေ ကောက်ပြီး ရန်ထောင်နေပါပကောလား။

ထိပ်သီး အစည်းအဝေး တက်ခွင့်လည်း မရတော့ အာဆီယံနဲ့ ဆက်ဆံရေး ပြန်သုံးသပ်တော့မယ်လို့တောင် စိတ်ကောက်ပြီး ပြောနေပြန်ပါတယ်။ အောက်ကလည်း နေသေး ကြောက်ပြီလားလို့ ဒင်းကပဲ မေးရရှိသေး… ဟေ…ဟေး။

များမကြာမီမှာ သူပိုင် မီဒီယာတွေကနေလည်း ဆက်ပြီး ရန်ထောင်လာပါလိမ့်ဦးမယ်။ လိုတာ မရတဲ့ ဗြဟ္မာ့ဦးခေါင်းကြီး ယမ်းပုံမီး ကျပတ်ရန် နေသည်ပေါ့။

“သူ့ချည်းသာလော” လို့ဆိုရင် “ဆားနဲ့ပါ ဘုရား” ဆိုသလိုပဲ ဗြဟ္မာ့ဦးခေါင်းကြီးကတော် LV အိတ်များ ရှင်ဟာလည်း LV အိတ်ကို ပိုက်ရင်း မှောင်မိုက်မှာ ရှိုက်ကြီးတငင်နဲ့ ငိုနေရှာတဲ့ အကြောင်း သတင်းရရှိထားပါတယ်။ သူ့ဇာတိ ရခိုင် နယ်တွေ သိမ်းပိုက်ခံထားရတာကြောင့် ငိုတယ်လို့ ထင်ရင် မှားပါလိမ့်မယ်။ မဟုတ်ပါဘူး။ သျှောင်နောက်ဆံထုံးပါ ဆိုသလို မောင်တော် ဗြဟ္မာ့ဦးခေါင်းကြီး အာဆီယံ ခရီးစဉ်တွေ သွားခွင့်ရခဲ့ရင် LV အိတ်တွေ ထည်လဲ ကိုင်ရင်း ကပ်မြှောင် အဖြစ် လိုက်ပါမယ့် သူမရဲ့ အိပ်မက်တွေ ပျက်ယွင်းသွားရတာကြောင့်သာ ဖြစ်ပါတယ်။

ဒါကတော့ ပြီးခဲ့တဲ့ရက်က စီရင်လိုက်တဲ့ အာဆီယံရဲ့ တရားစီရင်ချက် တစ်ခုပါ။ ဗြဟ္မာ့ဦးခေါင်းကြီးကို မှာချင်တာက ယမ်းပုံမီးတွေ သိပ် မကျပါနဲ့။ ဒေါသမီးတွေ ထိန်းထားပါဦး။ နောက်ထပ် ရင်ခုန် စိတ်လှုပ်ရှားရမယ့် တရားစီရင်ခန်း တစ်ခုလည်း မနက်ဖြန် (နိုဝင်ဘာ ၁၉) မှာပဲ ရောက်လာဦးမှာမို့ပါ။ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ကနေ ဗြဟ္မာ့ဦးခေါင်းကြီးနဲ့ အပေါင်းအပါတွေ ကျူးလွန်ထားတဲ့ ရိုဟင်ဂျာ လူမျိုးများအပေါ် လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်ကို အပြီးသတ် စီရင်ချက် တစ်ခု ချမှတ်တော့မှာမို့ပါ။

ရိုဟင်ဂျာ လူမျိုးများအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်။ အပြစ်ရှိတယ်လို့ ICJ ဘက်က သာ စီရင်ချက် ချမှတ်လိုက်မယ်ဆိုရင်တော့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါများဟာ ဒုတိယကမ္ဘာစစ် ပြီးနောက်ပိုင်း လူမျိုးတုံး သတ်ဖြတ်မှုကို ကျူးလွန်လို့ ပထမဆုံး အရေးယူခံရသူများ အဖြစ် မှတ်တမ်းဝင်မှာလည်း ဖြစ်ပါတယ်။

ဗြဟ္မာ့ဦးခေါင်းကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး တရားစီရင်ခန်းက ဒါတင်ပဲလားဆိုတော့ ကျန်ပါသေးတယ်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး လူပုဂ္ဂိုလ် တစ်ဦးချင်းအလိုက် အရေးယူဖို့ တရားစွဲဆိုထားတဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က အမှု၊ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှုတွေနဲ့ ဗြိတိန်နိုင်ငံ အခြေစိုက် ရိုဟင်ဂျာ အသင်း (BROUK) က အာဂျင်တီးနားမှာ တရားစွဲထားလို့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ အမှု၊ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံ ရှေ့နေချုပ်ရုံးမှာ တိုင်ကြားခံထားရတဲ့ အမှုတွေအပြင် အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဒိန်းမတ်၊ ဖိလစ်ပိုင်နဲ့ တီမော လက်စ်တေနိုင်ငံတွေမှာလည်း တရားစွဲဆိုခံထားရမှု အသီးသီး ရှိနေပါသေးတယ်။

ဒီအမှုတွေထဲက ICC အမှုနဲ့ ပတ်သက်ပြီး ဖမ်းဝရမ်း ထုတ်ပေးဖို့ တိုက်တွန်း တောင်းဆိုမှုတွေ ရှိထားပါတယ်။ ICC က ဖမ်းဝရမ်း ထုတ်ပေးလို့ အဖမ်းများ ခံခဲ့ရရင်လည်း ဗြဟ္မာဦးခေါင်းကြီး အနေနဲ့ စိတ်မပူဖို့ ပြောချင်ပါတယ်။ အဖော် ရှိပါတယ်။ ဟိုမှာ ဒူတာတေးက စောင့်ကြိုနေတဲ့ အကြောင်း သတင်းကောင်း ပါးချင်ပါတယ်။ အမေရိကန်ကလည်း ဒီရက်ထဲ ကျားဖြန့် ဆုကြေး ထုတ်လာပြီဆိုတော့ ဘယ်တော့ အဲဒီ ဆုကြေးရှင်ကြီး ဖြစ်လာမလဲ စောင့်သာ ကြည့်ကြပေတော့ပေါ့။

ကုလသမဂ္ဂ အဖွဲ့အစည်းဝင် ဖြစ်တဲ့ IIMM ကလည်း ဒင်းဦးဆောင် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လေ့လာ စုစောင်းပြီး ကုလသမဂ္ဂမှာ တင်သွင်းလာနေပြီ ဖြစ်သလို နိုင်ငံတကာ တရားစွဲ အဖွဲ့အစည်းတွေဆီကိုလည်း အဲဒီ တွေ့ရှိ အချက်အလက်တွေနဲ့ အထောက်အကူပြုတာတွေလည်း လုပ်နေပါပြီ။ ဒင်းရဲ့ မြန်မာလူထုအပေါ် ရက်စက် ယုတ်မာမှုတွေကို မလိုလားတဲ့ နိုင်ငံများဘက်ကလည်း စောင့်ကြည့် မှတ်တမ်းတင်တာတွေ လုပ်ထားကြပါတယ်။

ဒီလို နိုင်ငံတကာ အမှုတွေ ပတ်လည်ဝိုင်းနေလို့ စိတ်အား မငယ်လိုက်ပါနဲ့။ အာဏာသိမ်းချိန်ကနေ ဒီနေ့အထိ ဒင်းရဲ့ ရက်စက် ယုတ်မာမှုတွေကို တော်လှန် ပြည်သူတွေဘက်ကလည်း နေ့စဉ်နဲ့အမျှ အသည်းမှာ စွဲနေအောင် မှတ်တမ်းပြု တေးမှတ်ထားကြပြီး ဖြစ်ပါတယ်။

အနည်းဆုံးတော့ ဒင်းရဲ့ ရုပ်ပုံပေါ်မှာ ခြေထောက်နဲ့ တက်နင်းတာ၊ တံတွေးနဲ့ ထွေးတာ၊ နှပ်နဲ့ သုတ်တာ၊ အပေါ့၊ အလေး စွန့်တာမျိုးတွေနဲ့ တရားစီရင်ကြမှာ ဖြစ်တဲ့ အကြောင်း သတင်းကောင်း ထပ်မံ ပါးအပ်ပါတယ်။

ဒီတော့ ဗြဟ္မာ့ဦးခေါင်းကြီးရဲ့ ဇွတ်ခေါ်တဲ့ ဖွတ်တော်ထဲက အမဲလိုက်အမတ်၊ ခုံခေါက်အမတ်တို့ကို အားကျလို့ မောင်သျှားလည်း သီချင်းလေးတစ်ပုဒ်နဲ့ပဲ ဗြဟ္မာ့ဦးခေါင်းကြီးကို အားပေး နှစ်သိမ့်ရင်း ဒီစာကို အဆုံးသတ်လိုက်ချင်ပါတယ်။ ဒီသီချင်းက အဆိုတော်ကြီး ထူးအိမ်သင် သီဆိုထားတာပါ။ သီချင်း နာမည်က “ဒဏ်ရာများပေါ်က ပြေးလမ်း” ဖြစ်ပါတယ်။ အဆိုတော်ရော၊ သီချင်း နာမည်ပါ ဖော်ပြရတာက အွန်လိုင်းကနေ ရှာဖွေ နားထောင်နိုင်စေဖို့ပါ။ ရှာကြည့်ပါ။ ညည်းကြည့်ပါ။ ဆိုကြည့်ပါ။

ကံကြမ္မာဟာ မင်းနောက်ကျောက
ပုန်းကွယ်ရင်းနဲ့
ပြစ်ဒဏ်ခတ်ဖို့ ရောက်ခဲ့ပြီ
မာယာဘုံဥယျာဉ်ထဲက
လွတ်မြောက်သွားဖို့
မင်းထွက်ပြေးတော့ နောက်ကျသွား
လိုချင်တာ ရပြီးတဲ့နောက်
မင်းမှာ ရှိသမျှ ပေးဆပ်ခြင်း အလှည့်
ရောက်ခဲ့ပြီ
အန္တရာယ်ကို မီးတောက်များနဲ့ ကစားနေရင်းက
ခုတော့ မင်းကို ကျွမ်းလောင်သွား
ဒီအချိန်မှာ ကယ်တင်နိုင်တာ ဘယ်သူမှ မရှိ
ဒဏ်ရာများနဲ့ တစ်ယောက်ထဲ…
ငိုသံတွေ ဝေယူနိုင်တာ ဘယ်သူမှ မရှိ
ဒဏ်ရာများနဲ့ တစ်ယောက်ထဲ
မင်းလွတ်အောင် ပြေး…
မင်းလွတ်အောင်ပြေး…
မရပ်နဲ့ မင်းလွတ်အောင်ပြေး…
မင်းလွတ်အောင်ပြေး…
မင်းလွတ်အောင်ပြေး…
စိတ်တွေ မရပ်နဲ့
မင်းလွတ်အောင်ပြေး…
မင်းလွတ်အောင်ပြေး…
ပြေး…ပြေး…ပြေး…ပြေး…ပြေး။

ဆက်စပ်သတင်းများ