အကူအညီလိုရင် အချိန်မရွေး သူ့ဆီကို တိုက်ရိုက် ဖုန်းခေါ်ကြပါလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ခေါင်းဆောင်တွေကို ပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာ အာဆီယံ ဆက်စပ် ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ဖို့ ရောက်နေတဲ့ ထရမ့်က သူဟာ အာဆီယံ ခေါင်းဆောင်တွေကို မိတ်ဆွေကောင်းတွေအဖြစ် မှတ်ယူထားတယ်လို့ ပြောပါတယ်။
နိုဝင်ဘာ ၁၇ ရက်နေ့မှာ မနီလာကို ရောက်ရှိခဲ့တဲ့နောက် အာဆီယံ-အမေရိကန် အထူးအစည်းအဝေး မိန့်ခွန်းမှာ ထရမ့်က အခုလိုမျိုး သူ့ဆီ ဖုန်းဆက်ကြဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ဟာ မိတ်ဖက်တွေနဲ့ မဟာမိတ်တွေကို ၁၀၀ ရာခိုင်နှုန်း အားပေးကူညီ ထောက်ခံနေကြောင်း၊ ပြဿနာ တစ်ခုခု ရှိလာရင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရိုနဲ့ တခြား အရာရှိတွေဆီကို ဖုန်းဆက်နိုင်ကြောင်း၊ သူတို့က ဖုန်းမကိုင်ရင် သူ့ဆီ တိုက်ရိုက် ဖုန်းဆက်လို့ရပြီး သူကတော့ ဖုန်းကိုင်မှာဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။

Public Service Announcement
ပြီးတော့ သူက ရူဘီရိုဆီ အဲဒီအကြောင်း ဖုန်းဆက်ပြီး ပြောတဲ့အခါ ခပ်မြန်မြန် ဖုန်းမကိုင်ရင် အလုပ်ထုတ်ပစ်မယ်လို့လည်း ထရမ့်က နောက်ပြောင်သွားခဲ့ပါတယ်။ တုံ့နှေးတုံ့နှေး လုပ်နေလို့ဆိုပြီး ရူဘီရိုကို သူက အလုပ်ထုတ်မှာဖြစ်ကြောင်း၊ ဒါက ရယ်စရာ ပြောတာသာဖြစ်ပြီး ရူဘီရိုဟာ သူ့တာဝန်တွေမှာ အကောင်းဆုံး ထူးထူးချွန်ချွန် တာဝန်ယူ လုပ်ဆောင်နေကြောင်း ထရမ့်က ပြောပါတယ်။
အင်ဒို-ပစိဖိတ်နဲ့ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ ကွဲပြားစုံလင်မှုနဲ့ အပြုသဘောဆောင်တဲ့ အလားအလာကောင်းတွေ အကြွယ်ဝဆုံးဖြစ်ကြောင်း၊ လူကောင်းသူကောင်းတွေ ရှိသလို ဆိုးယုတ်သူတွေလည်း ရှိနိုင်ကြောင်း၊ လူဆိုးတချို့လည်း ရှိတေယ် ဆိုပေမယ့် ဘယ်သူတွေနဲ့ အလုပ်တွဲလုပ်သင့်တယ် ဆိုတာကို နားလည်တယ် ဆိုရင်တော့ အရာရာ ပိုလွယ်ကူ မြန်ဆန်လာမှာဖြစ်ကြောင်း၊ ဒါကြောင့်လည်း လက်ရှိ ဖြစ်ထွန်းမှုတွေကို တွေ့နေရပြီး ဒေသရဲ့ အောင်မြင်တိုးတက်မှုတွေကို မြင်သာနေစေတာဖြစ်ကြောင်း ထရမ့်က မှတ်ချက်ပေးသွားခဲ့ပါတယ်။
ကိုးကား: ABS/CBN


























































