Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မိခင်ကို သတ်စားခဲ့တဲ့ အမျိုးသား ထောင် ၁၅ နှစ်ကျ

မိခင်ကို သတ်ဖြတ်ပြီး စားသောက်ခဲ့တဲ့ စပိန်အမျိုးသားကို တရားရုံးက ထောင်ဒဏ် ၁၅ နှစ် စီရင် ချမှတ်လိုက်ပါတယ်။

အသက် ၂၈ နှစ်အရွယ် အယ်လ်ဘာတို ဆန်းချက်ဇ် ဂိုမက်ဇ်ဟာ ၂၀၁၉ ခုနှစ်မှာ အဖမ်းခံခဲ့ရပြီး လူသတ်မှုနဲ့ စွဲချက် အတင် ခံခဲ့ရပါတယ်။ သူ့မိခင်ရဲ့ အိမ်မှာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်း အကြွင်းအကျန်တွေကို ပလပ်စတစ် ဘူးတွေထဲ ထည့်ထားကြောင်း စစ်ဆေး တွေ့ရှိတဲ့နောက် ဆန်းချက်ဇ်ကို ရဲတွေက ထိန်းသိမ်းလိုက်တာပါ။

နောက်ပိုင်း စစ်ဆေးချက်တွေအရ ဆန်းချက်ဇ်ဟာ မိခင်ဖြစ်သူ အသက် ၆၀ အရွယ် မာရီယာ ဆိုလီဒက် ဂိုမက်ဇ်ကို သတ်ဖြတ်ပြီး အသားကို ချက်ပြုတ် စားသောက်ခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ အစ်ကို ဖြစ်သူဆီ နစ်နာကြေး ယူရို ခြောက်သောင်း ပေးဆောင်ဖို့လည်း တရားရုံးက စီရင်ချက် ချမှတ်ခဲ့ပါတယ်။ ဆန်းချက်ဇ်က သူဟာ စိတ်ကျန်းမာရေး ပြဿနာတွေ ရှိနေတာကြောင့် ငဲ့ညှာပေးဖို့ ပန်ကြားမှုကို တရားရုံးက ပယ်ချသွားပါတယ်။

ဆိုလီဒက်ရဲ့ မိတ်ဆွေ တစ်ဦးက အမျိုးသမီးကြီး ပျောက်ဆုံးနေတာကို မသင်္ကာလို့ ရဲတွေဆီ အကြောင်းကြားခဲ့တဲ့နောက် ရဲတပ်ဖွဲ့က မက်ဒရစ်မြို့ အရှေ့ပိုင်းက နေအိမ်ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာ သွားရောက် စစ်ဆေးခဲ့ပါတယ်။ အဲဒီတုန်းက အသက် ၂၆ နှစ်အရွယ် ရှိနေတဲ့ ဆန်းချက်ဇ်ကို နေအိမ်မှာ တွေ့ခဲ့ပြီး ဖမ်းဆီးခဲ့တာပါ။

ဆန်းချက်ဇ်က သူဟာ လွန်ခဲ့တဲ့ နှစ်ပတ်က အမေနဲ့ စကားများ ရန်ဖြစ်ပြီး လည်ပင်းညှစ် သတ်ခဲ့ကြောင်း ဝန်ခံပါတယ်။ ပြီးတော့ အလောင်းကို ခုတ်ထစ် ပိုင်းဖြတ်ပြီး အသားတချို့ကို ချက်ပြုတ် စားသောက်ခဲ့သလို တချို့ကို သူ့ခွေးအတွက် ကျွေးမွေးခဲ့တယ်လို့ ပြောပါတယ်။

စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ သူဟာ လူသတ်မှု မဖြစ်ခင် ကတည်းက မိခင်ကို အကြမ်းဖက် ရန်ပြုမှုတွေကြောင့် အဖမ်းခံရဖူးတယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement