Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားဆီ ဒရုန်းတွေ လွှတ်စေခဲ့လို့ တောင်ကိုရီးယား သမ္မတဟောင်း ထောင်နှစ် ၃၀ ကျ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

ဓာတ်ပုံ - Reuters

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သူဟာ တောင်ကိုရီးယားမှာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့တုန်းက ရုတ်တရက် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ အစီအစဉ်ရဲ့ ကြိုတင် ပြင်ဆင်မှု အနေနဲ့ အဲဒီလို ဒရုန်းတွေ စေလွှတ်မှုကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာလို့ အစိုးရ ရှေ့နေတွေက စွပ်စွဲခဲ့ပါတယ်။

အဲဒီနှစ် အောက်တိုဘာလတုန်းက တောင်ကိုရီးယား ဒရုန်းတွေဟာ လေပိုင်နက် ကျူးကျော် ပျံသန်းခဲ့တဲ့အပြင် မြောက်ကိုရီးယား ဆန့်ကျင်ရေး ဝါဒဖြန့် လက်ကမ်းစာစောင်တွေပါ ကြဲချခဲ့ကြောင်း မြောက်ကိုရီးယားက စွပ်စွဲပါတယ်။ အကျိုးဆက် အနေနဲ့ ကိုရီးယား ကျွန်းဆွယ်မှာရှိတဲ့ ပြိုင်ဘက် နှစ်နိုင်ငံကြား စစ်ရေး တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ယွန်ရဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုက မအောင်မြင်ခဲ့သလို သူလည်း ရာထူးကနေ ဖယ်ရှားခံရပြီး အမှုတွေ တသီတတန်းကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူဟာ နိုင်ငံတော် ပုန်ကန်မှု၊ အာဏာအလွဲသုံးစားမှု စွပ်စွဲချက်တွေအတွက် ထောင်ဒဏ်တစ်သက် စီရင်ချက်ကို ဖေဖော်ဝါရီ ၁၉ ရက်နေ့က ချမှတ် ခံခဲ့ရပြီးသားပါ။

Public Service Announcement

Public Service Announcement

ဇွန်လ ၁၂ ရက်နေ့ တရားခွင်မှာတော့ ယွန်ဟာ သူ့ရဲ့ အကြံအစည် အထမြောက်စေဖို့အတွက် စစ်ပွဲကာလ အနေအထားမျိုးဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ ဖန်တီးခဲ့ကြောင်း ပြစ်မှု ထင်ရှားတဲ့အတွက် ထောင်ဒဏ် နှစ် ၃၀ ထပ်မံချမှတ် ခံလိုက်ရတာ ဖြစ်ပါတယ်။ ယွန်က လွှတ်တော်ထဲမှာ မြောက်ကိုရီးယား သူလျှိုတွေ ရောက်ရှိနေပြီလို့ စွပ်စွဲပြီး အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တာပါ။ ဒါပေမဲ့ လူထုနဲ့ လွှတ်တော် အမတ်တွေဆီက အပြင်းအထန် ကန့်ကွက်မှုကြောင့် နာရီပိုင်း အကြာမှာပဲ ပျက်ပြယ်ခဲ့ပါတယ်။

ယွန်ရဲ့ အမိန့်ကြောင့် မြောက်ကိုရီးယားကို ဒရုန်းတွေ စေလွှတ်ခဲ့တဲ့ လုပ်ရပ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို တင်းမာစေခဲ့ရုံသာ မကဘဲ တောင်ကိုရီးယား ဒရုန်းတွေရဲ့ စွမ်းဆောင်ရည် အပါအဝင် စစ်ရေး လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေခဲ့ကြောင်း အစိုးရ ရှေ့နေတွေက စွပ်စွဲခဲ့ပါတယ်။

ယွန်ရဲ့ ရှေ့နေတွေကတော့ ဒရုန်းတွေ စေလွှတ်မှုဟာ သူတို့ အမှုသည်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာအမိန့်အတွက် ကြိုတင်စီစဉ်ထားတဲ့ အခင်းအကျင်း တစ်ခုဆိုတာကို ငြင်းဆိုခဲ့ကြပါတယ်။ အဲဒီနှစ်တုန်းက မြောက်ကိုရီးယားက တောင်ကိုရီးယားဖက်ကို အမှိုက်တွေနဲ့ အညစ်အကြေးတွေ တင်ထားတဲ့ ဓာတ်ငွေ့ မိုးပျံပူဖောင်းတွေ လွှတ်တင်ခဲ့တာကြောင့် တန်ပြန်တဲ့ အစီအစဉ်အဖြစ် ဒရုန်းတွေ ပျံသန်းဖို့ ယွန်က အမိန့်ပေးခဲ့တာသာ ဖြစ်ကြောင်း၊ စစ်အုပ်ချုပ်ရေး ကြေညာအမိန့်နဲ့ ဘာမှ မသက်ဆိုင်ကြောင်း သူတို့က ပြောပါတယ်။

လက်ရှိ တောင်ကိုရီးယား သမ္မတဖြစ်တဲ့ လီဂျေမြောင်က အဲဒီတုန်းက အစိုးရက မြောက်ကိုရီးယား ပိုင်နက်ထဲ ဒရုန်းတွေ စေလွှတ်ခဲ့တဲ့ နောင်တရမိကြောင်း အခုနှစ်ဆန်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ နိုင်ငံရေး ဩဇာ ကြီးမားတဲ့ ညီမ ကင်မ်ယိုဂျောင်က လီရဲ့ ဝန်ခံမှုနဲ့ ပတ်သက်ပြီး ပညာဉာဏ် ပြည့်ဝတဲ့ အပြုအမူ တစ်ခုလို့ အသိအမှတ် ပြုခဲ့ပေမယ့် နောက်တစ်ကြိမ် ဒီလိုကိစ္စမျိုး ဖြစ်မလာအောင် ထိန်းသိမ်းပေးဖို့ မျှော်လင့်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ယွန်ဟာ ထောင်ဒဏ်တစ်သက်နဲ့ နှစ် ၃၀ ပြစ်ဒဏ် စီရင်ချက်တွေ ချမှတ်ခံထားရပြီး ဖြစ်တဲ့အပြင် တခြားစွဲချက်တွေ အတွက်လည်း အမှုတွေ ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

ရှမ်း-ကရင်နီ ပြည်နယ်အစပ် မိုးဗြဲမြို့အနီးက စစ်တပ်တပ်စွဲထားတဲ့နေရာ​တွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ရှမ်းတောင်စစ်ဒေသ ဗျူဟာ ၁၄ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ် ရဟတ်ယာဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း ရဟတ်ယာဉ်တွေ မြေပြင် ဆင်းရင် ဝါးလုံးမှာ တပ်ဆင်ထားတဲ့ ပိုက်နဲ့ ဒရုန်းဖမ်းဖို့ စစ်တပ်က ကြိုးစားနေပါတယ်။

သတင်း

ရုရှားနိုင်ငံထုတ် Mi-17 ရဟတ်ယာဉ် ရပ်နေတုန်း နောက်ပိုင်းကို ဒရုန်းနဲ့တိုက်ခိုက်လိုက်တာကြောင့် အောက်ပိုင်းတွေပျက်စီးသွားတဲ့ ရဟတ်ယာဉ် စက်လုံးလုံးရပ်တန့်သွားချိန်မှာ ဦးခေါင်းပိုင်းကိုနောက်ထပ်ဒရုန်းတစ်စင်းက တိုက်ခိုက်လိုက်လို့ မီးလောင်ပေါက်ကွဲပြီးမီးခိုးလုံးထွက်လာပါတယ် ။ ဒရုန်း ၂ စင်းနဲ့ ထိထိမိမိ တိုက်ခိုက်ခံရတာမို့ စစ်သုံးသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် အကြီးအကျယ်ထိခိုက်ပျက်စီးသွားပါတယ် ။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တားဆီး တုံ့ပြန်နိုင်ဖို့အတွက် ဒရုန်းစစ်သည် ၅ သိန်းလောက်ကို လေ့ကျင့်ပေးသွားမယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။