ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို သီးသန့် လူကပ် ကစားစေမှာ မဟုတ်ကြောင်း စပိန်အသင်း မန်နေဂျာ လူးဝစ် ဒယ်လာဖွန်တေးက အတည်ပြုခဲ့ပါတယ်။
အသက် ၃၉ နှစ်အရွယ် မက်ဆီဟာ လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အထူးခြေစွမ်းပြနေပြီး ၈ ဂိုးထိ သွင်းယူထားသလို အာဂျင်တီးနားရဲ့ ဗိုလ်လုပွဲထိ ချီတက်မှု လမ်းကြောင်းမှာ အဓိက ပဲ့ကိုင် ဦးဆောင်ပေးခဲ့ပါတယ်။ ဒယ်လာဖွန်တေးက မက်ဆီကို ပထမဆုံးအကြိမ် ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ဖူးတဲ့ သူ့အတွေ့အကြုံ တစ်ခုကို ပြောပြပြီး လူကပ်ကစားတာက အကြံကောင်း မဟုတ်လောက်ဘူးလို့ ရှင်းပြခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၂ နှစ်တုန်းက ဒယ်လာဖွန်တေးဟာ စပိန်ကလပ် ဆီဗီးလား အသင်းရဲ့ လူငယ်အသင်း နည်းပြအဖြစ် တာဝန်ယူနေခဲ့ပါတယ်။ အဲဒီတုန်းက အသက် ၁၉ နှစ်အောက် ပွဲစဉ်တစ်ခုမှာ ဘာစီလိုနာ လူငယ်အသင်းအတွက် ကစားနေတဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်သွေးသစ်လေး မက်ဆီရဲ့ စွမ်းဆောင်ရည်ကို သူက မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။
မက်ဆီနဲ့ ပတ်သက်ပြီး ရယ်စရာ အတွေ့အကြုံ တစ်ခုကို ပြောပြချင်ကြောင်း၊ အဲဒီတုန်းက အသက် ၁၉ နှစ်အောက် စပိန်ဘုရင့်ဖလား ရှုံးထွက်ပွဲစဉ်အဖြစ် သူ့အသင်းက ဘာစီလိုနာနဲ့ တွေ့ဆုံခဲ့ကြောင်း၊ ပြိုင်ဘက်အသင်းမှာ မက်ဆီဆိုတဲ့ အရမ်းတော်တဲ့ ချာတိတ်လေးတစ်ယောက် ကစားနေတယ် ဆိုတာကို သတင်းကြားထားလို့ သူ့ကို လူကပ်ကစားစေဖို့ အသေအချာ ပြင်ဆင်ခဲ့ကြောင်း၊ အကျိုးဆက်ကတော့ မက်ဆီကို လူကပ်ထားတဲ့ ကစားသမားဟာ မိနစ် ၇၀ မှာ အဝါကတ် ထိလို့ မဖြစ်မနေ လူစားလဲလိုက်ပြီး နောက်တော့ မက်ဆီက ၁၅ မိနစ်အတွင်း ၄ ဂိုး သွင်းသွားခဲ့ကြောင်း ဒယ်လာဖွန်တေးက ဆိုပါတယ်။

Public Service Announcement
ဒီတော့ အခုပွဲစဉ်မှာ မက်ဆီကို သီးသန့် လူကပ်ပြီး ကစားမလားလို့ မေးရင် မဟုတ်ဘူးလို့ ဖြေမှာဖြစ်ကြောင်း၊ ဒါပေမဲ့ သူ့ကို အထူး အာရုံစိုက်ပြီး ယှဉ်ပြိုင်မလားလို့ မေးရင်တော့ ဟုတ်တယ်လို့ ဖြေရမှာဖြစ်ကြောင်း သူက သတင်းစာ ရှင်းလင်းပွဲမှာ ရယ်ရယ်မောမောနဲ့ မှတ်ချက်ပေးသွားခဲ့ပါတယ်။
စပိန်အသင်းရဲ့ ပါရမီရှင် လူငယ်သွေးသစ် ကစားသမားလေး လာမိုင်းယာမဲလ်က နောင်တစ်ချိန်မှာ မက်ဆီလို အဆင့်မျိုး ဖြစ်လာနိုင်သလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့ ဒယ်လာဖွန်တေးက ယာမဲလ်ဟာ ယာမဲလ်အနေနဲ့ပဲ ရှိနေဖို့ လိုကြောင်း၊ မက်ဆီလို ကစားသမားမျိုးက တုပလို့လည်း မရကြောင်း၊ သူ့ရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်တွေရော၊ ထူးကဲတဲ့ အရည်အသွေးပါ လူငယ် အားလုံးအတွက် စံပြုစရာ ဖြစ်နေကြောင်း၊ လက်ရှိ အသက်အရွယ်မျိုးမှာ ကမ္ဘာ့ဖလားလို ပြိုင်ပွဲကြီးမှာ သူပြသနေတဲ့ စွမ်းဆောင်ရည်တွေက တကယ့်ကို ချီးကျူးစရာဖြစ်ကြောင်း ပြန်ဖြေခဲ့ပါတယ်။
စပိန်နဲ့ အာဂျင်တီးနားတို့ရဲ့ ဗိုလ်လုပွဲဟာ စူပါအသင်း နှစ်ခုရဲ့ ပါရမီ၊ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ထူးကဲတဲ့ ကစားပုံတွေကြားက အားပြိုင်မှု ဖြစ်လာလိမ့်မယ်လို့လည်း သူက မှတ်ချက်ပေးသွားပါတယ်။
ကိုးကား: Guardian

















































