မြန်မာ့ ပြည်တွင်း ပဋိပက္ခ အဆုံးသတ်သွားမယ့် အလားအလာမျိုး လတ်တလောမှာ မမြင်ရသေးပါဘူး။ အဲဒီ ပဋိပက္ခကို အကြောင်းပြုပြီး ထိုင်းနိုင်ငံအပေါ် ရိုက်ခတ်လာတဲ့ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုကတော့ ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုးနဲ့ ထိုင်းဖက်ကို ရွှေ့ပြောင်းသူတွေ များပြားလာခြင်း ဖြစ်ပါတယ်။ ဒီအခြေအနေကို ထိရောက် အားကောင်းပြီး အရှည်အားဖြင့် ကိုင်တွယ်မယ့် ဖြေရှင်းမှုမျိုး မရှိဘူးဆိုရင် ထိုင်းရဲ့ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး ကဏ္ဍတွေ အပါအဝင် ဖွံ့ဖြိုးတိုးတက်ရမယ့် အပိုင်းတွေမှာ အကြီးအကျယ် သက်ရောက်လာစေပါလိမ့်မယ်။
အခုကိစ္စတွေကို ကိုင်တွယ်ဖို့အတွက် ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာ ဦးဆောင်တဲ့ ထိုင်းအစိုးရဟာ ရွှေ့ပြောင်းလာသူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ ဘဝအခြေအနေကို တိုးတက်အောင် ကူညီပေးမယ့် လက်ငင်း ဆောင်ရွက်ချက်တွေ၊ စီမံကိန်းသစ်တွေ၊ လုပ်ငန်းစဉ် အသစ်တွေကို ထိထိရောက်ရောက်နဲ့ အမြန်ဆုံး အကောင်အထည် ဖော်ပေးသင့်ပါတယ်။ ဒီကိစ္စဟာ အတော်ကို ကြီးမားတဲ့ တာဝန်မျိုးလည်း ဖြစ်လာနိုင်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၁ ရက်မှာ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းလိုက် ပြီးကတည်းက အလုပ်သမားတွေ၊ စစ်ရှောင်တွေ၊ နိုင်ငံရေး ခိုလှုံသူတွေနဲ့ တခြားသော လုံခြုံမှု အားလျော့တဲ့ အစုအဖွဲ့တွေက ထိုင်းနယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်မှုဟာ သိသိသာသာကြီး ထိုးတက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လုံခြုံရေး အခြေအနေတွေက အဆိုးဖက်ကို ဆက်လက် ဦးတည်နေသ၍ အခုလို အလုံးအရင်း ထွက်ခွာမှုတွေက ဆက်တည်မြဲနေဦးမှာ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီလိုမျိုး ထိုင်းနိုင်ငံဖက် ကူးလာသူတွေထဲက အများစုဟာ အကာအကွယ်မဲ့သူတွေ၊ အားနည်းသူတွေ ဖြစ်ကြပြီး ထိုင်းဖက်က ပေးအပ်မယ့် အကူအညီတွေကို ရနိုင်သမျှ လိုအပ်နေကြပါလိမ့်မယ်။ မှန်ကန်တဲ့ ကူညီဖေးမ ကာကွယ်မှုမျိုးတွေ မရှိဘူးဆိုရင် သူတို့တွေဟာ လူမှောင်ခိုမှုတွေနဲ့ အမြတ်ထုတ်မှုတွေရဲ့ သားကောင်ဘဝကို ကျရောက်သွားနိုင်ပါတယ်။
မကြာသေးခင်ကတော့ အောက်လွှတ်တော်ရဲ့ ဥပဒေ၊ တရားရေးနဲ့ လူ့အခွင့်အရေး အမြဲတမ်း ကော်မတီက မူမှန်မဟုတ်တဲ့ ရွှေ့ပြောင်းအခြေချမှု အကြောင်းကို အစီရင်ခံခဲ့တဲ့ အခါမှာ ပထမဆုံး အကြိမ်အဖြစ် ရေရှည် လက်ကိုင်ပြုရမယ့် ဖြေရှင်းမှု နည်းလမ်းတွေ အကြောင်းကိုပါ ထည့်သွင်းပြထားခဲ့ပါတယ်။
မနှစ်က အောက်တိုဘာလမှာတော့ ထိုင်းမှာ ကြုံနေရတဲ့ မူမှန်မဟုတ်တဲ့ အလုံးအရင်း ရွှေ့ပြောင်း ဝင်ရောက်မှုတွေနဲ့ ပတ်သက်လို့ အချက်အလက်တွေ ကောက်ယူဖို့၊ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဆန်းစစ်ဖို့အတွက် အထူးကော်မတီခွဲ တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။ ရှိရင်းစွဲ ဥပဒေတွေနဲ့ တရားရေး လုပ်ထုံးလုပ်နည်းတွေရဲ့ ဟာကွက်တွေကြောင့် အကာအကွယ် နည်းပါးတဲ့ အစုအဖွဲ့တွေဟာ လူ့အခွင့်အရေး ချိုးဖောက်တာ၊ လူသားချင်းစာနာမှု အကူအညီတွေ လက်ခံရရှိဖို့ ပိတ်ပင်ခံရတာမျိုး ဖြစ်စဉ်တွေ ကြုံတွေ့နေသလား ဆိုတာကို ဆန်းစစ်ဖို့က အဲဒီ ကော်မတီခွဲရဲ့ တာဝန် ဖြစ်ပါတယ်။
ထိုင်းမှာတော့ တရားမဝင် ရွှေ့ပြောင်းမှု ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တရားမဝင် ဝင်ရောက်ခြင်း၊ တရားမဝင် နေထိုင်ခြင်း၊ တရားမဝင် အလုပ်လုပ်ခြင်းဆိုတဲ့ အဆင့်တွေ အားလုံးကို ခြုံငုံ သတ်မှတ်ထားပါတယ်။ နောက်ပြီး အဲဒီလိုမျိုး တရားမဝင် ရွှေ့ပြောင်းသူတွေကို အုပ်စု ၃ ခု ပိုင်းခြား သတ်မှတ်လို့လည်း ရပြန်တယ်။ အဲဒါတွေကတော့ နေရပ်စွန့်ခွာရလို့ ထိုင်းကို ရောက်လာသူတွေ၊ နိုင်ငံမဲ့ လူပုဂ္ဂိုလ်တွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေ အပါအဝင် အထောက်အထားမဲ့ ဝင်ရောက်လာသူတွေ ဖြစ်ပါတယ်။
အခုနှစ် မတ်လထိ ကောက်ယူထားတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး ထိုင်းအလုပ်သမား ဝန်ကြီးဌာနရဲ့ အလုပ်အကိုင်ရေးရာ ဌာနခွဲက တစ်နိုင်ငံလုံး အတိုင်းအတာအရ ထိုင်းမှာ မှတ်ပုံတင်ထားတဲ့ ရွှေ့ပြောင်းလုပ်သား ၃ သန်းကျော်( ၃၄၁၅၇၄၄ ဦး)ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အလွတ်သဘော ခန့်မှန်းမှုတွေကတော့ တကယ်တမ်းမှာ အဲဒီ အရေအတွက်ဟာ ၅ သန်းကျော်လောက် ရှိလိမ့်မယ်လို့ ဆိုပါတယ်။ ဒေသန္တရ အုပ်ချုပ်ရေး ဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းထိ အခြေအနေအရ နိုင်ငံမဲ့အဖြစ် သတ်မှတ်ခံရသူတွေနဲ့ အထောက်အထားမဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၅၈၆၅၄၈ ဦးက ထိုင်းကို ရောက်နေတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ ကိန်းဂဏန်းကလည်း တကယ့် လက်တွေ့ အတိုင်းအတာထက် လျော့နည်းနေမယ့် သဘောပါပဲ။
လက်ရှိအခြေအနေအရ ကီလိုမီတာ ၂၄၀၀ ရှည်လျားတဲ့ နယ်စပ်တလျှောက်မှာ ဖြန့်ကျက်ပြီး နေထိုင်ရတဲ့ နေရပ်စွန့်ခွာသူ ရွှေ့ပြောင်းဦးရေ ၁၅၆၀၀၀ လောက် ရှိပါတယ်။ အဲဒီ အရေအတွက်ထဲမှာတော့ နယ်စပ် ဒုက္ခသည် စခန်း ၉ ခုမှာ ခိုလှုံနေသူ ၈၅၀၀၀ နဲ့ မြန်မာဖက်က ပဋိပက္ခတွေကြောင့် ထွက်ပြေးလာသူ ၅၁၀၀၀ ကိုပါ ထည့်သွင်း တွက်ချက်ထားပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)မှာ မှတ်ပုံ မတင်ရသေးတဲ့ နောက်ထပ် ဒုက္ခသည် ၂၀၀၀၀ လောက် ကျန်နေပါသေးတယ်။
ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ အာရှ သုတေသန စင်တာမှာ အလုပ်လုပ်နေတဲ့ ဒေါက်တာ ဆူပန် ချန်ထာဗာနီချ်ကတော့ ဒီစိန်ခေါ်မှုကို ကိုင်တွယ်ဖို့ဆိုရင် ထိုင်းဟာ လူ့အဖွဲ့အစည်း တစ်ခုလုံး အကျုံးဝင်တဲ့ ချဉ်းကပ်မှု ပုံစံမျိုး လိုအပ်လိမ့်မယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂရဲ့ ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းအခြေချမှု သဘောတူညီချက်အရ ကွဲပြားတဲ့ အစုအဖွဲ့တွေ လက်တွဲ လုပ်ဆောင်ပြီး နေရာရွှေ့ပြောင်းမှု ပုံစံမျိုးစုံကို ရှုထောင့်ပေါင်းစုံကနေ အဲဒီလို ချဉ်းကပ်မှုမျိုးကို ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ရွှေ့ပြောင်း အခြေချသူတွေ၊ ပြည်ပကို ထွက်ခွာသူတွေ၊ နယ်ခံ လူ့အဖွဲ့အစည်းတွေ၊ လူမှုရေး အသင်းအဖွဲ့တွေ၊ ပညာရှင်တွေ၊ ပုဂ္ဂလိက ကဏ္ဍတွေ၊ လွှတ်တော်အမတ်တွေ၊ ကုန်သွယ်ရေး သမ္ဂတွေ၊ လူ့အဖွဲ့အရေး အဖွဲ့အစည်းတွေ၊ မီဒီယာတွေ အပါအဝင် သက်ဆိုင်ရာ အစုအဝေးတွေကို လွှမ်းခြုံထားပါတယ်။
မြန်မာနိုင်ငံနဲ့ ဆက်နွှယ်ပြီး ရွှေ့ပြောင်း ဝင်ရောက်မှုတွေ မူမှန်မဟုတ်တဲ့ အခြေအနေမျိုးထိ ကြုံလာရတဲ့ အခါမှာ ထိုင်းဟာ ရှိရင်းစွဲ ချဉ်းကပ်မှု ပုံစံတွေကို ပြန်သုံးသပ်ဖို့ လိုပါတယ်။ ထိုင်းဘုရင့် နိုင်ငံတော်ဟာ ပျမ်းမျှသက်တမ်း အိုမင်းလာတာ၊ အလုပ်လုပ်နိုင်သူ အချိုးအစား ကျဆင်းလာတာ၊ စီးပွားရေး ဖွံ့ဖြိုးမှု အရှိန်အဟုန် နှေးကွေးလာတာကို ကြုံနေရပါတယ်။ ဒီတော့ လောလောဆယ် လုံခြုံရေးကို ဦးစားပေးပြီး အရာရာ စဉ်းစားတဲ့ ချဉ်းကပ်မှုက အလုပ်မဖြစ်တော့ပါဘူး။ နောက်ပြီး မူဝါဒရေးရာ စီမံခန့်ခွဲမှုနဲ့ လိုအပ်တဲ့ လူသားရေးရာ စုံလင်တဲ့ ပါဝင်မှုတွေလည်း ကင်းမဲ့နေပါတယ်။
ထိုင်းလွှတ်တော်ကတော့ ရှင်းလင်းပြတ်သားပြီး အရှည်တည်တံ့တဲ့ မူဝါဒတွေ ကင်းမဲ့တာ၊ စီမံဆုံးဖြတ်ချက်တွေမှာ ဗဟိုချုပ်ကိုင်မှု များလွန်းတာ၊ ရှည်လျားထွေပြားပြီး ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေ များပြားနေတာ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးတို့လို အခြေခံ ဝန်ဆောင်မှုတွေဆီ လက်လှမ်းမီဖို့တောင် အကန့်အသတ်တွေ ဖြစ်နေတာ စတဲ့ ပြဿနာ အရင်းအမြစ် ၈ ချက်ကို ထုတ်နုတ်ပြထားပါတယ်။ တခြားအချက်တွေကတော့ ပုဂ္ဂိုလ်ရေး အချက်အလက် မှတ်တမ်း မှတ်ရာတွေ ကောက်ယူဖို့ ခက်ခဲတာ၊ အမြဲတမ်း အခြေချ နေထိုင်မှုတွေ၊ ထိုင်းနိုင်ငံသား ဖြစ်မှုကိစ္စနဲ့ အခွင့်အရေး ချိုးဖောက် ခံရတဲ့ အခြေအနေတွေမှာ တရားမျှတမှု လမ်းကြောင်းဆီ လက်လှမ်းမီရေး ဆိုတာတွေ ဖြစ်ပါတယ်။
ဖြေရှင်းရမယ့် နည်းလမ်းတွေအဖြစ် ရှိရင်းစွဲ ဥပဒေ စည်းမျဉ်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို သင့်လျော်အောင် ပြောင်းလဲ ပြင်ဆင်တာ၊ တရားမဝင် ရွှေ့ပြောင်းမှုတွေနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှု ယန္တရားကို ပိုမိုကောင်းမွန်အောင် မြှင့်တင်တာ၊ အခြေခံ အခွင့်အရေးတွေနဲ့ ဝန်ဆောင်မှုတွေကို လက်လှမ်းမီနိုင်အောင် စီမံပေးတာတွေကို ထည့်သွင်း အကြံပြုထားပါတယ်။
ပြီးတော့ ပြင်ဆင်သင့်တဲ့ ဥပဒေ ၃ ခုကိုလည်း လေ့လာသုံးသပ်ချက်ထဲမှာ ထည့်သွင်း အစီရင်ခံထားပြန်ပါတယ်။ အဲဒါတွေကတော့ ၁၉၇၉ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး ဥပဒေ၊ ၂၀၁၈ ခုနှစ် နိုင်ငံရပ်ခြား လုပ်ငန်းခွင်များဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ အရေးပေါ် အမိန့်ဒီကရီ နဲ့ ၁၉၉၁ ခုနှစ် လူမှု မှတ်ပုံတင် အက်ဥပဒေတွေပဲ ဖြစ်ပါတယ်။
အထူးသဖြင့် ၁၉၇၉ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး ဥပဒေဟာ အကာအကွယ် အကင်းမဲ့ဆုံး အစုအဖွဲ့တွေရဲ့ ရပိုင်ခွင့်နဲ့ အကာအကွယ်တွေနဲ့ ပတ်သက်လို့ တိတိကျကျ ပြင်ဆင်သတ်မှတ် ရေးဆွဲသင့်တဲ့ အခြေအနေ ဖြစ်ပါတယ်။
လေ့လာဆန်းစစ် အစီရင်ခံမှုထဲမှာတော့ ဒုက္ခသည်တွေ၊ ဒါမှမဟုတ် ဇာတိနိုင်ငံမှာ ဖိနှိပ်ဖြိုခွင်းမှုတွေကြောင့် နေရပ်ပြန်လို့ မရတဲ့ သူတွေကို အကာအကွယ် ပေးနိုင်မယ့် ဥပဒေသစ် ပြဋ္ဌာန်းမှုကိုလည်း ထည့်သွင်း တောင်းဆိုထားပါတယ်။
အဲဒီ အဆိုပြုချက်တွေက အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ နောက်ပြီး ထိုင်းနိုင်ငံရေးသမား အားလုံးကလည်း တစ်သဘောတည်း ထပ်တူကျနေကြတာ မဟုတ်ပါဘူး။ တစ်ချိန်တည်းမှာပဲ ကွဲပြားတဲ့ ဝန်ကြီးဌာန တချို့ကလည်း ကိုယ့်သဘောနဲ့ကိုယ် ထင်ရာစိုင်းတာမျိုး၊ အမြင်ကျဉ်းတာမျိုး၊ ဘတ်ဂျတ် အကန့်အသတ် အရမ်းကြီးမားတာမျိုး အခြေအနေတွေနဲ့ ရှေ့ဆက်နေကြရပါတယ်။ အဲဒီလိုမျိုး တစ်ဖွဲ့တည်း ထင်တိုင်းကြဲနေတဲ့ ဓလေ့ကို စွန့်ခွာနိုင်ဖို့အတွက် အရာရှိတွေ၊ မူဝါဒရေးရာ ချမှတ်သူတွေဟာ တူညီတဲ့ ပန်းတိုင်ကို တူညီတဲ့ မြန်နှုန်းနဲ့ အတူတူ သွားနေကြတယ် ဆိုတာ ခိုင်မာသေချာအောင် အရင်ဆုံး ညှိယူရမှာ ဖြစ်ပါတယ်။ ဒါမှသာ အရှည်တည်တံ့နိုင်မယ့် ဖြေရှင်းမှုတွေ ထွက်ပေါ်လာမှာပါ။
ဥပမာ အနေနဲ့ ပြောရရင် မြန်မာဖက်မှာ စစ်ရေး ပဋိပက္ခတွေ အရှိန်မြင့်လာတဲ့ အခါမှာထိုင်းအလုပ်သမား ဝန်ကြီးဌာနဟာ ရွှေ့ပြောင်းလုပ်သားတွေ မှတ်ပုံတင်ခွင့်ရရေး ကိစ္စကို ပိုပြီး မြန်ဆန်ချောမွေ့အောင် နည်းလမ်းရှာပေးသင့်တာ ဖြစ်ပါတယ်။ အတွေးအခေါ်ဟောင်းနဲ့ ဗျူရိုကရက် လုပ်ထုံးလုပ်နည်းတွေကို အဲဒီအချိန်မှာ ဆုပ်ကိုင် မထားသင့်တော့ပါဘူး။
နောက်ပြီး ထိုင်းအာဏာပိုင်တွေဟာ အခုကိစ္စရဲ့ သဘောသဘာဝ အပြောင်းအလဲ စည်းချက်တွေကို မှတ်သားထားပြီး အချိန်နဲ့ တပြေးညီ သတင်းနားစွင့်နေရမှာ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ဆိုရင် ဧပြီလတုန်းက ထိုင်းကို ဝင်ရောက်လာတဲ့ မြန်မာဒုက္ခသည် အရေအတွက် ထိုးတက်သွားခဲ့ပါတယ်။ အကြောင်းကတော့ အာဏာသိမ်း စစ်တပ်က စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းလိုက်တာကြောင့်ပါပဲ။
ဒီနေရာမှာ ထိုင်းလွှတ်တော်က အမျိုးသား မွေးစာရင်း မှတ်ပုံတင် စနစ်ဟာ အားလုံးအတွက် တပြေးညီ ဖြစ်စေပြီး ခွဲခြားဆက်ဆံမှု မရှိနိုင်တာ သေချာစေဖို့ အစိုးရကို တောင်းဆိုထားတယ် ဆိုတာပါပဲ။ တစ်နည်းအားဖြင့် ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ ကလေးတွေဟာ ဘယ်နိုင်ငံသား မိဘက မွေးတာပဲဖြစ်ဖြစ်၊ အထောက်အထား စာရွက်စာတမ်းတွေ ရှိရှိ ၊မရှိရှိ တစ်ဆင့်နှိမ့် ခွဲခြားဆက်ဆံမှု မရှိစေဖို့ ဆိုတာမျိုးပါ။ အလားတူပဲ ထိုင်းဟာ ရွှေ့ပြောင်း လုပ်သားတွေရဲ့ သားသမီးတွေ၊ နိုင်ငံမဲ့ ကလေးငယ်တွေရဲ့ ပညာရေးအတွက် လမ်းဖွင့်ပေးဖို့၊ ကျန်းမာရေးနဲ့ လုံခြုံရေးဆိုင်ရာ ကူညီ ထောက်ပံ့မှုတွေ ပေးအပ်ဖို့လည်း တွန်းအားပေးထားပါတယ်။ ရွှေ့ပြောင်းဝင်ရောက်သူတွေ မူမှန်မဟုတ်တဲ့ အခြေအနေမျိုး တိုးများလာခြင်းကို ဒေသဆိုင်ရာအဆင့် အာဏာပိုင်တွေထိ နားလည်ပြီး အာရုံစိုက်မှု ရှိနေမှသာ အခုပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
စိန်ခေါ်မှုတွေ ရှိနေဆဲဆိုတာ မှန်ပေမယ့်လည်း တစ်ဖက်မှာ အပေါင်းလက္ခဏာဆန်တဲ့ တိုးတက်မှုတွေ မြင်နေရတယ်လို့ နယ်စပ် ညွန့်ပေါင်းအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး လီယွန်ဒီ ရီယက်ဒ်မက်တန်က ပြောပါတယ်။ သူ့ရဲ့ အဖွဲ့ဟာ ထိုင်း-မြန်မာ နယ်စပ်မှာ လူသားချင်း စာနာမှု လုပ်ငန်းတွေ အကောင်အထည် ဖော်မှုအတွက် အကူအညီ ပေးနေပါတယ်။
အဲဒီ တိုးတက်မှုတွေထဲမှာတော့ ဒုက္ခသည် စခန်းတွေထဲမှာ ထိုင်းဘာသာစကား သင်ကြား ပို့ချပေးသင့်တယ်လို့ မကြာသေးခင် ထိုင်းပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့တဲ့ အချက်လည်း အပါအဝင် ဖြစ်တယ်လို့ ရီယက်ဒ်မက်တန်က ပြောပါတယ်။ ရွှေ့ပြောင်း ကလေးငယ်တွေကို ထိုင်းစာ သင်ပေးဖို့ ပြင်ဆင်လာခြင်းဟာ အစိုးရ အနေနဲ့ ဒုက္ခသည် စခန်းတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ပြန်လည် ဆန်းစစ် သုံးသပ်နေပြီ ဆိုတာကို ထင်ဟပ်စေတယ်လို့ သူက ဆိုတယ်။ အဲဒီ ဒုက္ခသည် စခန်းတွေဟာ ယာယီ ခိုလှုံရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိနေပေမယ့် သက်တမ်းအားဖြင့် ဆယ်စုနှစ်တွေနဲ့ချီ ကြာညောင်းခဲ့ပြီးပါပြီ။
ပြီးတော့ နယ်စပ် ဒုက္ခသည် စခန်း ၉ ခုမှာ ခိုလှုံနေထိုင်သူတွေကို အမြဲတမ်း အခြေချမယ့် ရပ်ရွာ တစ်ခုခုကိုဖြစ်စေ၊ တတိယ နိုင်ငံ တစ်ခုခုကိုဖြစ်စေ ကူညီ အဖြေရှာပေးတာမျိုးလည်း လိုပါတယ်။ လက်ရှိ ကြုံတွေ့နေတဲ့ အခြေအနေတွေ အရတော့ အဲဒီဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်သွားဖို့ ဆိုတာက သိပ်ကို ခက်ခဲလွန်းပါတယ်။
ရီယက်ဒ်မက်တန်ကတော့ ထိုင်းအစိုးရ အနေနဲ့ နယ်စပ်မှာ ဖွင့်ထားတဲ့ ယာယီ ဒုက္ခသည် စခန်းတွေကို ရေတိုကာလ တစ်ခုအတွင်း ပိတ်ပစ်တော့မယ်ဆိုရင် အဲဒီ စခန်းတွေမှာ နေထိုင်သူ အများအပြားကို ထိုင်းလူ့အဖွဲ့အစည်းထဲ ထည့်သွင်းပေးဖို့ ရွေးချယ်မှုကို မြန်မြန်နဲ့ အားသွန်ခွန်စိုက် အကောင်အထည် ဖော်သင့်တယ်လို့ ထောက်ပြသွားခဲ့ပါတယ်။
လွတ်လပ်စွာ ရပ်တည်တဲ့ လေ့လာစောင့်ကြည့်မှု အဖွဲ့ဖြစ်တဲ့ စီးပွားရေးနဲ့ လူမှုရေးစင်တာ အမှုဆောင် ဒါရိုက်တာ ဦးဇော်ဦးကတော့ မူမှန် အခြေအနေမျိုး မဟုတ်ဘဲ ရွှေ့ပြောင်းဝင်ရောက်မှုတွေ မြင့်တက်လာတဲ့ ကိစ္စမှာ မြန်မာ့အရေးနဲ့ ဆက်စပ်တဲ့ အပိုင်းကို အာရုံစိုက် ဆွေးနွေးရင်း အဓိက တိုးတက်သင့်တဲ့ အပိုင်းသုံးခုကို ထောက်ပြခဲ့ပါတယ်။ ပထမဆုံး အချက်က အလုပ်အကိုင် ခန့်အပ်မှု အဆင့်တွေက ပိုမိုရှင်းလင်းပြီး စရိတ်စကလည်း သက်သာစေဖို့ ဖြစ်ပါတယ်။ ဒုတိယ အနေနဲ့ကတော့ ထိုင်းရဲ့ စီးပွားရေး လုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေနဲ့ ကိုက်ညီအောင် ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကျွမ်းကျင်မှုကို မြှင့်တင်ပေးဖို့ပါ။ နောက်ဆုံးအချက်ကတော့ ငွေလွှဲပြောင်းမှု ကိစ္စတွေ၊ ပဋိပက္ခအလွန် ပြန်လည်ထူထောင်ရေး ကဏ္ဍတွေအတွက် ကြိုပြင်ဆင်ထားဖို့ရယ်ပဲ ဖြစ်ပါတယ်။
အကြံပြုချက်တွေ၊ အဆိုပြုချက်တွေက မျှော်လင့်ချင်စရာ ကောင်းပါတယ်။ ဒါပေမဲ့ တကယ်တမ်း အလုပ်ဖြစ်မလား ဆိုတာကတော့ ထိုင်းအစိုးရသစ်ဟာ အဲဒီစိတ်ကူးတွေကို လက်တွေ့ အသုံးချ၊ မချ အပေါ်မှာ အများကြီး မူတည်နေပြန်ပါတယ်။
လွှတ်တော်ထဲမှာတော့ မြန်မာဖက်က ပဋိပက္ခကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို တုံ့ပြန် ကိုင်တွယ်ဖို့ တာဝန်ယူထားတဲ့ ကော်
မတီကို ဖွဲ့စည်းပုံ အသစ်နဲ့ အစားထိုးဖို့ ပြင်ဆင်ထားပါတယ်။ လက်ရှိ ကော်မတီကတော့ အရင် အစိုးရ လက်ထက် ဒုတိယ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ပန်ပရီ ဘာဟစ်ဒ်ဟာညူခါရာက ဦးဆောင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ကော်မတီ အသစ်မှာ လက်ရှိ နိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာ ဖြစ်ပြီး နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး ဝန်ကြီးဌာနတွေနဲ့ အမျိုးသားထောက်လှမ်းရေး ဌာနရဲ့ အရာရှိကြီးတွေ ပါဝင်မယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ် ဖေထောင်ထန်က လက်မှတ်ထိုးပြီးတာနဲ့ အဲဒီ ကော်မတီအသစ်က စတင် အသက်ဝင်လာမှာ ဖြစ်ပါတယ်။
ကော်မတီရဲ့ အဓိက တာဝန်တွေကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို စောင့်ကြည့်ပြီး လေ့လာဆန်းစစ်ဖို့၊ ထောက်ခံချက်နဲ့ အကြံပြုချက်တွေ တင်ပြဖို့၊ သက်ဆိုင်ရာ အေဂျင်စီတွေ ဌာနတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့၊ အချိန်နဲ့ တပြေးညီ လူထုကို ဆက်သွယ် အသိပေးမှုတွေ လုပ်ဆောင်ဖို့ ဆိုတာတွေ ဖြစ်ပါတယ်။ အဲဒီ လည်ပတ်ပုံအရ ထိုင်းဟာ မြန်မာ့ အရေးနဲ့ ပတ်သက်ရင် အာဆီယံရဲ့ မူဘောင်ထဲကနေ ချဉ်းကပ်ပြီး ကိုယ်တိုင် အနေနဲ့ရော၊ နိုင်ငံတကာနဲ့ ပူးပေါင်းပြီးပါ ပိုမိုတက်ကြွစွာ ကူညီဖြေရှင်းပေးမယ့် နိုင်ငံတစ်ခုအသွင် ပေါ်လွင်လာမှာ ဖြစ်ပါတယ်။
တကယ်တမ်း ပြောရမယ်ဆိုရင် အသစ်ဖွဲ့မယ့် ကော်မတီဟာ ကော်မတီခွဲတွေ ခန့်အပ်ပြီး လွှတ်တော် အစီရင်ခံစာမှာ မီးမောင်းထိုးပြထားတဲ့ အချက်အလက်တွေကို ကိုင်တွယ် ဖြေရှင်းဖို့ ခပ်မြန်မြန် လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ လုပ်သင့်တာတွေကို မလုပ်ဘဲ အီလေးဆွဲနေဦးမယ် ဆိုရင်တော့ မူမှန် အနေအထားမျိုး မဟုတ်တဲ့ ရွှေ့ပြောင်း အခြေချမှုပြဿနာဟာ ထိုင်းနိုင်ငံအတွက် စက္ကန့်တံတွေ တရွေ့ရွေ့ ပြေးလွှားနေတဲ့ ချိန်ကိုက်ဗုံး တစ်လုံးလို ဖြစ်လာမှာ သေချာပါတယ်။ ။
(Bangkok Post သတင်းဌာနမှာ ထိုင်းသတင်းစာဆရာ ကဗီရဲ့ အတွေးအမြင် ဆောင်းပါးဖြစ်တဲ့ Solving the Myanmar migrant surge ကို ဆီလျော်အောင်ဘာသာပြန်ဆိုဖော်ပြထားတာဖြစ်ပါတယ်)