Connect with us

Hi, what are you looking for?

အတွေးအမြင်

ဘေးအန္တရာယ်တွေကြားက မြန်မာနိုင်ငံရဲ့ခံနိုင်ရည်

ဒီရက်ပိုင်း Facebook Memory ကို ဖွင့်ကြည့်မိတိုင်း လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်က ပုံတွေ ပြန်ပေါ်လာတယ်။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရဲ့ ရေဘေးပုံတွေ။ ရွှံ့နွံထဲက လမ်းတွေ၊ ရေမြုပ်နေတဲ့ အိမ်တွေ၊ လှေနဲ့ သွားလာနေကြတဲ့ လူတွေ၊ ရေဘေးသင့်သူတွေကို ကူညီဖို့ အစားအသောက်နဲ့ ရေသန့်တွေ သယ်ဆောင်နေကြတဲ့ လူငယ်တွေ။ ပုံတွေကို ပြန်ကြည့်ရင်း “အဲဒီတုန်းကလည်း ဒီလိုပဲ ရေကြီးခဲ့တာပဲ” လို့ တွေးမိတယ်။ ရေက တူတူပဲဆိုရင် မြန်မာပြည်ကရော အဲဒီတုန်းကနဲ့ ဒီနေ့ တူပါသေးရဲ့လား။

(စစ်ကိုင်းတိုင်း ၊​ရေဦးမြို့နယ်အတွင်း ​ရေ​ဘေးသင့်မိသားစုတစ်စုကို​တွေ့ရစဥ်။ဓါတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြား​ရေး)

အေးခိုင်ဦး ရေးသားသည်။

ဒီရက်ပိုင်း Facebook Memory ကို ဖွင့်ကြည့်မိတိုင်း လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်က ပုံတွေ ပြန်ပေါ်လာတယ်။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရဲ့ ရေဘေးပုံတွေ။ ရွှံ့နွံထဲက လမ်းတွေ၊ ရေမြုပ်နေတဲ့ အိမ်တွေ၊ လှေနဲ့ သွားလာနေကြတဲ့ လူတွေ၊ ရေဘေးသင့်သူတွေကို ကူညီဖို့ အစားအသောက်နဲ့ ရေသန့်တွေ သယ်ဆောင်နေကြတဲ့ လူငယ်တွေ။ ပုံတွေကို ပြန်ကြည့်ရင်း “အဲဒီတုန်းကလည်း ဒီလိုပဲ ရေကြီးခဲ့တာပဲ” လို့ တွေးမိတယ်။ ရေက တူတူပဲဆိုရင် မြန်မာပြည်ကရော အဲဒီတုန်းကနဲ့ ဒီနေ့ တူပါသေးရဲ့လား။

ဒါပေမယ့် ဒီတစ်ကြိမ်မှာရေတွေကနိုင်ငံတစ်ခုထဲကို ဝင်လာရုံသာမဟုတ်ပါဘူး။ အခက်အခဲတွေ ကြားမှာရပ်တည်နေရတဲ့လူမှုအသိုင်းအဝိုင်းတစ်ခုထဲကို ဝင်လာတာပါ။ အဲဒီအတွက် ဒီနေ့ရေဘေးကို ၂၀၁၅ ရေဘေးနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ မိုးဘယ်လောက်ရွာသလဲ၊ မြစ်ရေဘယ်လောက်တက်သလဲ၊ ဘယ်နှစ်ဦး ထိခိုက်သလဲဆိုတာတွေနဲ့တင်ပဲမလုံလောက်တော့ပါဘူး။ ရေကျသွားတဲ့နောက် မြန်မာပြည်မှာ ဘာတွေကျန်ဦးမှာလဲဆိုတာပါ ပေါင်းစပ်တဲ့အခြေအနေပါ။

၂၀၁၅ မှာ ဇူလိုင်လ ၁၆ ရက်နေ့ မိုးသည်းသည်းထန်ထန်ရွာခဲ့တာကနေ မြစ်တွေရေလျှံ၊ ဆည်ရေတွေကနေ မြို့ပေါင်းရွာပေါင်းများစွာရေကြီးရေလျှံဖြစ်ခဲ့ရတယ်။အိန္ဒိယနိုင်ငံကိုတိုက်တဲ့ ဆိုင်ကလုန်း ကိုမန် ကပါအဖျားခတ်တော့ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ၁၂ ခု ရေဘေးကိုကြုံခဲ့ရတယ်။ တနင်္သာရီနဲ့ ကယားပဲ ရေဘေးက လွတ်ခဲ့တယ်။ ရေပတ်လည်ဝိုင်းပြီးအိမ်‌ခေါင်မိုးတွေကိုသာကျွန်းကလေးတွေလိုမြင်နေရတဲ့ပုံတွေ၊သစ်ပင်တွေပေါ်ကလူတွေ၊ အိမ်ခေါင်မိုးတွေပေါ်က တိရိစ္ဆာန်တွေ၊ လှေတွေ၊ပလတ်စတစ်ပုံးတွေ၊ရေပေါ် ပေါ်နိုင််မယ့်ဘာမဆိုပေါ်ကလူတွေ။စိတ်ထိခိုက်စရာ မြင်ကွင်းတွေ။လူဦးရေ ၁.၆ သန်းကျော် ရေဘေးကြုံခဲ့ရတယ်။၂၀၀၈ နာဂစ်မုန်တိုင်းအပြီးအဆိုးရွားဆုံး၂၀၁၅အယ်လ်နီညို ရေဘေး။

Public Service Announcement

Public Service Announcement

အခု၂၀၂၆အယ်လ်နီညိုမှာအဲဒီမြင်ကွင်းတွေ ပြန်မြင်နေရပြန်ပါပြီ။ စစ်ကိုင်း၊မန္တလေး၊မကွေး နဲ့ ဧရာဝတီတိုင်းတို့မှာ ရေဘေးဒုက္ခက တော်တော်ကိုကြီးနေပြီ။ မိုးတွေကလည်း ရွာနေတုန်းပဲ။ဒီလ ၁၃ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခုဖြစ်ဦးမယ်လို့လည်း မိုးလေဝသကပြောထားတယ်။မုတ်သုန်လေအားကလည်းအလွန်ကောင်းဦးမယ်။မြစ်တွေကလည်း ရေတွေဆက်တိုးနေတယ်။ဆည်တွေကလည်း အခုကို ရေတွေလွှတ်နေရပြီ။ အခုချိန်ထိမှာ ၂၀၁၅ လောက်မဆိုးသေးဘူးဆိုပေမယ့် မပြီးဆုံးသေးတဲ့ရေဘေး။ဘယ်လောက်ထိဆိုးရွားသွားနိုင်တယ်ဆိုတာမပြောနိုင်သေးတဲ့အခြေအနေ။

၂၀၁၅ရေဘေးဖြစ်ချိန်မှာမြန်မာနိုင်ငံကအရပ်သားအစိုးရဘက်ကို ကူးပြောင်းမယ့် ရွေးကောက်ပွဲကာလ၊ နိုင်ငံတကာနဲ့ ဆက်ဆံရေး ပိုမိုဖွင့်လာတဲ့အချိန်၊ အစိုးရအဖွဲ့အစည်းတွေ တဖြည်းဖြည်း တည်ဆောက်နေတဲ့အချိန်ဖြစ်ပါတယ်။အရပ်ဘက်အဖွဲ့အစည်းတွေ လှုပ်ရှားခွင့် ပိုကျယ်ခဲ့တယ်။ခွန်စိုက်အားစိုက်အကူအညီတွေ ပေးနိုင်ခဲ့ကြတယ်။

အခု၂၀၂၆ မှာကတော့ နောက်ခံအခြေအနေက အလွန်ကွာပါတယ်။ ရေဘေးမတိုင်ခင်ကတည်းက စားဝတ်နေရေးအခက်အခဲ၊ အလုပ်အကိုင်ရှားပါးတဲ့ပြဿနာ၊ကုန်ဈေးနှုန်း‌တွေ အဆမတန် မြင့်တက်နေတာ၊ နေရပ်စွန့်ခွာရသူတွေ၊ စစ်ဘေးဒုက္ခသည်တွေ၊ တချိန်ထဲမှာ စစ်ပွဲတွေ၊ ဗုံးတွေ နဲ့ မြန်မာနိုင်ငံဟာ အခက်အခဲပေါင်းစုံ၊ အကြပ်အတည်းပေါင်းစုံ၊ ဒုက္ခပေါင်းစုံနဲ့ ရင်ဆိုင်နေခဲ့ကြရတဲ့ အချိန်ဖြစ်ပါတယ်။ အခု ရေဘေးဖြစ်လာတဲ့အခါမှာ မြန်မာနိုင်ငံသားတွေဟာ ဒါတွေအားလုံးကို တပေါင်းတည်းရင်ဆိုင်ကြရတာပါ။အခုခံစားနေကြရတာဟာသဘာဝဘေးတခုထဲမဟုတ်ပါဘူး။ရေကို ဘယ်လိုထိန်းမလဲဆိုတာတစ်ခုတည်းမဟုတ်တော့ဘဲဘယ်သူကကူညီပေးနိုင်မလဲ၊အကူအညီ ဘယ်လောက်မြန်မြန်ရောက်မလဲ၊ ဘယ်နေရာတွေကို လုံခြုံစွာ ဝင်ရောက်နိုင်မလဲ ဆိုတာတွေပေါင်းနေတဲ့ ရေဘေးပါ။ဘယ်အချိန်မှာပြီးဆုံးမယ်မှန်းမသိတဲ့ ဒုက္ခတွေဟာ ရေလှိုင်းကြီးတွေထဲမှာ အားလုံးပေါင်းဆုံနေသလိုပါပဲ။

ကူညီကယ်ဆယ်နိုင်တဲ့သူတွေကအခုလည်း ကူညီကယ်ဆယ်နေကြပါတယ်။ဒါပေမယ့် အကူအညီတွေ ကယ်ဆယ်ရေးတွေအများကြီးလိုအပ်နေပါသေးတယ်။

သဘာဝဘေးဟာနိုင်ငံရေးပြဿနာကို ဖန်တီးတာမဟုတ်ပေမယ့် ရှိပြီးသား အားနည်းချက်တွေ၊ ပျက်စီးနေတာတွေ၊ ဆုံးရှုံးသွားတာတွေ ကို ပိုမြင်သာစေပါတယ်။လမ်းတွေပျက်တော့ အကူအညီရောက်ဖို့ခက်ခဲ၊ဆေးရုံစနစ်အားနည်းတော့ဒဏ်ရာ၊ရောဂါအန္တရာယ်တွေအတွက်ခက်ခဲ၊ စီးပွားရေးအားနည်းတော့ အကူအညီပေးနိုင်ဖို့၊ပြန်လည်ထူထောင်ဖို့ခက်၊ နေရပ်စွန့်ခွာရသူ များပြားတော့ ရေဘေးဒုက္ခ ပိုကြီးဖြစ်လာပါတယ်။

၂၀၁၅ ရေဘေးက နိုင်ငံတစ်ခု ရင်ဆိုင်ရတဲ့ သဘာဝဘေးကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ၂၀၂၆ ရေဘေးကတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကျအဆုံးတွေ နဲ့ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ လူသားရေးအကျပ်အတည်းတစ်ခုပါပဲ။ ကျရှုံးနိုင်ငံမှာ အ​ထွေ​ထွေအကျပ်အတည်း​တွေကြား ​ရေ​ဘေးကိုထပ်ကြုံရတာပါ။ဒီရေတွေကျသွားတဲ့အခါမှာတောင် ပြန်လည် ထူထောင်နိုင်ကြဖို့ အခက်အခဲတွေရင်ဆိုင် ကြရအုံးမှာပါ။

ကိုယ်ကျိုးစီးပွားအတွက်အာဏာလုပြီး တိုင်းပြည်ကိုဖျက်ဆီး​နေတဲ့ ၊​နေ့စဥ်နဲ့အမျှပြည်သူ​တွေကို သတ်ဖြတ်​နေတဲ့စစ်အုပ်စုဆီက​တော့ ကျွန်​တော်တို့ ဘာမှမ​မျှော်လင့်နိုင်ပါဘူး။ ကျွန်​တော်တို့ ​မျှော်လင့်တာ အခက်အခဲ​တွေကြားကပြည်သူအချင်း စာနာ၊ ​ဖေးမမှုနဲ့ အခက်အခဲ​တွေအားလုံးကို ဖြတ်​ကျော်အနိုင်ယူနိုင်မယ့် ပြည်သူ​တွေရဲ့ ကြံကြံခံနိုင်စွမ်းပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံက ရေကြီးမှုဒဏ် ခံနေရတဲ့ ပြည်နယ်တွေဆီ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေး လုပ်ငန်းတွေမှာ ပါဝင်ဖို့ စစ်သည် ၁၀၀၀၀ ကျော် ဖြန့်ကျက် စေလွှတ်ထားကြောင်း သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ခရစ်ယာန်ဓမ္မဆရာ ၃ ဦးဆီကနေ ထိမ်းမြားလက်ထပ်ပေးပိုင်ခွင့် လိုင်စင်တွေကိုပယ်ဖျက်ခဲ့တဲ့နောက် မြန်မာကို ‘ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံများ စာရင်း’မှာ ဆက်လက် ထည့်သွင်းပေးဖို့ အမေရိကန် အစိုးရကို Burma Research Institue (BRI)က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးမှုတွေကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ စိုးရိမ်တကြီး စျေးဝယ် စုဆောင်းမှုတွေ ဖြစ်လာပြီး စျေးဝယ်စင်တာတွေ၊ ကုန်စုံဆိုင်တွေမှာ ကုန်ပစ္စည်းတချို့ ပြတ်လပ်ကုန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ရေကြီးမှုတွေ အခြေအနေ ဆိုးလာတာကြောင့် ခရိုင် ၅၀ စလုံးကို အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

Facebook