မနှစ်တုန်းက ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်ကို ရန်လို ဖိအားပေးရင်း တရုတ် သင်္ဘောနှစ်စီး တိုက်မိခဲ့တဲ့ ဖြစ်စဉ်မှာ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ် ဆိုတာကို တရုတ်က ပထမဆုံးအကြိမ် ဝန်ခံခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လတုန်းက တောင်တရုတ် ပင်လယ်မှာရှိတဲ့ နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားနေရာ စကားဘရော့ ကမ်းဝေး သောင်ခုံကျွန်းတွေ တဝိုက်မှာ တရုတ် ကမ်းခြေစောင့်တပ်နဲ့ တရုတ်ရေတပ်ရဲ့ သင်္ဘောနှစ်စီးဟာ ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်နဲ့ ထိပ်တိုက် တွေ့ခဲ့ပါတယ်။
တရုတ် ကမ်းခြေစောင့် သင်္ဘောဟာ ဖိလစ်ပိုင် ရေယာဉ်နောက်ကို ထပ်ကြပ်မကွာ လိုက်ရင်း မီးသတ်ပိုက်နဲ့ထိုး အနှောင့်အယှက် ပေးနေတုန်း ဘေးကနေ ဖြတ်ဝင်လာတဲ့ တရုတ် ရေတပ် စစ်သင်္ဘောကို အရှိန်နဲ့ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်ကို ဖိလစ်ပိုင် ရေယာဉ်ပေါ်ကနေ ဗီဒီယို ရိုက်ကူးထားနိုင်ခဲ့ပါတယ်။
တရုတ်ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိခိုက်သေဆုံးမှုတွေကို တရားဝင် မထုတ်ပြန်ဘဲ နှုတ်ဆိတ်နေခဲ့ပြီး တစ်နှစ်လောက် ကြာတော့မှသာ ကမ်းခြေစောင့် အရာရှိ ယီရှင်းယုနဲ့ ချန်လောင်တို့ သေဆုံးမှုကို ထုတ်ဖော် ဝန်ခံလာတာ ဖြစ်ပါတယ်။ နိုင်ငံအတွက် အရဲရင့်ဆုံး တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သူ နှစ်ဦးကို တရုတ်ပြည်သူ့ လက်နက်ကိုင် ရဲတပ်ဖွဲ့ (PAP)ရဲ့ သစ္စာစောင့်သိမှု ဂုဏ်ပြုဆုကို ချီးမြှင့်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ကြေညာခဲ့ပါတယ်။ တရုတ် ကမ်းခြေစောင့်တပ်ဟာ PAPရဲ့ ကွပ်ကဲမှုအောက်မှာ ရှိပါတယ်။

Public Service Announcement
သေဆုံးချိန်မှာ ယီဟာ အသက် ၂၁ နှစ်အရွယ်ရှိပြီး ချန်က ၂၅ နှစ်ပါ။ ဩဂုတ် ၁၁ ရက်နေ့တုန်းက တောင်တရုတ် ပင်လယ်မှာ နိုင်ငံရဲ့ ရေပိုင်နက်ကို ကာကွယ်ဖို့ ကြိုးစားတဲ့ စစ်ဆင်ရေးအတွင်း သူတို့နှစ်ဦး ကျဆုံးခဲ့တယ်လို့ PAPက ဆိုပါတယ်။
တောင်တရုတ် ပင်လယ်မှာ ဖိလစ်ပိုင်နဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွင်း ကမ်းခြေစောင့် တပ်သားတွေ သေဆုံးမှုကို တရုတ်က ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။
တရုတ် ကမ်းခြေစောင့်တပ်ရဲ့ ကြားဖြတ် ဟန့်တားရေး သင်္ဘောဖြစ်တဲ့ နန်ယုဟာ တရုတ်ရေတပ်ရဲ့ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော ကွေ့လင်းရဲ့ ဘေးဖက်ကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်ဖက်က ထုတ်ပြန်တဲ့ မှတ်တမ်း ဓာတ်ပုံတွေမှာတော့ နန်ယုရဲ့ ဦးခေါင်းပိုင်းဟာ ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးသွားခဲ့တာကို တွေ့ရပါတယ်။
အဲဒီတုန်းက တရုတ်ဟာ ဖိလစ်ပိုင် ရေယာဉ်ရဲ့ အန္တရာယ် ရှိလောက်တဲ့ နီးနီးကပ်ကပ် ခုတ်မောင်းမှုကြောင့် တရုတ်ရေယာဉ်တွေ တိုက်မိတာပါလို့ စွပ်စွဲ အပြစ်တင်ခဲ့ပေမယ့် ထိခိုက်သေဆုံးမှု သတင်းကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။
ဖိလစ်ပိုင်ကတော့ ဒီဖြစ်ရပ်အတွက် ဘာတာဝန်မှ မရှိကြောင်း ငြင်းဆိုခဲ့ပြီး ကံမကောင်းတဲ့ ရလဒ်သက်သက်သာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ယီနဲ့ ချန်တို့ရဲ့ သေဆုံးမှုဟာ ၂၀၀၁ ခုနှစ်ကစလို့ တောင်တရုတ်ပင်လယ် ရေပြင်က စစ်ဆင်ရေးတွေမှာ တရုတ်ဖက်က ပထမဆုံး အသိအမှတ်ပြုတဲ့ အကျအဆုံး ကိစ္စတွေ ဖြစ်လာပါတယ်။ အဲဒီနှစ် ဧပြီလတုန်းကတော့ တရုတ်ရဲ့ J-8 တိုက်လေယာဉ် တစ်စီးဟာ အမေရိကန် ကင်းထောက်လေယာဉ်ကို ဝင်တိုက်မိတာကြောင့် တရုတ် လေယာဉ်မှူး ဝမ်ဝေ သေဆုံးခဲ့ပါတယ်။ အမေရိကန်ရဲ့ EP-3 ကင်းထောက် လေယာဉ်လည်း တရုတ်ပိုင်နက်ထဲမှာ အရေးပေါ် ဆင်းသက်ခဲ့ရပြီး အဖွဲ့သား ၂၄ ဦးလည်း ၁၀ ရက်လောက် ထိန်းသိမ်းခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး တရုတ်နဲ့ အမေရိကန်ကြား သံတမန်ရေး တင်းမာမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
ကိုးကား: Marine Insight


















































