Connect with us

Hi, what are you looking for?

အတွေးအမြင်

တရုတ်ဇာတ်ညွှန်းနဲ့ ​စစ်ရာဇဝတ်​ကောင်​တွေဆီမှာ ငြိမ်းချမ်း​ရေးသွားရှာကြသူ​​တွေ

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ရွက်ဝါ/People’s Spring

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ခေတ်သစ် လူမှုဆက်ဆံရေးစံနှုန်းတွေအရ အတော်လေး မောက်မာပြီး ရိုင်းစိုင်းပြီး ဖိအားပေး လွှမ်းမိုးလိုတဲ့ သတိပေးချက်ပါတဲ့ စာသားပါ။

ကုန်ခဲ့တဲ့ နှစ်နှစ်နီးပါးက တရုတ်နိုင်ငံ ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီကနေ မြန်မာ-တရုတ်နယ်စပ်အခြေပြု တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)ထံ ပေးပို့တဲ့ ခြိမ်းခြောက်စာမှာပါတဲ့ ရေးသားချက်လည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာ သံတမန်ဆက်ဆံရေးမှာ သုံးလေ့မရှိတဲ့ ဗိုလ်ကျပြီး ခြိမ်းခြောက်လိုက်တဲ့ ဒီလိုစာကို၂၀၂၄ဩဂုတ်၂၉ ရက်မှာ TNLA လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ စာရဲ့ ရည်ရွယ်ချက်က အာဏာသိမ်းစစ်တပ်နဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့၊ မရပ်ရင် ဆုံးမသွန်သင်သွားမယ်ဆိုတဲ့အိမ်နီးချင်းနိုင်ငံ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတခုရဲ့ သံတမန်ကျင့်ဝတ်ကိုမလေးစားတဲ့ ယဉ်ကျေးမှုမရှိတဲ့ လုပ်ရပ်လည်းဖြစ်ပါတယ်။

တဖက်မှာလည်း အဲဒီကာလက TNLA နယ်မြေ ဒေသအသီးသီးမှာစစ်ရှုံးနေတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကို အသက်ဆက်စေဖို့ တရုတ်အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေထဲက တခုဆိုရင်လည်း မမှားပါဘူး။ ဒါ့အပြင် မြန်မာစစ်အာဏာရှင်ကျဆုံးခန်းကို လက်မခံလိုတဲ့ တရုတ်အစိုးရရဲ့သဘောထားဟာ မြန်မာ့နိုင်ငံရေးစစ်ရေး အခြေအနေတွေအပေါ် များစွာ သက်ရောက်စေခဲ့တာလည်းနှစ်နှစ်တာအတွင်း မမြင်ချင်လည်း မြင်တွေ့နေကြရပါပြီ။

“ဘရိတ်ခဏ ယူရအောင် ဘောလုံးကန်နေတာလည်း မဟုတ်၊ ခဏခဏ ရပ်ရအောင်လည်း လက်ဝှေ့ထိုးတာမဟုတ်လင်းလင်း သီချင်းကို ဆက်ဆိုကြရအောင်ပါ။ရှေ့သို့ ရှေ့သို့ ချိတက်ကြစို့” လို့ TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က တရုတ်အစိုးရရဲ့ တိုက်ပွဲရပ်ဖို့ဖိအားပေးမှုကို အံတုခဲ့ပါသေးတယ်။

ဒါပေမဲ့ တအာင်းပြည်သူတွေကို ပစ်မှတ်ထား လေကြောင်းဗုံးကြဲတိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ စစ်အုပ်စုနဲ့ ၂၀၂၅ အောက်တိုဘာလကုန်ပိုင်းမှာအပစ်ရပ်စဲခဲ့ရတဲ့TNLAဟာ၂၀၂၆ ဇူလိုင်မှာနေပြည်တော်အထိတက်လာပြီး စစ်တပ်ရဲ့ ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ခဲ့ရပါပြီ။

“ဘာမဆိုလုပ်ရဲတယ်ဆိုသူရဲ့ ငံကျိကျိ ငြိမ်းချမ်းရေးနဲ့ရွေးကောက်ပွဲကို ငါတို့က ဘာအဓိပ္ပါယ်ဖွင့်စရာလိုမှာလဲ… ဒီကစားပွဲမှာ နားချိန်တလို့ နားတာ ဖိအားများလို့နားတာ အားပြန်စုဖို့ နားတာ” လို့ ဗိုလ်ချုပ်တားဘုန်းကျော်ရဲ့ စစ်တပ်နဲ့ အပစ်ရပ်စဲခဲ့ရခြင်း ရှင်းလင်းချက်ဟာ တရုတ်နယ်စပ်က တိုင်းရင်းသားတပ်တွေ ကြုံရတဲ့ အခြေအနေကို မီးမောင်းထိုးပြသလိုပါပဲ။

TNLAလိုပဲမြန်မာ-တရုတ်နယ်စပ်အခြေပြု တော်လှန်ရေးတပ်ဖွဲ့အချို့ဟာ စစ်အုပ်စုနဲ့ အပစ်ရပ်စဲရတာ၊ စစ်အုပ်စု ရဲ့ဟန်ပြဆွေးနွေးပွဲတွေမှာ ပါဝင်ရတာရှိနေပါပြီ။ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ စစ်တပ်နဲ့ အပစ်ရပ်စဲခဲ့ရတဲ့ ကိုးကန့်တပ်(MNDAA)ဟာ မဟာမိတ်တွေနဲ့အတူ သိမ်းထားတဲ့ လားရှိုးမြို့ကို စစ်အုပ်စုထံ ၂၀၂၅ ဧပြီလမှာ ကျည်တစ်ချက် မ​ဖောက်ရဘဲ ပြန်ပေးခဲ့ရသလို တရုတ်ဖိအားနဲ့စစ်အုပ်စုနဲ့ ဆွေးနွေးမှုတွေလည်း တရုတ်နိုင်ငံမှာ လုပ်ခဲ့ရပါတယ်။

ဒီအခြေအနေတွေဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကျပ်အတည်းများ ရင်ဆိုင်နေရချိန်မှာ အာဏာသိမ်းစစ်တပ်ဟာ တရုတ်အစိုးရလိုချင်တာ​တွေ​ပေးပြီး တရုတ်အစိုးရရဲ့ သံတမန်ရေး၊ စီးပွားရေးနဲ့ စစ်ရေးဩဇာ လွှမ်းမိုးမှုများကို အသုံးချပြီး တိုင်းရင်းသား လက်နက်ကိုင်​တွေကိုဖိအားပေးခိုင်းပြီး တိုက်ပွဲရပ်စေတာ၊ ဆွေးနွေးပွဲလာစေတာ တွေထဲက ထင်ရှားတဲ့ ဖြစ်ရပ်အချို့ဖြစ်ပါတယ်။

၂၀၂၃ နှစ်ကုန်ပိုင်းက စတင်ခဲ့တဲ့ ကိုးကန့်၊တအာင်း၊ ရက္ခိုင် ညီနောင်မဟာမိတ်တပ်တွေရဲ့ ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးမှာ တပ်စခန်းတွေ မြို့တွေများစွာ လက်လွှတ်ခဲ့ရတဲ့ စစ်အုပ်စုဟာ တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ ဟိုင်ဂင်အပစ်ရပ်စဲရေးသဘောတူညီချက် ရရှိအောင်လုပ်ခဲ့ပါတယ်။တော်လှန်ရေးတပ်တွေကို နယ်စပ်ပိတ်ဆို့မှုတွေလုပ်ဆောင်တာ၊ အပယ်ခံ စစ်အုပ်စုအတွက် နိုင်ငံရေးထွက်ပေါက်ရဖို့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို ထောက်ခံ ဖန်တီးပေးတာ၊ နိုင်ငံတကာမှာ စစ်အုပ်စုကို သံတမန်ရေးအရ ကာကွယ်ပေးတာ၊ စစ်လက်နက်နဲ့ နည်းပညာတွေ ကူညီပံ့ပိုးတာ ၊ဘဏ္ဍာ​​ရေး ကူညီတာစတဲ့ ပြိုကျလုနီးနီး စစ်အာဏာရှင်တွေကို ကျားကန်ပေးတဲ့ တရုတ်အစိုးရ လုပ်ရပ်တွေဟာ အများအမြင်ဖြစ်ပါတယ်။

တရုတ်အစိုးရရဲ့နည်းလမ်းမျိုးစုံ ပံ့ပိုးမှုဟာ စစ်အုပ်စု အတွက် အသက်ရှူပေါက် ရရှိခဲ့တယ်လို့လည်းဆိုနိုင်ပါတယ်။ တဖက်မှာလည်းစစ်တပ်က စစ်မှုမထမ်းမ​နေရဥပ​ဒပြဌာန်းပြီး စစ်သားသစ်​တွေ အဓမ္မစု​ဆောင်းကာ တန်ပြန်ထိုးစစ်ဆင်ရင်း ဒေသအချို့ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ကာ စစ်ရေးဦးပြန်မော့လာခဲ့ပါတယ် ။TNLA ထိန်းချုပ် မြို့ရွာတွေအပါအဝင် တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မြို့အချို့ကို ပြန်လည်ထိန်းချုပ်နိုင်တာ၊ ပြည်သူတွေနဲ့ နိုင်ငံတကာက အသိအမှတ်မပြုပေမယ့် အတုအယောင်ရွေးကောက်ပွဲလုပ်ပြီးအာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင် သမ္မတပြန်ခန့်ပြီး​ရွေးတုအစိုးရပြန်ဖွဲ့ခဲ့ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ရက် ၁၀၀ အစီအစဉ်မှာငြိမ်းချမ်းရေးခေါင်းစဉ်လည်း အပါအဝင်ဖြစ်ပါတယ်။

အဲဒီ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ TNLA တပ်ဖွဲ့အပြင် ကြားနေတယ်လို့ ကြွေးကြော်ခဲ့တဲ့ ၀တပ်ဖွဲ့ UWSA၊ မိုင်းလားတပ်ဖွဲ့ NDAA၊ နိုင်ငံရေးပြဿနာ နိုင်ငံရေးနည်းနဲ့ ရှင်းမယ်ဆိုတဲ့ ရှမ်းတပ် SSPP၊ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ပထမဆုံးထုတ်ပြန် လေကျယ်ခဲ့ပြီး စစ်အာဏာရှင်တွေနဲ့ ထိတွေ့ဆက်ဆံဆွေးနွေးနေတဲ့ ရှမ်းတပ် RCSS လိုအဖွဲ့တွေဟာလည်း စစ်အုပ်စုရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်နေရပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ အရင်က မဆွေးနွေးဖူးတဲ့အပြင် အာဏာသိမ်းပြီးနောက် စစ်တပ်လက်အောက်ခံသဘောမျိုးနဲ့ တော်လှန်ရေးတပ်တွေကို တိုက်ခိုက်နေတဲ့ ရှမ်းနီတပ် (SNA) ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)က ခွဲထွက်တည်ထောင်ထားတဲ့ DKBA လို၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNLA-PC) လို အဖွဲ့တွေ၊ တပ်အင်အားမရှိတဲ့ ရက္ခိုင် ALP၊ လားဟူ LDU လို စစ်အင်အားမရှိစစ်အုပ်စုအလိုကျ ကနေရတဲ့အဖွဲ့တွေ ၊ စစ်တပ်နဲ့ တိုက်ပွဲမရှိသလို အဖွဲ့ကွဲထားတဲ့ မွန်တပ် NMSP နဲ့ နာဂ NSCN-K လိုအဖွဲ့တွေဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့ကြပါတယ်။

ထူးခြားတာကစစ်ကောင်စီကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ပြီးချင်းမြောက်ပိုင်းကဖလမ်း၊ချင်းတောင်ပိုင်းကမင်းတပ်၊ကန်ပက်လက်၊ မတူပီ၊ကျင်ဒွေးမြို့တွေကိုသိမ်းပိုက်နိုင်ခဲ့တဲ့ ချင်းညီနောင်အဖွဲ့ဝင်ချင်းဒေသကာကွယ်ရေးအဖွဲ့တခုဖြစ်တဲ့ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)နဲ့လည်း ဆွေးနွေးခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စစ်တပ်နဲ့ ဆွေးနွေးရာမှာ အဓိက တာဝန်ရှိသူ CNO ဥက္ကဋ္ဌကို တာဝန်ကရပ်စဲပြီး တော်လှန်ရေးဆက်လုပ်မယ်လို့ CNOက ကြေညာခဲ့ပါတယ်။

စစ်အုပ်စုနဲ့ ဆွေးနွေးကြတဲ့ အဖွဲ့တွေထဲမှာ TNLAနဲ့ CNO ကလွဲလို့ ကျန်အဖွဲ့အများစုဟာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ကြတဲ့ အဖွဲ့တွေဖြစ်ပါတယ်။ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကတော့ တိုင်းရင်းသားတပ်တွေ အနေနဲ့ စစ်ကောင်စီခေါ်တိုင်းသွားနေတဲ့ ပုံစံမျိုးမဖြစ်စေချင်ဘူးလို့ ပြောပါတယ်။

စစ်တပ်က ဟန်ပြလုပ်ရပ်ကို သတိမထားမိဘဲ စစ်တပ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေတာဟာ အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ အစိုးရဆိုတာကို တရားဝင်မှုပေးသလို ဖြစ်နေမယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။

ဆလိုင်းထက်နီပြောတဲ့ စစ်တပ်ရဲ့ဟန်ပြငြိမ်းချမ်းရေးဆိုတာကို စစ်တပ်ကိုယ်တိုင်က သိသလို ဆွေးနွေးပွဲလာတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်း သိပြီးဖြစ်မှာပါ။ဒါဆို ဘာလို့ တွေ့ကြဆွေးနွေးသလဲမေးရင် နှစ်ဖက်လုံးမှာ အကျိုးစီးပွားတွေ ရှိနေလို့လို့ မှတ်ယူနိုင်ပါတယ်။

စစ်တပ်ဘက်က စစ်မျက်နှာအသစ်တွေ မဖွင့်လိုတာ၊ စစ်အင်အားတည်ဆောက်ဖို့အချိန်ဆွဲလိုတာ၊တရားဝင်မှုရယူလိုတာ၊နယ်စပ်ကုန်သွယ်ရေးတွေ လုပ်လိုတာ စတာတွေ ရှိနေမှာ ဖြစ်သလို ဆွေးနွေးပွဲလာ လက်နက်ကိုင်တပ်တွေအများစုက ဒေသတည်ငြိမ်းရေး ထိန်းလိုတာ၊စစ်တပ်နဲ့ စကားပြောရင်းအင်အားတည်ဆောက်တာ၊နယ်မြေနဲ့ အခွင့်အရေးတွေ တောင်းဆိုတာ စတဲ့ ကိုယ့်ဒေသမပျက်စီးရေးနဲ့ ကိုယ်ပိုင် အကျိုးစီးပွား ကာကွယ်ရေး ဆိုတဲ့ ပထဝီနိုင်ငံရေးနဲ့ စစ်ရေး ကစားပွဲတစ်ခုလို့တောင်ဆိုနိုင်ပါတယ်။

“ကျနော်တို့ စဉ်းစားတဲ့နေရာမှာ တပြည်လုံး တနိုင်ငံလုံးအတိုင်းအတာ အပြောင်းအလဲကို လုပ်ချင်သလား ကိုယ့်ရဲ့အစုအဖွဲ့ အခက်အခဲကြောင့် ကိုယ့်တဖွဲ့တစည်းတည်းရဲ့အကျိုးစီးပွားကြောင့်ပဲ တွေ့သလားဆိုတဲ့ဟာကတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအပေါ်မှာပဲ မူတည်ပါတယ်”လို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် နိုင်ငံတကာဆိုတာဟာလည်း မြန်မာတနိုင်ငံလုံးငြိမ်းချမ်းရေးထက်သူတို့ရဲ့ အကျိုးစီးပွားအတွက်ပိုလုပ်လာတာကို စစ်အုပ်စုနဲ့ထိတွေ့ဆက်ဆံနေတဲ့တရုတ်၊အိန္ဒိယ၊ ထိုင်း စတဲ့ အိမ်နီးချင်း နိုင်ငံတွေကို CNF တာဝန်ရှိသူက ဥပမာပြပါတယ်။

အိမ်နီးချင်းတွေအနက်အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သွေးစွန်းလက်ကို လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ တရုတ်အစိုးရဟာ လူထုကန့်ကွက်မှုကြောင့် ဆယ်စုနှစ်တခုကျော် ရပ်ဆိုင်းထားတဲ့ ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်း ပြန်စဖို့ စစ်အုပ်စုနဲ့လက်ဝါးချင်းရိုက်ခဲ့တာ ထင်ရှားပါတယ်။ အခြားအခြားသော တရုတ်အကျိုးစီးပွား အခြေပြု စီမံကိန်းတွေလည်း စစ်အုပ်စုက တရုတ်အလိုကျ လိုက်လျောခဲ့မှာ အသေအချာပါပဲ။ တရုတ်ဟာ အကျိုးစီးပွားအတွက် မြန်မာပြည်သူထောင်ပေါင်းများစွာကိုသတ်ဖြတ်ဖမ်းဆီးနှိပ်စက်ခဲ့တဲ့ စစ်အုပ်စုဘက်ကို အကျင့်ပျက်ယွင်းစွာ ရပ်တည်ခဲ့တာလည်းဖြစ်ပါတယ်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)ရဲ့ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် မတရားစစ်အာဏာလုမှု ဖြစ်စဉ်စတင်ချိန်ကနေ ၂၀၂၆ ဩဂုတ် ၄ ရက်ထိစစ်အုပ်စုနဲ့လက်ပါးစေတွေရဲ့လက်ချက်ကြောင့်သေဆုံးရတဲ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ၈၂၃၀ ဦးရှိတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံခဲ့ရသူ သုံးသောင်းကျော်ရှိခဲ့ပြီး အဲဒီအထဲက ထက်ဝက်ကျော်ဟာ ထိန်းသိမ်းခံနေရဆဲလို့ ဆိုပါတယ်။ဒါဟာ လက်လှမ်းမီသလောက် ကောက်ယူထားတာဖြစ်လို့ မြေပြင်မှာ အခုထက် သေဆုံးနဲ့ ဖမ်းဆီးခံရသူဦးရေ ပိုများနိုင်တယ်လို့ အသိပေးထားပါတယ်။

ဒီလိုနာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ ရက်စက်တဲ့စစ်အုပ်စုရဲ့ ဖိတ်ခေါ်မှုကို လက်မခံဘဲ ငြင်းဆန်ကာ စစ်အာဏာရှင်စနစ် တိုက် ဖျက်နိုင်ရေးတိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုများစွာလည်း ရှိနေပါတယ်။

အဓိက အင်အားစုကြီးဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦးCNF၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) တို့ဟာ စစ်အုပ်စုကို စစ်ရေးအပြင် နိုင်ငံရေး သံတမန်ရေးအရပါ အထိနာအောင် တိုက်ခိုက်နိုင်ဆဲဖြစ်ပါတယ်။

ကချင်၊ ကရင်၊ ကရင်နီ ဒေသတွေမှာ စစ်တပ် အထိနာတဲ့တိုက်ပွဲတွေဆက်ရှိနေသလို အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပကဖ တပ်တွေဟာလည်း စစ်ကိုင်း၊ မကွေး၊ ပဲခူးဒေသတွေ အပြင် မဟာမိတ်တွေနဲ့အတူအာဏာသိမ်းစစ်တပ်ကိုအထိနာအောင် တိုက်ခိုက်နိုင်တာ မကြာခဏ မြင်တွေ့ကြရမှာလည်းဖြစ်ပါတယ်။

“တော်လှန်ရေး ၅နှစ်တာကာလ အတွေ့အကြုံကို ကျနော်တို့ အားနည်းချက်တွေ အားသာချက်တွေ ပြန်လည်ဖော်ထုတ်ပြီး စစ်ကောင်စီကို တွန်းလှန်နိုင်မယ့် အပြောင်းအလဲ ဖြစ်နိုင်မယ့် အစုအရပ်ကြီးတခု SCEFကို ဖွဲ့စည်းတာဖြစ်ပါတယ်” လို့ SCEF အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ဆလိုင်းထက်နီကပြောပါတယ်။

SCEFဟာ ဦးတည်ချက် ရည်မှန်းချက်တူတဲ့ အင်အားစုတွေနဲ့အတူ အားကောင်းတဲ့ တစ်ခုတည်းသောအမိန့်ပေးကွပ်ကဲမှုနဲ့တစ်ခုတည်းသော စစ်ဗျူဟာ အောက်မှာရှိတဲ့ တပြည်လုံးအတိုင်းအတာ အပြောင်းအလဲအတွက် ကြိုးပမ်းနေကြောင်းအသိပေးပါတယ်။အာဏာသိမ်းပြီးပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုပေါင်းထားတဲ့နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)၊ ရက္ခိုင်ပြည်နယ်တခုလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့ စစ်ကောင်စီတပ် ကြောက်ရတဲ့ အာရက္ခတပ်တော်(AA)၊ မဟာမိတ်တွေနဲ့အတူ စစ်တပ်ကို ရင်ဆိုင်နေတဲ့ မွန်နဲ့ ပအိုဝ်းတော်လှန်ရေးတပ်ဖွဲ့တွေ အင်အားစုတွေကို SCEFက ဇူလိုင်လအတွင်း ဆက်တိုက်တွေ့ဆုံပြီး ပူးပေါင်းမှု မြှင့်တင်ဖို့ ကြိုးပမ်းခဲ့တာဟာလည်း အထင်အရှားပါပဲ။

လေးလသက်တမ်းသာရှိတဲ့ဖက်ဒရယ်ဦးဆောင်ကောင်စီ-SCEFဟာ နိုင်ငံတကာနဲ့ ပြည်သူလူထုရဲ့ ပံ့ပိုးမှုတွေရရှိဖို့ နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတာတွေလည်းရှိပါတယ်။

တဖက်က စစ်အာဏာရှင်စနစ်တိုက်ဖျက်ပြီး မြန်မာ့နိုင်ငံရေးအပြောင်းအလဲကိုဖော်ဆောင်ဖို့ ကြိုးပမ်းနေတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီလို့ ခေါ်တဲ့ SCEF ၊တဖက်က ငြိမ်းချမ်းရေးဖိတ်ခေါ် ပြီးအရပ်သားတွေကို လေကြောင်းဗုံးကြဲတာ အဆက်မပြတ်လုပ်နေတဲ့ စစ်အုပ်စု။

ရွေးချယ်ခွင့်ရှိချိန်မှာ ဘယ်ဘက်က ရပ်တည်ကြ၊လက်တွဲကြမလဲ ။ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတာကို ဝယ်ကြမလား၊ ကျင့်ဝတ်မဲ့ အိမ်နီးချင်းတွေ အဖြစ်ခံမလား။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကတော့ အာဏာသိမ်းစစ်အုပ်စုဟာ ပြည်သူလူထုကို မတရားသတ်ဖြတ်ပြီး နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေ တယ်ဆိုတာ အားလုံးအသိဖြစ်သလို သမိုင်းလျှောက်စစ်အာဏာရှင်တွေဟာသူတို့အကျိုးစီးပွားအတွက်ပဲ လုပ်ခဲ့ကြတယ်ဆိုတာ သက်သေပြချက်တွေရှိနေတယ်လို့ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုကသာ တိုင်းပြည်ကို ဆက်လက်လွှမ်းမိုးနေမယ်ဆိုရင်ဒေသတွင်းတည်ငြိမ်ရေး၊ မူယစ်ဆေးဝါး၊အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအပါအဝင်နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ ပိုမိုတိုးလာဖို့ပဲရှိတယ်လို့ ဦးဘိုကြည်ကနိုင်ငံတကာကိုသတိပေး ပါတယ်။

“အခုဖြစ်နေတဲ့ဒေသတွင်းမတည်ငြိမ်မှုကနေ ကမ္ဘာလုံးဆိုင်ရာအခက်အခဲကိုပါဖြစ်ပေါ်စေ လာပါလိမ့်မယ်”လို့လည်း ဦးဘိုကြည်က ထပ်မံ သတိပေးပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း နိုင်ငံသား​ပေါင်း တစ်သိန်း​ကျော်​သေဆုံးခဲ့ပြီးဖြစ်သလို ​နေအိမ်​ပေါင် သိန်းချီပြီး စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့ပါတယ် ။ ​ကျောင်းသားငယ်​တွေအပါအဝင် ပြည်သူ​ထောင်​ပေါင်းများစွာကိုစစ်တပ်က ဗုံးကြဲသတ်ဖြတ်ခဲ့ပြီး တစ်နိုင်ငံလုံးကိုဖျက်ဆီးခဲ့ပါတယ် ။ဒါ​ကြောင့်အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်အပါအဝင် အတူကျူးလွန်ခဲ့တဲ့ စစ်အုပ်စုဟာ စစ်ရာဇဝတ်သား​​တွေဖြစ်ပါတယ်။စစ်အုပ်စုဆီမှာ ငြိမ်းချမ်း​ရေးမရှိဘူး ဆိုတာကိုလည်းသမိုင်းမှာ အကြိမ်ကြိမ်သက်​သေပြခဲ့ပြီးဖြစ်ပါတယ်။ ဒီအချက်ကို တရုတ်ဖိအား​ကြောင့်​ခေါင်းစဥ်နဲ့ စစ်ရာဇဝတ်သား​တွေနဲ့ ငြိမ်းချမ်း​ရေး​ဆွေး​နွေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့လည်းသိပြီးဖြစ်ပါတယ်။

ဒီလိုရက်စက်ကြမ်းကြုတ်တဲ့သူတွေက ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဆောင်ရွက်မယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့လည်း စစ်အုပ်စုရဲ့ ဟန်ပြငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးဦးဘိုကြည်ကအခုလို မှတ်ချက်ပြုပါတယ်။

“ရေတိုအဆင်ပြေရေးအတွက် ရွေးချယ်မယ်ဆိုရင် ရေရှည်မှာ အဲလိုရွေးချယ်သူတွေပဲ ပြန်အခက် တွေ့ပါလိမ့်မယ်”။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။