Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်ကိုဆန္ဒပြခဲ့တဲ့ ထိုင်းအမတ်က ပါတီကိုယ်စားမင်းအောင်လှိုင်ဆီ လိပ်မူတဲ့ ပေးစာကို ထုတ်ပြန်

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ရှေ့မှာ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုတွေအတွက် အော်ဟစ်ဆန္ဒပြခဲ့တဲ့ ပြည်သူ့ပါတီ (PP)ရဲ့ အမတ် အနူဆွမ် သွမ်ချိုင်က မင်းအောင်လှိုင်ဆီလိပ်မူတဲ့ပေးစာကိုထုတ်ပြန်ခဲ့ပါတယ်။

(ထိုင်းအမတ် အနူဆွမ် သွမ်ချိုင်ဟာ ဘန်​ကောက်မြို့ကိုယ်စားပြုအမတ်ဖြစ်ပြီး စီးပွား​ရေးပညာရှင် ဖြစ်ပါတယ် ။ ဓါတ်ပုံ-Khaosod)

သြဂုတ်-၇ ၊၂၀၂၆။People’s Spring

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ရှေ့မှာ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုတွေအတွက် အော်ဟစ်ဆန္ဒပြခဲ့တဲ့ ပြည်သူ့ပါတီ (PP)ရဲ့ အမတ် အနူဆွမ် သွမ်ချိုင်က မင်းအောင်လှိုင်ဆီလိပ်မူတဲ့ပေးစာကိုထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းကိုရောက်ရှိနေတဲ့မင်းအောင်လှိုင်ကို ဩဂုတ် ၇ ရက်နေ့တုန်းက ထိုင်းအထက်လွှတ်တော် ဥက္ကဋ္ဌ မွန်ကို ဆူရဆတ်ချာနဲ့ အတူတွဲပြီးဓာတ်ပုံရိုက်နေချိန်မှာအနူဆွမ်ကငြိမ်းချမ်း​ရေးအတွက် ၊လူသားချင်းစာနာမှုအတွက် လို့​အော်ဟစ်ဆန္ဒပြခဲ့တာကြောင့် သူ့ကို ရဲတွေက ခေါ်ထုတ်သွားခဲ့ရပါတယ်။

ဆန္ဒထုတ်​ဖော်ခဲ့တဲ့ အနုဆွမ်ဟာအသက် ၆၀ အရွယ်ရှိပြီဖြစ်ပြီး ပြည်သူ့ပါတီကဖြစ်ကာဘန်ကောက်မြို့ မဲဆန္ဒနယ်ကို ကိုယ်စားပြုအမတ်ဖြစ်ပါတယ်။ချူလာ​လောင်ကွန်း တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘွဲ့ရရှိခဲ့ပြီး၊ အမေရိကန်နိုင်ငံ Fordham တက္ကသိုလ် မှ International Economics, Finance and Development ဘာသာရပ်နဲ့ ​​ဒေါက်တာဘွဲ့ရထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းကုန်သည်ကြီးများအသင်းတက္ကသိုလ်၏ စီးပွားရေးပညာဌာနမှာ ဌာနမှူးတာဝန်ယူခဲ့ဖူးပြီး စီးပွား​ရေးပညာရှင်ဖြစ်ပါတယ်။လွှတ်တော်အတွင်းမှာ အစိုးရရဲ့ စီးပွားရေးမူဝါဒ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ဒီမိုကရေစီရေးဆိုင်ရာ ကိစ္စတွေကို တက်တက်ကြွကြွ ဆွေးနွေးတင်ပြလေ့ရှိပါတယ်။

ဒါအပြင် Thai PBS သတင်းဌာနရဲ့ မူဝါဒဆိုင်ရာဘုတ်အဖွဲ့ဝင်တဦးဖြစ်ပြီး ငွေကြေး၊ စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ အများပြည်သူဆိုင်ရာမူဝါဒတွေကိုသုံးသပ်ဝေဖန်သူအဖြစ် ထိုင်းမီဒီယာတွေမှာ လူသိများပါတယ်။

သူ့ရဲ့ပေးစာဟာ ပြည်သူ့ပါတီနဲ့ ထိုင်းပြည်သူတွေရွေးကောက်တင်မြှောက်ထားတဲ့ပြည်သူ့ကိုယ်စားလှယ်တဦးအနေနဲ့ မင်းအောင်လှိုင်ဆီ ပေးအပ်တာ ဖြစ်တယ်လို့ အနူဆွမ်က ဆိုပါတယ်။

စာထဲမှာအဓိကကဏ္ဍနှစ်ခုအဖြစ် ‘ပင်လုံစာချုပ်ကိုအခြေခံတဲ့ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးစနစ်မျိုးထူထောင်ဖို့အဆိုပြုချက်’ နဲ့ ‘ထိုင်း-မြန်မာ နယ်စပ် အရေးကိစ္စတွေကြောင့် ထိုင်းနိုင်ငံနဲ့ထိုင်းပြည်သူတွေအပေါ် သက်ရောက်မှုများ’ ဆိုတာတွေ ပါဝင်ခဲ့ပါတယ်။

ပေးစာထဲမှာတော့ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တုန်းကမြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်တွေ သဘောတူ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါ ကတိကဝတ်တွေကို လေးစားလိုက်နာပြီး ပြည်ထောင်စု မြန်မာနိုင်ငံ တည်ဆောက်ရေး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှု လုပ်ငန်းစဉ်တွေ စတင်နိုင်ရေး တောင်းဆိုထားပါတယ်။

၂၁ ရာစုပင်လုံလို့ခေါ်ဆိုခဲ့တဲ့ ​ဒေါ်​အောင်ဆန်းစုကြည် ဦး​ဆောင်တဲ့ငြိမ်းချမ်းရေး ဆွေးနွေးမှုများကိုသူ့အနေနဲ့ အထူးကြိုဆိုထောက်ခံကြောင်း၊ အဲဒီ ဆွေးနွေးမှုတွေဟာ နှစ် ၇၀ ကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်စေပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် လမ်းကြောင်း ဖန်တီးပေးခဲ့ကြောင်း၊ ဒါပေမဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မင်းအောင်လှိုင်က အာဏာသိမ်းခဲ့ပြီး ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို ဖျက်သိမ်းပစ်ခဲ့ကြောင်း၊ အကျိုးဆက် အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုလုံး အပြီးတိုင် ရပ်တန့်သွားပြီးအရင်ထက်တောင်ပိုဆိုးရွား ပြင်းထန်တဲ့ ပြည်တွင်းစစ်ထဲကို မြန်မာနိုင်ငံက ကျရောက်သွားခဲ့ကြောင်း အနူဆွမ်ရဲ့ စာထဲမှာ ပါရှိခဲ့ပါတယ်။

ဒါ့အပြင် ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေနဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေ အတွက်လည်း မင်းအောင်လှိုင် ဦးဆောင်ပြီး ဖြေရှင်းဖို့၊ အဲဒီအတွက် တိကျတဲ့ အချိန်ကာလ သတ်မှတ်ချက်မျိုး ရှိစေဖို့လည်း သူက တောင်းဆိုထားပါတယ်။ PPက အဓိက မီးမောင်းထိုးပြထားတဲ့ နယ်စပ်ဖြတ်ကျော် ပြဿနာတွေကတော့ မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်မှုတွေ၊ အွန်လိုင်း ငွေကြေးလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေ၊ နယ်စပ်နားမှာ ဖြစ်ပွားတဲ့ စစ်ရေး ပဋိပက္ခတွေ၊ မြန်မာဖက်က အကြောင်းတရားတွေကြောင့် ထိုင်းပိုင်နက်ထဲမှာ ရေထုနဲ့ လေထု ညစ်ညမ်း အဆိပ်သင့်မှုတွေ ဖြစ်ပါတယ်။

စာရဲ့ အဆုံးသတ်မှာတော့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က မြန်မာ့အရေး ကူညီဖြေရှင်းပေးဖို့ ညှိနှိုင်း လက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လေးစားလိုက်နာပြီး ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ပြန်လည်ထူထောင်ဖို့၊ မြန်မာနဲ့ ထိုင်းပြည်သူတွေရဲ့အကျိုးအတွက်ဆောင်ရွက်ပေးဖို့ မင်းအောင်လှိုင်ကို တိုက်တွန်းထားခဲ့ပါတယ်။

အနုဆွမ်ဟာ သြဂုတ် ၆ ရက်က ပြည်သူ့ပါတီက မင်း​အောင်လှိုင်ခရီးစဥ်​ကြောင့် ထိုင်းနိုင်ငံပုံရိပ်ထိခိုက်နိုင်​ကြောင်း​ဝေဖန်ပြီး ထိုင်းအစိုးရလုပ်သင့်တာ​တွေကို ပြည်သူ့ပါတီကထုတ်ပြန်တာမှာ အဓိကဖတ်ကြားခဲ့သူလည်းဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းတက္ကသိုလ် ၃ ခုရဲ့ကျောင်းသား သမဂ္ဂတွေ နဲ့ ကျောင်းသား အဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်ချက်တစ်စောင်နဲ့ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် ဘန်​ကောက်​ရောက်​နေစဥ်မှာ ဘန်​ကောက်ကစာသင်​ကျောင်းပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင် အလည်အပတ် ခရီးစဉ်အတွက် ဖိတ်ကြားခဲ့လို့ အပြင်းအထန် ဝေဖန်ခံနေရမှုတွေကို ထိုင်းအစိုးရကကာကွယ် ပြောကြားခဲ့ပါတယ်။