Connect with us

Hi, what are you looking for?

အတွေးအမြင်

ဝဇီရာ (သို့မဟုတ်) မသာကို မိတ်ကပ်လူးပေးခြင်း

ဝမ်းသာစရာ သတင်းကောင်းပါ။ မြန်မာနိုင်ငံမှာ အနည်းဆုံးတော့ အရာအားလုံး မပြိုလဲသေးပါဘူး။ တည်ငြိမ်ခိုင်မြဲတာ တစ်ခုတော့ရှိနေပါပြီ။

– ဖိုးရွှေလိပ် (ရှမ်းကန်) ရေးသားသည်။

ဝမ်းသာစရာ သတင်းကောင်းပါ။ မြန်မာနိုင်ငံမှာ အနည်းဆုံးတော့ အရာအားလုံး မပြိုလဲသေးပါဘူး။ တည်ငြိမ်ခိုင်မြဲတာ တစ်ခုတော့ရှိနေပါပြီ။

စီးပွားရေး၊ လုံခြုံရေးနဲ့ နိုင်ငံရေးတွေ မဟုတ်ပါဘူး။ အဲဒီလို အရေးမပါတာတွေက စောင့်လို့ရပါတယ်။ အရေးပေါ် ပြီးစီးအောင် အမြန်ဖန်တီးလိုက်တာက လက်ရှိ မြန်မာနိုင်ငံရဲ့ အရေးတကြီး လိုအပ်နေတဲ့ ဝဇီရာ ရုပ်ရှင်ရုံရဲ့ ထိုင်ခုံတွေပါပဲ။ အခုဆိုရင် ပြည်သူတွေက အသက်လုပြီး ထွက်ပြေးနေရပေမယ့်၊ ထိုင်ခုံတွေကတော့ ဘယ်မှမပြေးဘဲ အနာဂတ်ကို ကော်ဇော်နီခင်းပြီး ကြိုဆိုဘို့ ဝဇီရာရုံကနေ ထိုင်စောင့်နေကြပါပြီ။

တမျိုးတော့ မထင်ကြပါနဲ့။ ထိုင်ခုံဆိုတာ အင်မတန် အရေးကြီးပါတယ်။ မယုံရင် နေပြည်တော်မှာ ထိုင်ခုံတွေအများကြီးကို သူတယောက်ထဲ မထတမ်း ထိုင်နေတဲ့ မြန်မာ့သမိုင်းရဲ့ အကျည်းတန်ဆုံး ဇာတ်ခုံပေါ်ကဗီလိန်မင်းသားကြီးအောင်ဇမ္ဗူဂွတို ကို မေးကြည့်ပါ။ ထိုင်ခုံရဲ့ အရေးပါပုံကိုတော့ သေချာရှင်းပြပေးနိုင်ပါလိမ့်မယ်။

Public Service Announcement

Public Service Announcement

“Ethnic နဲ့ Ethic ရှင်းပြတုန်းကလိုဘဲ သူသေချာကို ရှင်းပြပါလိမ့်မယ်။”

ဒါဟာ မင်းသားကြီး အောင်ဇမ္ဗူဂွတို နဲ့ ခေတ်သစ် မြန်မာနိုင်ငံရဲ့ အံ့ဘွယ်စွမ်းရည်တစ်ခုကို ပြသလိုက်ခြင်းဘဲ ဖြစ်ပါတယ်။

“ပြည်သူတွေမှာ အိမ်မရှိတော့ပေမယ့် အနည်းဆုံးတော့ ရုပ်ရှင်ရုံမှာ ထိုင်ခုံကောင်းကောင်းရှိရမယ်” လို့ ယဉ်ကျေးမှုဆိုင်ရာ တာဝန်ရှိသူတစ်ဦးက အောင်မြင်စွာ ပြောကြားတော့ တနိုင်ငံလုံး သောင်းသာင်းဖြဖြ ဝမ်းသာကြရပါတယ်။

ဒီနေ့ မြန်မာနိုင်ငံမှာစစ်မှုထမ်းအဆွဲမခံရအောင် ဘယ်မှာပုန်းရမလဲ တွေးနေရတဲ့ လူငယ်တွေ၊ ရုပ်ရှင်နဲ့ ဖျော်ဖြေပွဲတွေကို စိတ်ပူစရာမလိုဘဲ ‘နေ့’ ‘ည’ အပူအပင်ကင်းကင်း လာကြည့်ကြဖို့၊ထိုင်းဘက်ကူးဖို့ အိမ်ခြံမြေတွေ ပေါင်ရောင်း၊ ပွဲစားခရှာပြီး နယ်စပ်လမ်းတွေပေါ် အသက်ရှင်ရေး အတွက် လျှောက်နေကြသူတွေ Red Carpet ပေါ် လာလျှောက်ကြဖို့၊လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မိသားစုဝင်တွေ ဆုံးရှုံး၊ အိမ်တွေပြာကျခဲ့ရသူတွေ မင်းသားတွေရဲ့နှစ်ပါးသွားအက၊လူပျက်တွေရဲ့ ပျက်လုံးတွေနဲ့ စိတ်လက်ပေါ့ပါးစွာ ရယ်မောပျော်ရွှင်ကြဖို့… ဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့် Red Carpet Theater အဖြစ် ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ။

ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှာ လူဦးရေ သန်း၂၀ ကျော်ဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေချိန်၊ စစ်မှုထမ်းဥပဒေကြောင့် လူငယ်ထောင်ပေါင်းများစွာဟာ နိုင်ငံကနေ ထွက်ခွာဖို့ ကြိုးစားနေကြချိန်၊ ပြည်တွင်းစစ်ကြောင့် လူသန်းပေါင်းများစွာဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရချိန်မှာ သူတို့ဟာ ရုပ်ရှင်ကြည့်ဖို့ ထွက်လာကြတာ မဟုတ်သလို၊ ဘယ်ဇာတ်မင်းသားကို ကြည့်ဖို့မှ ထွက်လာကြတာလည်း မဟုတ်ပါဘူး။ သူတို့ဟာ အသက်ရှင်ဖို့၊ ဘဝကို ကယ်တင်ဖို့ ထွက်လာကြတာပါ။

အဲဒီအထဲမှာ ကျောင်းမတက်နိုင်တော့တဲ့ ကလေးတွေ၊ ဆေးကုသခွင့်မရတဲ့ လူနာတွေနဲ့ နေ့စဉ်စားဝတ်နေရေးတောင် အခက်အခဲဖြစ်နေတဲ့ မိသားစုတွေ အများကြီးပါပါတယ်။

ဒီလိုအချိန်မှာ ရုပ်ရှင်ရုံတစ်ရုံကို နိုင်ငံတကာအဆင့်Red Carpet Theater အဖြစ် အောင်မြင်မှုတစ်ရပ်လိုဖေါ်ထုတ်ပြပြီးဖွင့်ပွဲကြီကျင်းပ၊ LED မျက်နှာပြင်တွေ ထွန်းညှိ၊ အဆင့်မြင့် အသံစနစ်တွေတပ်ဆင်၊အနုပညာရှင်တွေ ဖိတ်ခေါ်ပြီး ကင်မရာတွေရှေ့မှာ ပြုံးပြနေတာကို မြင်ရတော့သေဆုံးသွားတဲ့ အလောင်းကို မိတ်ကပ်လူး နှုတ်ခမ်းနီဆိုးပေးပြီး ပြုံးခိုင်းနေသလိုပါပဲ။

တနိုင်ငံလုံးစီးပွားရေးကျဆင်းနေတယ်။ ငွေကြေးဖောင်းပွမှုကြောင့်ရှာတဲ့ငွေက မာရသွန်ပြေးနေတဲ့ ကုန်ဈေးနောက် မလိုက်နိုင်တော့ဘူး။ လျှပ်စစ်မီးက မမှန်၊ ဆေးရုံတွေက ချိနဲ့၊ လက်နက်ကိုင် ပဋိပက္ခတွေက နေရာအနှံ့မှာ ဖြစ်နေတယ်။ အသက်ရှင်ရေးနဲ့ အနာဂတ်ကိုပြန်ရှာ ဖွေကြဘို့၊ နိုင်ငံကူးလက်မှတ်ရဖို့၊ ဗီဇာရဖို့၊ အလုပ်ရဖို့နဲ့ နိုင်ငံက ထွက်ခွာနိုင်ဖို့ကဘဲ လူငယ်တွေအတွက် ဒီအချိန်မှာ တစ်ခုတည်းသောအိပ်မက်ပါ။

ဒီလိုအချိန်မှာ ပြဇာတ်ရုံအသစ် ဖွင့်လိုက်တာထက် မြန်မာနိုင်ငံတစ်နိုင်ငံလုံးဟာ ပြဇာတ်တစ်ခုကို ကြည့်နေရသလိုပဲ။

တကယ်တော့ဒီဇာတ်ရဲ့အကြီးမားဆုံး ဟာသက ဝဇီရာရုပ်ရှင်ရုံထဲက ရုပ်ရှင်တွေ၊ ဇာတ်ပွဲတွေ မဟုတ်ပါဘူး။

နိုင်ငံတစ်နိုင်ငံလုံးကို “ကျရှုံးနိုင်ငံ” အဖြစ် သက်ဆင်းသွားအောင်တွန်းပို့ပြီးမှ ရုပ်ရှင်ရုံတစ်ရုံ အလှဆင်ပြီး ကမ္ဘာကိုဖုံးကွယ်ဖို့ လုံလောက်မယ်လို့ထင်နေကြတာကသာတကယ့်ဟာသပါ။

ဘာဘဲဖြစ်ဖြစ် ဝဇီရာကတော့ မိတ်ကပ်အပြည့်၊ မီးရောင်စုံ အပြည့်နဲ့ Red Carpet ပေါ်မှာ အဆင်သင့် ရပ်နေပါပြီ။

သမိုင်းကတော့ ဒီမြင်ကွင်းကို အရုပ်ဆိုးပြီး အဓိပ္ပာယ်မဲ့တဲ့ ဟာသကြီးတစ်ခုအဖြစ်သာ မှတ်တမ်းတင် သွားပါလိမ့်မယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။

သတင်း

မြန်မာအာဏာသိမ်းခေါင်းဆောင်တွေအနေနဲ့ အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်နိုင်ဖို့ အလှမ်းဝေးနေဆဲလို့ အာဆီယံအထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက ကာကွယ်ပြောကြားခဲ့ပါတယ်။

သရော်စာ

ကလေးအစ၊ ခွေးအဆုံးကို အံ့ဩမင်သက်စေပြီး သာမာန်လူတွေပင် လက်မခံနိုင်သော တရားလွန်လုပ်ရပ်များကို လူတစ်ယောက်က နိုင်ငံအနှံ့လိုက်လုပ်နေသည်။လူတွေကို နေ့စဉ် သတ်ဖြတ်နေသည်။ အနီရောင်ပန်းပင်တွေကို လိုက်ခုတ်ပြီး ရုပ်တုတွေကို လိုက်ဖြိုနေသည်။ ထိုသူကို အချိန်မီဆေးတိုက်ရန်လိုအပ်နေပြီ။