Connect with us

Hi, what are you looking for?

ဆောင်းပါး

တရုတ်၏ သမိုင်းစစ်ပွဲများ

ချင်မင်းဆက်အပေါ် ဝေဖန်ပြစ်တင်မှုများက ကွန်မြူနစ်ပါတီကို အဘယ်ကြောင့် ထိတ်လန့်စေသနည်း

ခါကာဘို ရေးသားသည်။

“သင်သည် လူအားလုံးကို အချိန်တစ်ခုအထိ လှည့်ဖြားနိုင်ကောင်း လှည့်ဖြားနိုင်လိမ့်မည်။ သို့မဟုတ် လူအချို့ကို အမြဲတမ်း လှည့်ဖြားနိုင်ကောင်း လှည့်ဖြားနိုင်လိမ့်မည်။ သို့သော် လူအားလုံးကို အမြဲတမ်း လှည့်ဖြားထားရန်မူ မဖြစ်နိုင်ပေ။”

အာဏာပိုင်များအနေဖြင့် သမိုင်းဖြစ်ရပ်များကို မိမိတို့ အလိုကျ မည်သို့ပင် ပြင်ဆင်ဖုံးကွယ် ထားစေကာမူ အမှန်တရားသည် အချိန်တန်လျှင် လူထု၏ အသိစိတ်အတွင်းသို့ နည်းလမ်းတစ်ခုခုဖြင့် ပြန်လည်စိမ့်ဝင်လာစမြဲ ဖြစ်သည် ဆိုသောသဘောတရားကို အမေရိကန်နိုင်ငံ၏ ၁၆ ယောက်မြောက် သမ္မတ အေဘရာဟမ် လင်ကွန်း (Abraham Lincoln) မိန့်ဆိုထားခြင်းဖြစ်ပါတယ်။

ထို့အတူပင် ယနေ့ တရုတ်နိုင်ငံမှာလည်း ကွန်မြူနစ်ပါတီက ချင်မင်းဆက် (Qing Dynasty) ရဲ့ သမိုင်းကြောင်းကို လွတ်လွတ်လပ်လပ် ဆွေးနွေးဝေဖန်ခွင့် မပေးဘဲ ဆင်ဆာဖြတ်တောက်နေပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေ ရေးဆွဲထားတဲ့ သမိုင်းဇာတ်ကြောင်းကို လက်မခံဘဲ သမိုင်းအမှန်တရားနဲ့ မိမိတို့ရဲ့ သမိုင်းအထောက်အထားတွေကို တိတ်တဆိတ် ပြန်လည်ရှာဖွေပြီး စိန်ခေါ်နေကြတဲ့ တရုတ်ပြည်သူတွေအကြောင်းကို The Economist မဂ္ဂဇင်းရဲ့ Chaguan ကဏ္ဍပါ “China’s History Wars” ဆောင်းပါးက ဖေါ်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ယနေ့တရုတ်နိုင်ငံအနှံ့ သမိုင်းဝင်နေရာတွေကို သွားရောက်လည်ပတ်သူတွေဟာ နန်းတော်တွေ၊ စေတီပုထိုးတွေကိုသာ ကြည့်ရှုကြတာ မဟုတ်ပါဘူး။ ရှေးဟောင်းဝတ်စုံတွေ ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်နေတဲ့ လူငယ်အများအပြားကိုလည်း နေရာတိုင်းလိုလိုမှာ မြင်တွေ့နိုင်ပါတယ်။

သာမန်လူတစ်ယောက်ရဲ့ အမြင်နဲ့ဆိုရင်တော့ ဒီဝတ်စုံတွေဟာ လှပတဲ့ ရိုးရာအဝတ်အစားတွေပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တချို့လူတွေအတွက်တော့ ဒီဝတ်စုံရွေးချယ်မှုဟာ နိုင်ငံရေးအဓိပ္ပာယ် ဆောင်တဲ့ သင်္ကေတတစ်ခု ဖြစ်နေပါတယ်။ အဲဒါက ဟန် (Han) လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို ဂုဏ်ပြုတာဖြစ်သလို၊ ၁၉၁၂ ခုနှစ်မှာ နန်းစွန့်ခဲ့ရတဲ့ တရုတ်ရဲ့ နောက်ဆုံးဧကရာဇ်မင်းဆက်ဖြစ်တဲ့ ချင်မင်းဆက်ကို အမွေအနှစ်အဖြစ် မခံယူလိုတာလည်း ဖြစ်ပါတယ်။ အခုလို အယူအဆမျိုးက တရုတ်ကွန်မြူနစ်ပါတီကို အတော်လေး စိုးရိမ်ထိတ်လန့်စေပြီး လူငယ်တွေကြားမှာလည်း တဖြည်းဖြည်း ပိုပြီး ရေပန်းစားလာနေပါတယ်။

ပေကျင်းမြို့လယ်က တရုတ်ဧကရာဇ်တွေရဲ့ နန်းတော်ဟောင်းဖြစ်တဲ့ တားမြစ်မြို့တော် (Forbidden City) ကို သွားရောက်လည်ပတ်ခဲ့တဲ့ The Economist ရဲ့ Chaguan ကော်လံရေးသားသူဟာ အဲဒီလို သဘောထားရှိတဲ့ လူငယ်တွေကို လွယ်လွယ်ကူကူပဲ တွေ့ခဲ့ရပါတယ်။

အစိမ်းနုရောင် ရှေးဟောင်းဝတ်စုံရှည် ဝတ်ထားတဲ့ ကျောင်းသူတစ်ဦးက သူမရဲ့ ပညာရှိပုံစံ ဝတ်စုံဝတ်ထားတဲ့ ချစ်သူနဲ့အတူ “အစပိုင်းမှာတော့ ကျွန်မတို့ ရှင်မင်းဆက်ဝတ်စုံတွေ ဝတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သမိုင်းကို ပိုလေ့လာလာတော့ ချင်မင်းဆက်က အရိုင်းအစိုင်းတွေလို့ သိလာတယ်”လို့ ပြောပါတယ်။ သူတို့ဟာနိုင်ငံရေးကိုတော့အထူးစိတ်မဝင်စားကြပါဘူး။ ဖူကျန့် (Fujian) ပြည်နယ်က လာရောက်လည်ပတ်သူ မစ္စရွှီ (Ms Xu) ကတော့”အခုဝတ်ထားတဲ့အော့ဖ်ဝှိုက်(Off-white) ရောင် ရှေးဟောင်းမင်းစိုးရာဇာအမျိုးသမီး ဝတ်စုံက ပိုပြီး သန့်ပြန့်တယ်၊ ယဉ်ကျေးတယ်၊ လှပတယ်လို့ ထင်လို့ ရွေးဝတ်တာပါ။ချင်မင်းဆက်ရဲ့အရောင်တောက်တောက် ဝတ်စုံတွေထက် ဒီလိုပုံစံကို ပိုကြိုက်တယ်” လို့ ရှင်းပြပါတယ်။

ဒါပေမယ့် ဝတ်စုံဆိုတာ အပေါ်ယံလက္ခဏာတစ်ခုသာ ဖြစ်ပါတယ်။ တကယ်တမ်းမှာတော့ ချင်မင်းဆက်ဆန့်ကျင်ရေး အယူအဆဟာ အွန်လိုင်းလောကမှာ နှစ်ပေါင်းများစွာ ဆွေးနွေးငြင်းခုံ နေကြတဲ့ အကြောင်းအရာဖြစ်ပြီး “၁၆၄၄ အယူအဆ”(1644 Narrative)လို့တောင် ခေါ်ဆိုလာ ကြပါတယ်။ ၁၆၄၄ ခုနှစ်ဟာ မြောက်ပိုင်းက မန်ချူး (Manchu) လူမျိုးတွေ ထူထောင်ခဲ့တဲ့ ချင်မင်းဆက်က ဟန်လူမျိုးတွေ အုပ်ချုပ်ခဲ့တဲ့ မင် (Ming) မင်းဆက်ကို အနိုင်ယူခဲ့တဲ့ နှစ်ဖြစ်ပါတယ်။ လူမှုကွန်ရက်တွေ ပိုမိုဖွံ့ဖြိုးလာတာနဲ့အမျှ ဒီအယူအဆကလည်းလူသိများလာခဲ့ပါတယ်။

တရုတ်အစိုးရရဲ့ တရားဝင်သမိုင်းဖော်ပြချက်အရ တရုတ်နိုင်ငံဟာ ၁၈၄၀ ပြည့်နှစ် ပထမဘိန်းစစ်ပွဲကနေ၁၉၄၉ ခုနှစ်မော်စီတုန်း အာဏာရလာတဲ့အချိန်အထိ “အရှက်ရစရာ ရာစုနှစ်” (Century of Humiliation) ကို ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ၁၆၄၄ အယူအဆကို ထောက်ခံသူတွေကတော့ ဒီဒုက္ခတွေဟာ အဲဒီအချိန်ကမှ မဟုတ်ဘဲ ချင်မင်းဆက် စတင်အုပ်ချုပ်တဲ့ ၁၆၄၄ ခုနှစ်ကတည်းက စတင်ခဲ့တာလို့ ငြင်းခုံကြပါတယ်။အွန်လိုင်းမှာတော့”အရှက်ရစရာ ရာစုနှစ်သုံးခု” (Three Centuries of Humiliation)လို့တောင်ခေါ်ဆိုနေကြပါတယ်။

သူတို့ရဲ့အမြင်အရ ချင်မင်းဆက်ဟာ တရုတ်မဟုတ်တဲ့ ကျူးကျော်အုပ်ချုပ်သူတွေဖြစ်ပြီး တရုတ်နိုင်ငံကို အားနည်းစေခဲ့သလို နောက်ပိုင်း ပြည်ပအင်အားကြီးနိုင်ငံများ၏ ကျူးကျော်မှုကိုလည်း မတားဆီးနိုင်ခဲ့ဘူးလို့ ယူဆကြပါတယ်။

ဒီအယူအဆဟာ တရုတ်ကွန်မြူနစ်ပါတီအတွက် အတော်လေး အခက်တွေ့စေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ယနေ့ တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုနေတဲ့ တိဘက် (Tibet)၊ ဆင်ကျန်း (Xinjiang)၊ အတွင်းမွန်ဂိုလီးယား (Inner Mongolia) နဲ့ ထိုင်ဝမ် (Taiwan) အပါအဝင် နယ်မြေအများစုဟာ မင်မင်းဆက်လက်ထက်မှာ မဟုတ်ဘဲ ချင်မင်းဆက်လက်ထက်မှာ တရုတ်အင်ပါယာထဲ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မန်ချူးလူမျိုးတွေကို မုန်းတီးတဲ့ သဘောထားဟာ ကွန်မြူနစ်ပါတီက အမြဲတမ်း ပြောဆိုနေတဲ့ “တိုင်းရင်းသား စည်းလုံးညီညွတ်ရေး” မူဝါဒနဲ့လည်း တိုက်ရိုက်ဆန့်ကျင်နေပါတယ်။ ယနေ့ တရုတ်လူမျိုးဆိုတဲ့ အထောက်အထားအများစုဟာ ဟန်လူမျိုးယဉ်ကျေးမှုအပေါ် အခြေခံထားပေမယ့် လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ရှိတဲ့ ဟန်လူမျိုးတွေကို အထူးအရေးပေးလွန်းတာမျိုးကို ပါတီက မနှစ်သက်ပါဘူး။ “ဟန်လူမျိုးကြီးဝါဒ” (Han Chauvinism) ဟာ ဟန်မဟုတ်တဲ့ လူမျိုးစုတွေရဲ့ မကျေနပ်မှုကို ပိုမိုဖြစ်စေနိုင်တယ်လို့ ပါတီက ယုံကြည်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် အကုန်ပိုင်းမှာတော့ သဘောထားတင်းမာမှုကြောင့် နာမည်ကြီးတဲ့ ကျဲ့ကျန်း (Zhejiang) ပြည်နယ်အစိုးရရဲ့ ပြန်ကြားရေးဌာနဟာ ဒီဆွေးနွေးမှုထဲကို ပထမဆုံး တရားဝင် ဝင်ရောက်စွက်ဖက် လာပါတယ်။ သူတို့က ၁၆၄၄ အယူအဆကို အန္တရာယ်ရှိတဲ့ လုပ်ကြံဖန်တီးမှုလို့ သတ်မှတ်ပြီး တရားဝင် ရှုတ်ချခဲ့ပါတယ်။ တရုတ်နိုင်ငံ ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေအားလုံးကို ချင်မင်းဆက်အပေါ် ပုံချနေတာဟာ မမှန်ကန်ဘူးလို့ ဆိုပြီး မင်မင်းဆက်ကိုယ်တိုင်လည်း စီးပွားရေး၊ လူမှုရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီးသားဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ကျဲ့ကျန်းအာဏာပိုင်တွေက အနောက်တိုင်းသမိုင်းပညာရှင်တချို့က ချင်မင်းဆက်အုပ်ချုပ်သူတွေရဲ့ မန်ချူးအထောက်အထားကို အလွန်အကျွံအရေးပေးတဲ့ “ချင်မင်းဆက် သမိုင်းသစ်” (New Qing History) ကို ဖြန့်ဝေနေကြပြီး ဒီအယူအဆက အဲဒီအမြင်တွေကို အားပေးနေတယ်လို့လည်း သတိပေးခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ အာဏာပိုင်တွေရဲ့ ထိန်းချုပ်မှု ပိုမိုတင်းကျပ်လာပါတယ်။ ဆင်ဆာအဖွဲ့တွေက ချင်မင်းဆက်ကို ဝေဖန်တဲ့ လူမှုကွန်ရက်အကောင့်တွေကို ပိတ်ပင်ခဲ့သလို၊ ဆက်စပ်တဲ့ ဗီဒီယိုတွေနဲ့ မှတ်ချက်တွေကိုလည်း ဖျက်ပစ်ခဲ့ပါတယ်။ မကြာခင် ရုံတင်တော့မယ့် The Belief ရုပ်ရှင်ဟာ ၁၆၈၃ ခုနှစ်မှာ ချင်မင်းဆက်က ထိုင်ဝမ်ကို သိမ်းပိုက်ခဲ့တဲ့ ရေတပ်စစ်ဆင်ရေးကို မျိုးချစ်စိတ်ဓာတ်နဲ့ ဂုဏ်ပြုဖော်ပြထားပါတယ်။ ဒါပေမယ့် အွန်လိုင်းပေါ်မှာတော့ လူအများက ချင်တပ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ ထိုင်ဝမ်အခြေစိုက် မင်မင်းဆက်သစ္စာခံ ဟန်တပ်ဖွဲ့တွေဘက်ကို ပိုပြီး စာနာနေကြပါတယ်။

တကယ်တော့ ဒီလို ချင်မင်းဆက်ဆန့်ကျင်ရေး အယူအဆဟာ အသစ်အဆန်း မဟုတ်ပါဘူး။ ၂၀ ရာစုအစပိုင်းမှာ တရုတ်သမ္မတနိုင်ငံ တည်ထောင်သူ ဆန်းယက်ဆင် (Sun Yat-sen) ကိုယ်တိုင်ကလည်း ချင်မင်းဆက်ကို ဖြုတ်ချဖို့ တောင်းဆိုခဲ့ပြီး မန်ချူးတွေဟာ ပြင်ပကျူးကျော်သူတွေဖြစ်တယ်လို့ စွပ်စွဲပြောဆိုခဲ့ဖူးပါတယ်။

ဒီအငြင်းပွားမှုတွေက ကွန်မြူနစ်ပါတီအတွက် ကိုယ့်သမိုင်းကို ကိုယ်ပြန်လည်သုံးသပ်ဖို့ ဘယ်လောက် ခက်ခဲနေတယ်ဆိုတာကို ဖော်ပြနေပါတယ်။ မော်စီတုန်းခေတ်အပေါ် သုံးသပ်ချက်တွေကို ဘေးဖယ်ထားလိုက်ဦး၊ ရာစုနှစ်များစွာက မင်းဆက်သမိုင်းတွေကိုတောင် လွတ်လပ်စွာ မဆွေးနွေးနိုင်သေးပါဘူး။

တရုတ်ကွန်မြူနစ်ပါတီဟာ ချင်မင်းဆက်ရဲ့ တရားဝင်သမိုင်းကို ပြုစုဖို့ ၁၀၆ တွဲအထိ ပါဝင်တဲ့ ဧရာမစီမံကိန်းတစ်ခုကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီး ပြီးစီးခါနီးအထိ ရောက်ခဲ့ပြီးမှ “ချင်မင်းဆက် သမိုင်းသစ်” အပေါ် သဘောထားကွဲလွဲမှုတွေကြောင့် အဲဒီစီမံကိန်းဟာ ရပ်တန့်သွားခဲ့ပုံရပါတယ်။

မွန်ထရီယယ်မြို့က မက်ဂေးလ် (McGill) တက္ကသိုလ်မှ တရုတ်အင်ပါယာသမိုင်းပညာရှင် ဒေးဗစ် ပေါ်တာ (David Porter) က “ဒီပါတီဟာ တရုတ်နိုင်ငံမှ လူဦးရေအများစုနဲ့ မတူတဲ့ မန်ချူးလူမျိုးတွေ တည်ဆောက်ခဲ့တဲ့ နိုင်ငံကို အုပ်ချုပ်နေရတာဖြစ်တဲ့အတွက် မန်ချူးတို့ရဲ့ ချင်မင်းဆက်သမိုင်းကို ဘယ်လို ရိုးရိုးရှင်းရှင်း တရုတ်အမျိုးသားရေးဝါဒထဲ ထည့်သွင်းဖော်ပြမလဲဆိုတာ ခက်ခဲနေပါတယ်။ ဒါကြောင့် အနောက်တိုင်း သမိုင်းပညာရှင်တွေအပေါ် အပြစ်တင်လိုက်တာက ပိုလွယ်ပါတယ်” လို့ သုံးသပ်ပါတယ်။

လက်ရှိအချိန်မှာတော့ ချင်မင်းဆက်ဆန့်ကျင်ရေး အယူအဆတွေဟာ ကွန်မြူနစ်ပါတီကို ဖြုတ်ချနိုင်မယ့် နိုင်ငံရေးလှုပ်ရှားမှုကြီးတစ်ခု ဖြစ်လာနိုင်ဖို့ မရှိသေးပါဘူး။ ဒါပေမယ့် ပါတီအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရာတော့ ဖြစ်နေဆဲပါ။ ဒီအဖြစ်အပျက်က တရုတ်နိုင်ငံမှာ အများပြည်သူအကြား သမိုင်းနဲ့ပတ်သက်ပြီး လွတ်လပ်စွာ ဆွေးနွေးငြင်းခုံနိုင်တဲ့ နေရာ ဘယ်လောက်တောင် ကျဉ်းမြောင်းသွားပြီဆိုတာကိုလည်း ထင်ဟပ်စေပါတယ်။

သမိုင်းအငြင်းပွားမှုဆိုတာ နိုင်ငံတိုင်းမှာ ရှိပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံမှာတော့ ဒီလို အကြောင်းအရာတွေကို ပွင့်ပွင့်လင်းလင်း ငြင်းခုံဆွေးနွေးနိုင်စွမ်း မရှိကြောင်း ထင်ရှားနေပါတယ်။ ပါတီကလည်း ဒီလို သမိုင်းဆိုင်ရာ ဆွေးနွေးမှုများအတွက် စိတ်ရှည်သည်းခံနိုင်စွမ်း အလွန်နည်းပါးလွန်းပါတယ်။

ဒါပေမဲ့ ဒီအမြင်ကို သူတို့ဘက်က ကြည့်မယ်ဆိုရင် မျိုးချစ်ဝါဒီတွေဟာလည်း တရုတ်သမိုင်းကို အလွန်ရိုးရှင်းလွန်းတဲ့ ပုံစံနဲ့ ဖော်ပြခဲ့ခြင်းအပြစ် ရှိတယ်လို့ ဆိုကြပါတယ်။ ချင်မင်းဆက်မတိုင်မီ ခေတ်တွေကို ဟန်လူမျိုးတွေရဲ့ အင်အားနဲ့ ဂုဏ်သိက္ခာကိုသာ ဖော်ပြခဲ့ခြင်းဟာ သမိုင်းအမှန်တရားရဲ့ အစိတ်အပိုင်းတချို့ဖြစ်တဲ့ တန်းမင်းဆက်ခေတ်လို တရုတ်သမိုင်းရဲ့ အထွန်းကားဆုံးကာလတွေ ထဲမှာတောင် တရုတ်နိုင်ငံဟာ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုမျိုးစုံ ပေါင်းစည်းနေတဲ့ ပွင့်လင်းပြီး မြို့ပြဆန်တဲ့ လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့တယ်ဆိုတာကို လျစ်လျူရှုရာ ရောက်တယ်လို့ ထောက်ပြထားပါတယ်။

ဒီလို ရှုပ်ထွေးတဲ့ သမိုင်းကို အမှန်အတိုင်း လက်ခံဖော်ပြနိုင်မယ်ဆိုရင် ယနေ့ တရုတ်ခေါင်းဆောင် တွေကို ပိုမိုသည်းခံမှုရှိဖို့၊ ပိုမိုပွင့်လင်းလာဖို့နဲ့ အဲဒီလို ပွင့်လင်းမှုကနေ ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို ယုံကြည်ဖို့ အားပေးနိုင်မှာပါလို့ ဆိုပါတယ်။ သို့သော် လက်ရှိအခြေအနေ အရတော့ ဒီလိုပြောင်းလဲလာမယ်လို့ မျှော်လင့်ချက် မထားဘို့ ဆောင်းပါးရှင်က သတိပေးထားပါတယ်။

ကိုးကား – The Economist

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။