ထွန်းညိုဦး/People’s Spring
အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့မှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေကို ငါးနှစ်ကျော်ကြာကြုံတွေ့ရင်ဆိုင်ခဲ့ရ၊ ရင်ဆိုင်နေရတဲ့ အညာဟာ အခုတခါမှာတော့ ရေဘေးကပါထပ်ဆင့်ရောက်ရှိလာခဲ့ပါတယ်။
သြဂုတ်လဆန်းမှာ ကန့်ဘလူအထက်ပိုင်း မိုးတောက်လျှောက်ကောင်းနေခဲ့တယ်။ အင်းတော်မြို့နယ်မှာဆိုရင် မိုးများလို့ ရေကြီးရေလျှံမှုတွေကြောင့် လမ်းတံတားတွေပျက်ဆီးနေတယ်။အဆိုပါ လမ်းတံတားတွေပျက်ဆီးနေမှုကြောင့် မန္တလေး-မြစ်ကြီးနား ခရီးသွားကားတွေ အင်းတော်မြို့နယ် လမ်းပိုင်းနဲ့ ကွင်းလမ်းတွေ အားလုံးကို ရက်အကန့်သတ်မရှိ ပိတ်ထားတယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေထုတ်ပြန်ခဲ့တယ်။
အဆိုပါ မိုးရေတွေဟာ အောက်ဘက်စီးဆင်းလာပြီးကန့်ဘလူနယ်ထဲကဆည်တွေ၊မြောင်းတွေ ပြည့်လျှံခဲ့ပါတယ်။ အဲဒီနောက် ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ထဲလည်း ရေပြည့်ရေလျှံလာပြီး ရေလွှတ်လိုက်တာကြောင့် အဲဒီရေတွေနဲ့ မူးမြစ်ကရေတွေဟာ ကန့်ဘလူအောက်ပိုင်း တောက်လျှောက် စီးလာခဲ့တယ်။

Public Service Announcement
အဲဒီရေတွေကြောင့် ကောလင်းတနယ်လုံး၊ကန့်ဘလူနဲ့ ရွှေဘိုခရိုင်အတွင်းမှာရှိတဲ့ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်းနဲ့ ရေဦးမြို့နယ်တွေမှာ ရေကြီးရေလျှံနေပြီဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာတော့ သြဂုတ် ၇ ရက် မနက် ၁ နာရီခန့်ကစပြီးမူးမြစ်ရေကြီးလို့ မူးမြစ်(နတ်မူး)အရှေ့ဘက်နဲ့ DY-1 တူးမြောင်းအတွင်းရှိ ဥယျာဥ်၊ကျွန်းတောကြီး၊ယာတော်၊မကျီးအုပ်၊သရက်ပင်စု၊ကားဆိပ်၊မြင်းဒေါင်း၊အင်းပတ်၊ရွာသစ်၊မူးသာ၊သက်ပေး၊ဇီးတော၊လက်ပံကွက်၊တာတိုင်စတဲ့ ကျေးရွာတွေကို မူးမြစ်ရေတွေ စဝင်ရောက်နေလို့ ပြည်သူထောင်ချီ ဘေးလွတ်ရာသို့ ရေဘေးရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
“တစ်ညလုံး မအိပ်ရသေးဘူး။ မူးဘေးနားကရွာတွေအကုန်ရေနစ်နေပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တန့်ဆည်မြို့နယ်မှာတော့ ဒေါင်ကြီးမူးဘောင်နဲ့ အက်တောမူးဘောင်ကျိုးပျက်သွားလို့ ရေဦးမြို့နယ်၊ ဗိုလ်ရုံမူးဘောင် ဧရိယာအနီးကျေးရွာတွေက ပြည်သူတွေ ရေဘေးအန္တရယ်ရှိလာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားကြဖို့ ရေဦးမြို့နယ် ပကဖက သတိပေးထားပါတယ်။ ဒီမနက် ရေဦးမြို့ပေါ်ရပ်ကွက်တွေအထိ ရေကြီးရေလျှံနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လက်ရှိ ဒီပဲယင်း၊ ရွှေဘို၊ ရေဦး၊ တန့်ဆည် ဒေသအတွင်းရှိ မူးရေ ချောင်းရေ မြင့်တတ်ပြီး ရေနစ်နေတဲ့ ကျေးရွာပေါင်း ၃၀ ခန့်က အိမ်ထောင်စု ခန့်မှန်းခြေ ၁၂၀၀၀ ခန့် ရေဘေးသင့်သွားတယ်လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။
“နေထိုင်စားသောက်ရေး အတွက်ရိက္ခာ၊ အမိုးအကာတွေလုပ်နေပါတယ်”လို့ ကိုစိုးမိုးအောင်က ဆိုပါတယ်။
ရွှေဘိုခရိုင်ဟာ ရေဘေးကြုံဖူးပေမဲ့ အထိအတွေ့နည်းတာကြောင့် မနေ့က ဒီပဲယင်းနယ်မှာ အသက်ပေးလိုက်ရတဲ့ဖြစ်စဥ် တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မနေ့က သြဂုတ်လ၆ရက်နေ့လယ်ပိုင်းက ဒီပဲယင်းမြို့နယ် အင်ဘုတ်ရွာအုပ်စု၊ချောင်းရိုးကျေးရွာ မြောက်ဘက်ချောင်းထဲမှာ ကောက်စိုက်ပြန် ကောက်စိုက်သမ(၁၀)ဦး ၊ချောင်းကိုဖြတ်ကူးနေုတုန်းမှာပဲ ရုတ်တရက်ချောင်းရေတွေ တိုးလာပြီး (၁၀)ဦးလုံး မျောပါသွားခဲ့တယ်။ အဲဒီ (၁၀)ဦးအနက် (၄)ဦးပဲ အသက်ရှင်ပြီး (၆)ဦး သေဆုံးခဲ့တယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
တန့်ဆည်မြို့နယ်မှာဆိုရင် အရှေ့ပိုင်းမှာငတန်း၊ အက်တော၊ သဲကုန်း၊ ညံသာ၊ တုတ္တလုပ်၊ သောင်သုခ၊ ဗျက်ကြီး၊တပ်သစ်နဲ့ တန့်ဆည်မြောက်ပိုင်းမှာတော့ ကမ်းဖြူ၊ ဝက်တိုး၊ သာပေါင်ကြီး စတဲ့ ကျေးရွာပေါင်း ၁၁ ရွာထက်မနည်း ရေဘေးသင့်နေပြီး အရေးပေါ် သောက်သုံးရေ၊ ဆေးဝါးနဲ့ အစားအစာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပေါင်ကဒေါင်တံတား မြောက်ခြမ်းမျောပါသွားပြီး စည်တုံလုံးတံတားဟာလည်း တိုင်တွေ ယိုင်နဲ့နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကန်ဘလူနဲ့ ရွှေဘိုခရိုင်အတွင်းမှာ လည်းအိမ်မွေးကျွဲနွားတွေလည်း မျောပါဆုံးရှုံးတာတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါဒေသတွေဟာ စစ်ဘေးသင့်ဒေသတွေဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူတွေ အများအပြားရှိနေကာ ယခုအခါ စစ်ဘေးရှောင်ဟာ ရေဘေးကိုပါ ထပ်ဆင့်ရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီမနက် ရေထပ်တိုးလာလို့ မန်းတိုင်းဘက်က အညာကို စစ်ရှောင်လာတဲ့ စစ်ရှောင်စခန်း ရေပတ်လည်ဝိုင်းနေလို့ သက်ကြီးရွယ်အိုနဲ့ကလေးတွေကိုစက်လှေနဲ့ သွားထုတ်ခဲ့ရတယ်။ လောလောဆယ်တော့ ရေလွတ်ရာ ဘုန်းကြီးကျောင်းပို့ထားလိုက်တယ်။ ရေအခြေအနေကြည့်ပြီး ဆက်စီစဥ်ရမယ်။”လို့ ဒီပဲယင်းနယ်က တော်လှန်ရေးရဲဘော်တစ်ဦးဖြစ်တဲ့ C.M.O(ဂဏန်း)က လူမှုကွန်ရက်ကနေ အသိပေးထားတယ်။
လက်ရှိ ကျွန်းလှနယ် သဖန်းဆိပ်ဆည်ကနေ ဒီမနက်အထိ ဆက်လက်ရေလွှတ်နေပြီး ယင်းရေတွေဟာ ကာဘိုးဆည်ကနေတဆင့် ရေတံခါးတွေဖွင့်ထားတာကြောင့်မူးမြစ် (နတ်မူးမြစ်)ထဲရောက်ကာအောက်ဘက်သို့ ဆက်လက်ဆင်းလာနေကြောင်း၊ မူးမြစ် (နတ်မူးမြစ်) ရေဟာ ယခုလက်ရှိ ရေပြင်ထက် ပိုပြီး တက်လာနိုင်တာကြောင့် မူးမြစ်ဘေး ကျေးရွာတွေ ရေဘေးအန္တရာယ်ကို သတိပြုကြဖို့နဲ့ ကောက်ပဲသီးနှံတွေကို ရေလွတ်ရာ အချိန်မီ ရွှေ့ပြောင်းကြဖို့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားပါတယ်။
အဆိုပါရေတွေဟာ ဝက်လက်၊ ဘုတလင်၊ အရာတော်နဲ့ စစ်ကိုင်းမြို့နယ်တွေအထိ သက်ရောက်မှာ ဖြစ်ပါတယ်။ ဝက်လက်၊ ဘုတလင်နဲ့ အရာတော်က တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း ရေဘေးနဲ့ပတ်သက်ပြီး သတိပေးကြေညာချက်တွေ ဆက်တိုက်ထုတ်ပြန်နေကြရပြီဖြစ်ပါတယ်။ ။


















































