The Boy Who Harnessed the Wind(2019)
-ဝဇီရာ/People’s Spring
လေပူတွေတိုက်ခက်နေတယ်။ ခြောက်သယောင်းနေတဲ့ လယ်ကွင်းတွေကို ဝီလျံ မသက်မသာကြည့်နေတယ်။ ဝီလျံက အာဖရိကတိုက်က မာလဝီ (Malawi) နိုင်ငံရဲ့ ဝေးလံခေါင်ဖျားတဲ့ “ ဝမ်ဘီ” ဆိုတဲ့ ရွာလေးတစ်ရွာကပါ။ အဲဒီတုန်းက ၂၀၀၁ ခုနှစ်ဆိုတော့ ဝီလျံဟာ ၁၃ နှစ်အရွယ် ကောင်လေးတစ်ယောက်ပဲ ရှိပါသေးတယ်။
ဝီလျံတို့ရဲ့ရွာလေးက ဆင်းရဲလွန်းပါတယ်။ အစိုးရကလည်း သူတို့အာဏာတည်မြဲရေးသာလုပ်နေပြီး ဝီလျံတို့ရဲ့ဆင်းရဲဒုက္ခတွေကို မျက်ကွယ်ပြုထားတယ်။ ကုမ္ပဏီတွေကလည်း ရွာသူရွာသားတွေရဲ့ ကျပ်တည်းမှုကို အခွင့်ကောင်းယူပြီး ရွာက သစ်

Public Service Announcement
ပင်တွေကို အတင်းအဓမ္မ ဝယ်ယူခုတ်လှဲကြပါတယ်။သစ်ပင်တွေမရှိတော့တဲ့အခါ သဘာဝဘေးဒဏ်က ပိုဆိုးလာပြီး ရေတွေကြီးတယ်။ နောက်နှစ်မှာတော့ မြေကြီးတွေပက်ကြားအက်လာပြီး မိုးခေါင်ရေရှားမှု ကြုံရပါတော့တယ်။
ရွာလေးဟာ အငတ်ဘေးရဲ့ အနိဋ္ဌာရုံတွေကို စတင်ရင်ဆိုင်ရပါတော့တယ်။ ပညာကို တောင့်တလွန်းတဲ့ဝီလျံ ကျောင်းလခမပေးနိုင်လို့ ကျောင်းထွက်လိုက်ရတယ်။
ဝီလျံဟာ စာသင်ခန်းအစား သူစိတ်ဝင်စားတဲ့ပညာရပ်တွေအတွက် ကျောင်းစာကြည့်တိုက်က စာအုပ်တွေကို ဖတ်ချင်နေတယ်။ သူက ကျောင်းသားမဟုတ်တော့တာကြောင့် စာကြည့်တိုက်ကတ်မရှိဘူး။ စာကြည့်တိုက်ကိုဝင်ခွင့်ရဖို့ သူ့ရဲ့အပေးအယူကလည်း ပြုံးချင်စရာပါ။
အပြင်မှာသာဆိုရင် ပညာကိုအငမ်းမရသင်ယူချင်တဲ့ဝီလျံကို မိုဘိုင်းဖုန်းတစ်လုံးလောက် လက်ဆောင်ပေးချင်မိတယ်။ ဝီလျံကို AI တွေဘယ်လိုသုံးရတယ်ဆိုတာ ပြောပြချင်တယ်။ ဝီလျံ ဘယ်လောက်များ ဝမ်းသာသွားလိမ့်မလဲ။
ဝီလျံတို့ရွာမှာ အငတ်ဘေး စတင်ဆိုက်ကပ်နေပြီး လူတွေ အစာရေစာ ရှားပါးနေချိန်မှာ သမ္မတက ရောက်လာပါတယ်။ ကူညီဖို့လာတာမဟုတ်ဘဲ လာမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်ဖို့ပါ။
ရွာက သက်ကြီးဝါကြီး ခေါင်းဆောင်တစ်ဦး (ဝီလျံရဲ့ ဦးလေး) က စင်ပေါ်တက်ပြီး သမ္မတကို စကားပြောခွင့်ရတဲ့အခါမှာ ကျေးဇူးတင်စကားတွေ၊ ချီးမွမ်းစကားတွေပဲ ပြောရမယ့်အစား “ ကျွန်တော်တို့ ရွာသားတွေ ငတ်နေကြပါပြီ၊ ကျွန်တော်တို့မှာ စားစရာ မရှိတော့ပါဘူး၊ အကူအညီ လိုအပ်နေပါတယ်” ဆိုပြီး တကယ့်အမှန်တရားကို ရဲရဲဝံ့ဝံ့ ဖွင့်ပြောလိုက်ပါတယ်။
ဝီလျံဦးလေး စင်ပေါ်ကဆွဲအချခံရတယ်။ လှိမ့်နေအောင် ရိုက်နှက်ကန်ကျောက်ကြတယ်။ ပွဲကို သေနတ်ပစ်ဖောက်ပြီးတောင် လူစုခွဲလိုက်ရတယ်။ အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲတွေဖြစ်လာခဲ့တယ်။
ရွာကလေးအတွက် အိပ်မက်တွေရှိနေတဲ့ဝီလျံဟာ သူသိချင်တဲ့ပညာရပ်တစ်ခုအတွက် သိပ္ပံ အတန်းသွားတက်မိတယ်။ အစားဝင်လာတဲ့ဆရာက ကျောင်းလခမသွင်းတဲ့ ဝီလျံကို တွေ့သွားတယ်။ ဝီလျံခေါင်းငုံ့နေခဲ့တယ်။ ဆရာက ဝီလျံကို မတ်တတ်ရပ်ခိုင်းတယ်။ ဝီလျံက ကျောင်းလခကို ကျွန်တော့်အဖေပေးမှာပါလို့ပြောတယ်။ ဆရာက ဝီလျံကို ကျောင်းသားတွေရဲ့အလယ်မှာ “ မင်းက ကျောင်းလခပေးတက်နေတဲ့ ကျောင်းသားမိဘတွေရဲ့ ပိုက်ဆံကိုခိုးနေတာပဲ” တဲ့။ ဝီလျံဆရာ့ကိုစောစောကစကား ကျောင်းလခကို ကျွန်တော့်အဖေပေးမှာပါလို့ပဲ ပြန်ပြောတယ်။ ဆရာကတော့ ဝီလျံကို သူခိုးလို့ပဲ ထပ်ခါထပ်ခါပြောတယ်။ ပညာကိုလိုချင်လွန်းတဲ့ကလေးတစ်ယောက်ဟာ သူခိုးဖြစ်သွားခဲ့တယ်။ ဆရာက ဝီလျံကို ကျောင်းထုတ်လိုက်ပြီတဲ့။ ပစ္စည်းတွေယူပြီးထွက်သွားတဲ့။ ဝီလျံ မျက်ရည်ဝဲပြီး ကျောင်းခန်းထဲက ထွက်သွားခဲ့ရတယ်။
ဝီလျံတို့ရဲ့ရွာလေးလည်း အခြေအနေတွေပိုဆိုးလာခဲ့တယ်။ ရိက္ခာအတွက် လုယက်မှုတွေ၊ အချင်းချင်းရိုက်နှက်မှုတွေ ဖြစ်လာကြပြီ။ သိပ်ကိုလန့်စရာကောင်းတဲ့မြင်ကွင်းတွေ…။ နောက်ဆုံး ဝီလျံတို့မိသားစု တစ်နေ့ကိုတစ်နပ်ပဲစားရတော့မယ်။ ဘယ်အနပ်ကိုစားကြမလဲလို့ တိုင်ပင်ကြရတဲ့အခြေအနေ ရောက်သွားကြတယ်။
ဝီလျံရဲ့အိပ်မက်က လေရဟတ်ပါ။ လေရဟတ်တစ်ခုဖန်တီးမယ်။ လေရဟတ်ကနေ လျှပ်စစ်ဓာတ်ထုတ်မယ်။ လျှပ်စစ်ဓာတ်ကနေ ရေတင်မယ်ဆိုတဲ့အိပ်မက်ပါ။ ဝီလျံအိပ်မက်ကို အဖေ့သွားပြောတော့ အဖေဟာ သူ့ဒေါသတွေကို ဝီလျံပေါ်ပုံံချလိုက်တယ်။ မင်းကျောင်းကိုလည်းမေ့လိုက်တော့၊ စာကြည့်တိုက်ကိုလည်းမေ့လိုက်တော့၊ မင်းလယ်ထွန်တော့တဲ့။ ဝီလျံရဲ့ လေရဟတ်သေးသေးလေးဟာခြောက်သွေ့နေတဲ့လယ်ထဲ ပိုးလိုးပက်လက်။ ဝီလျံဟာဇွဲမလျှော့ခဲ့ပါဘူး။
ဇာတ်သိမ်းခန်းကတော့ သိပ်ကိုကျေနပ်စရာကောင်းခဲ့ပါတယ်။ စနစ်တွေဘယ်လောက်ဆိုးဆိုး ကိုယ့်အားကိုယ်ကိုးပြီး စိတ်ကူးတွေနောက်လိုက်ခဲ့တဲ့ ဝီလျံဟာ တစ်ရွာလုံးအတွက် လက်ဆောင်ကောင်းတွေ ယူဆောင်ပေးနိုင်သူတစ်ယောက် ဖြစ်ခဲ့ပါတော့တယ်။ ဒီဇာတ်ကားဟာ အာဖရိကတိုက်က မာလဝီ (Malawi) နိုင်ငံမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတာပါ။
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်မှုတွေကြားကနေပဲ ဝီလျံလို ပညာငတ်မွတ်တဲ့ကလေးတွေ ကျွန်တော်တို့နိုင်ငံမှာ အများအပြား ရှိနေခဲ့ပါတယ်။ဂျက်ဖိုက်တာ ပစ်ခတ်နေတဲ့ကြားကပဲ ဝလုံးကလေးဝိုင်းအောင်ရေးနေကြသူတွေရှိတယ်။ တောထဲတောင်ထဲကနေပဲ ဆေးပညာအပါအဝင် အခြားအဆင့်မြင့်ပညာတွေကို ဆက်လက်သင်ယူကြ အောင်မြင်နေကြသူတွေ ရှိပါတယ်။
အာဏာရှင်ဟာ ပိတ်ဆို့မှုတွေ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ သင့်အသိဉာဏ်ပညာ၊ သင့်စိတ်ကူးတွေကိုတော့ ထိန်းချုပ်လို့မရနိုင်ပါဘူး။ စိတ်ကူးအိပ်မက်တွေဆီ ဆက်သွားကြရအောင်ပါ။ ။
















































