Connect with us

Hi, what are you looking for?

သရော်စာ

“ခသ အလက ကစ ဦးသျှန်ထွဏ်းထံ အိတ်ဖွင့်ပေးစာ”

အာဏာသိမ်းစစ်ခေါင်းဆောင်အကျိုးကို မျှော်ကိုးပြီး ဦးသျှန်ထွဏ်းရေးသားထုတ်လုပ်လိုက်တဲ့ သီချင်းတစ်ပုဒ်ရဲ့အကျိုးက သူ့ အတွက် ဘယ်လောက်အကျိုးရှိသွားစေသလဲတော့မသိ ။အဆိုရှင်လေးခမျာမှာတော့ အွန်လိုင်းနဲ့ မြေပြင် နှစ်သွယ် သော နေရာဌာနများကနေ အားပေးကြမ်းကြလို့ အလူးလူးအလှိမ့်လှိမ့်နဲ့ မအိပ်နိုင်၊ မစားနိုင်တဲ့အထိ ဝက်ဝက်ကွဲ အောင်မြင်စေခဲ့လို့ ဦးစွာ ကွန်ဂရက်ကျူလေးရှင်းပါရစေ။

သို့/

ဦးသျှန်ထွဏ်းခင်ဗျား။

အာဏာသိမ်းစစ်ခေါင်းဆောင်အကျိုးကို မျှော်ကိုးပြီး ဦးသျှန်ထွဏ်းရေးသားထုတ်လုပ်လိုက်တဲ့ သီချင်းတစ်ပုဒ်ရဲ့အကျိုးက သူ့ အတွက် ဘယ်လောက်အကျိုးရှိသွားစေသလဲတော့မသိ ။အဆိုရှင်လေးခမျာမှာတော့ အွန်လိုင်းနဲ့ မြေပြင် နှစ်သွယ် သော နေရာဌာနများကနေ အားပေးကြမ်းကြလို့ အလူးလူးအလှိမ့်လှိမ့်နဲ့ မအိပ်နိုင်၊ မစားနိုင်တဲ့အထိ ဝက်ဝက်ကွဲ အောင်မြင်စေခဲ့လို့ ဦးစွာ ကွန်ဂရက်ကျူလေးရှင်းပါရစေ။

အဓိကပြောလိုတဲ့အကြောင်းမသွားခင် ခေါင်းစဉ်အကြောင်း အရင်ရှင်းမှသာ တော်ကာကြပါမယ်။ နို့မဟုတ်ရင် ယုံထင်၊ ကြောင်ထင် ထင်နေကြမှာစိုးလို့ပါ။

Public Service Announcement

Public Service Announcement

“ခသ”ကနေ စရှင်းပါရစေ။ တကယ်တော့ “ခသ”ဆိုတာ “ခွေးသား”လို့ ခပ်ရိုင်းရိုင်းဆဲရေးတိုင်းထွာတဲ့ စကားမဟုတ်ပါ။ “ခေတ်သစ်”ဆိုတဲ့စကားကို ရည်ညွှန်းလိုရင်းသာဖြစ်ပါတယ်။ တစ်ဖန် “အလက”ဆိုတာကလည်း “အလကား”လို့ ဆိုလိုရင်းမဟုတ်ဘဲ “အလင်္ကာ”ဆိုတဲ့ စကားရပ်ကို ဆိုလို ကြောင်း သိမှတ်ပေးကြပါ။ ထို့အတူ “ကစ”ဆိုတဲ့စကားကလည်း ဆဲရေးတဲ့အခါသုံးတဲ့ “ကောင်စုတ်” ဆိုတဲ့စကား မဟုတ်ပြန်ပါဘူး။ “ကျော်စွာ”ဆိုတဲ့အဓိပ္ပာယ်သာဖြစ်ပါတယ်။

အားလုံးခြုံလိုက်ရင် “ခသ အလက ကစ” ဆိုတာ “ခွေးသား အလကား ကောင်စုတ်”လို့ ဆိုလိုရင်းမဟုတ်ဘဲ “ခေတ်သစ် အလင်္ကာ ကျော်စွာ” ဆိုတဲ့ စကားကို ရည်ညွှန်းခြင်းသာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ချီးမြှောက်ခြင်းခံထားရတဲ့ တေးပြုစာဆိုရှင်ကြီးရဲ့ အရှေ့က ဂုဏ်ပုဒ်တွေကို ချန်လှပ်ပြီးလည်းမထားရဲ။ အပြည့် အစုံထည့်ရင်လည်း ခေါင်းစီးမို့ မလိုအပ်ဘဲ ရှည်နေမှာ စိုးတာကြောင့်သာ အတိုချုပ်ထားရခြင်းဖြစ်ကြောင်း သိနား လည်ပေးကြပါ။ ထပ်ပြောပါရစေ။ “ခသ အလက ကစ” ဆိုတာ “ခွေးသား အလကား ကောင်စုတ်”လို့ ဆိုလိုရင်း မဟုတ်ပါ။

ထပ်ရှင်းပါရစေ။ ဦးသျှန်ထွဏ်းဆိုတာတလောကမှ အလင်္ကာကျော်စွာဘွဲ့ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပေးလို့ ရရှိခဲ့သူဖြစ်တာကြောင့် ဟိုးရှေးယခင်က ရရှိခဲ့ကြတဲ့ အလင်္ကာကျော်စွာ ဆရာကြီးများနဲ့ မရောမထွေး၊ ကွဲပြားခြားနားစေဖို့ အရှေ့က “ခေတ်သစ်” ဆိုတာကို မဖြစ်မနေ ထပ်ပေါင်းထည့်ပေးလိုက်ရခြင်းဖြစ် ပါတယ်။ ကဲ…အိတ်ဖွင့်ပေးစာကို ဆက်ကြဦးစို့။

ဦးသျှန်ထွဏ်းခင်ဗျာ။ ဒီစာကို ရေးသားလိုက်ရတဲ့ အဓိကအကြောင်းက ဦးသျှန်ထွဏ်း မကြာမီကမှ ရေးစပ်သီကုံးခဲ့ တဲ့ “လရောင်အောက်က ကုမုဒြာ”ဆိုတဲ့ သီချင်းကို နားထောင်မိပြီး ရေးဖြစ်တာပါ။ မေသက်ထားဆွေလေးကို အားလုံးက ဝိုင်းပြီးမေတ္တာပို့ကြတာလည်းမပြောနဲ့ အဲဒီသီချင်းနားထောင်ပြီးချိန်မှာ ကျွန်တော်ကိုယ်တိုင် ကြက်သီး ဖြန်း

ဖြန်းထမိပါတယ်။ ကြောက်သွားလို့မဟုတ်ပါ။ ဦးသျှန်ထွဏ်းသာ အနားနားရှိနေရင် လက်သီးနဲ့ ခပ်ပြင်းပြင်း ထိုးချင်မိတဲ့ ပြင်းပြတဲ့စိတ်ဆန္ဒအရ ကြက်သီးထခြင်းမျိုးပါ။

ဦးသျှန်ထွဏ်းလို ခေတ်သစ်အလင်္ကာကျော်စွာတစ် ယောက်က ပညာရှိသတိဖြစ်ခဲဆိုသလို သီချင်းထဲမှာ ထည့်သွင်းဖော်ပြသင့်တဲ့အကြောင်းအရာတွေကို ထည့်သွင်းမ ဖော်ပြဘဲ ချန်လှပ်ထားရစ်ခဲ့လို့ အားမလိုအားမရဖြစ်ရင်း ထိုးချင်စိတ်ဖြစ်မိတာပါ။

ဒီသီချင်းဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်အတွက် ရေးစပ်သီကုံးတယ်ဆိုတာ ကျွန်တော်များသိရ တာကအဲဒီသီချင်းနဲ့တွဲပြီး တေးသရုပ်ဖော်ထားတဲ့ ဗီဒီယိုရုပ်ကတ်တွေကြောင့်ပါ။စာသားချည်းသက်သက်နား ထောင်မယ်ဆို မသိနိုင်ပါဘူး။ ဒါကြောင့်လည်း သီဆိုပေးရချိန်တုန်းက မင်းအောင်လှိုင်အတွက် ရည်ညွှန်းရေးထား တယ်ဆိုတာ အဆိုရှင် မေသက်ထားဆွေလေးရော သိမှသိပါလေစလို့ သူမကို ချစ်ခင်သူတို့က မုဒိတာပွား၊ အမြတ် ဖြေစကားတွေဆိုခဲ့ကြတာပေါ့။

ဒီတော့ ခေတ်သစ် အလင်္ကာကျော်စွာ ဦးသျှန်ထွဏ်းကြီးကို ဒီအိတ်ဖွင့်ပေးစာကနေ အကြံပြုလိုတာကအခု “လရောင်အောက်က ကုမုဒြာ”ဆိုတဲ့သီချင်းကတော့ ဖြန့်ဝေပြီးသွားပြီမို့ထားလိုက်တော့။ နောက်ထပ် ဒီလိုအလား တူသီချင်းတစ်ပုဒ်လောက် ထပ်မံရေးစပ်သီကုံးဖို့ လိုနေပြီဆိုတဲ့အကြောင်းပါ။ ဒီလိုလုပ်မှလည်း မပြည့်စုံတဲ့ သီချင်း တစ်ပုဒ်ကို ပြည့်စုံသွားအောင် နောက်ကနေလိုက် ဖြည့်ဆည်းရာကျမှာမို့ပါ။

ဒီတစ်ပုဒ်မှာတော့ ရှေ့က “လရောင် အောက်က ကုမုဒြာ”လို အလွန်အကျူးညွှန်းဖွဲ့တာမျိုးတွေကို ရှောင်ရှားပြီး ပကတိအရှိတရားအတိုင်း၊ အမှန်အ တိုင်း ချပြရေးသားဖို့ပါပဲ။

ကျွန်တော်အကြံပြုထားသလိုပဲ စာသားကို ရုပ်ကတ်နဲ့တွဲမှ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်။ အို… “အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်”ဆိုတဲ့ ဒီစကားကြီးထည့်ထည့်သုံးရတာလည်း ရှည်ပါတယ်။ ဦးသျှန် ထွဏ်းဂုဏ်ပြုထားတဲ့ သီချင်းထဲကစာသား ငွေလမင်းကြီးနဲ့ သူ့နာမည်ကို နှစ်ခုပေါင်းစပ် အတိုချုပ်ပြီးသာ သုံးပါရစေ။

“ငလမကြီးမအလ”ပေါ့။ ဒီအတိုကောက်ကိုလည်း မိတ်ဆွေတို့က တခြားဘက်ချော်တောငေါ့ပြီးမတွေးကြဖို့ မေတ္တာရပ်ခံပါတယ်။ “ငွေလမင်းကြီးမင်းအောင်လှိုင်” လို့သာ တည့်တည့်မြင်ပေး၊ သိပေးကြပါ။

ဟုတ်ကဲ့ပါ ဦးသျှန်ထွဏ်းရေ။ ဦးသျှန်ထွဏ်းရေးစပ်ပြီး မေသက်ထားဆွေလေး အားထည့်သီဆိုထားတဲ့ အဲဒီသီချင်း က ဆိုခဲ့သလိုပဲ အတိသယဝုတ္တိအလင်္ကာမြောက် လွန်လွန်ကျူးကျူးဖွဲ့ဆိုထားတာမို့ စာသားချည်းသက်သက် နားထောင်ရင် ငလမကြီးမအလကို ရည်ညွှန်းမှန်း ဘယ်နည်းနဲ့မှ မသိနိုင်ပါဘူး။

ဒါကြောင့်နောက်သီချင်းမှာတော့ စာသားချည်းသက်သက် နားထောင်လိုက်ရင်ကိုပဲ ဟော…ဒါက ငလမကြီးမအလကို ရည်ညွှန်းတာပါလားဆိုတာ ကလေးကစ ခွေးအထိ သိစေဖို့ အားထုတ်စေချင်တာပါပဲ။

လာမယ့်သီချင်းမှာ မပါမဖြစ်ပါရမယ့်၊ မဖြစ်မနေထည့်သွင်းပေးရမယ့် ငလမကြီးမအလနဲ့ပတ်သက်တဲ့ အချက် တချို့ကိုလည်း အကြံပြုပေးချင်ပါတယ်။ အရေးကြီးဆုံးအချက်အနေနဲ့ကတော့ စစ်သားကြီးတစ်ယောက် စစ်သား လစာကို ဘယ်လိုခြိုးခြံချွေတာပြီး ဘယ်လိုစုဆောင်းရာကနေ ဒီကနေ့လို ကျိကျိတက်ချမ်းသာလာသလဲဆိုတဲ့ အချက်။

ဒုတိယအချက်က အခုရယူထားတဲ့ နိုင်ငံတော်သမ္မတရာထူးကို ဘယ်လိုဘယ်ပုံလုံးပမ်းရယူထားသလဲ ဆိုတဲ့အချက်၊ တတိယအချက်ကတော့ တစ်နေ့ထမင်းဘယ်နှနပ်စားသလဲဆိုတာထက် အပြစ်မဲ့ပြည်သူတွေထံ တစ်နေ့ ဗုံးဘယ်နှကြိမ်ကျဲသလဲဆိုတဲ့အချက်တို့ကို မခြွင်းမချန် အမှန်အတိုင်းထည့်ပေးဖို့ပါပဲ။

အခြားအချက်တချို့လည်း ရှိပါသေးတယ်။ သူ့လက်ထက်မှာ အောက်ခြေစစ်သားတွေအထိ ချမ်းသာလာအောင် သူဘယ်လိုစွမ်းဆောင်ပေးခဲ့သလဲဆိုတဲ့အချက်၊ စစ်တိုက်မယ့်စစ်သားလိုအပ်ချက်အတွက် ဘယ်လိုပေါ်တာဆွဲ စုဆောင်းရယူနေသလဲဆိုတဲ့အချက်စသဖြင့် ထည့်မယ်ဆို ထည့်လို့ရမယ့်အချက်များစွာလည်း ကျန်နေပါသေး တယ်။ နေ့မနားညမအိပ် သေချာလေးစဉ်းစားစိစစ်ပြီး ရေးစပ်စေလိုပါတယ်။

ဦးသျှန်ထွဏ်းခင်ဗျား နောက်ဆုံးပိတ်အနေနဲ့ အကြံပြုပေးချင်တဲ့တစ်ချက်ကတော့ အဲဒီသီချင်းကို ရေးစပ်ပြီးသွားတဲ့အခါ ကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆိုဖို့လည်း မေတ္တာရပ်ခံချင်တာပါ။ ဖြစ်နိုင်ရင် ဒီသီချင်းရဲ့ Pre ကနေ Pro အထိ ဘယ်အပိုင်း၊ ဘယ်အဆင့် မှာဖြစ်ဖြစ် ဦးသျှန်ထွဏ်းတစ်ယောက်တည်းသာ လုပ်ဆောင်စေချင်တာပါ။

ဒါမှလည်း ဦးသျှန်ထွဏ်းကြောင့် အခြား တစ်ပါးသူတွေ ပြည်သူ့မေတ္တာခံယူရခြင်းဘေးက လွတ်မှာမို့လို့ပါ။ တစ်ယောက်တည်းရေး၊ တစ်ယောက်တည်းတီး၊ တစ်ယောက်တည်းဆိုတော့ ပြည်သူ့မေတ္တာဟာ ဦးတည်ချက်မတိမ်းတော့ဘူးပေါ့ခင်ဗျာ။

ဦးသျှန်ထွဏ်း ခေတ်သစ် အလင်္ကာ ကျော်စွာဘွဲ့များစွာကို ထပ်မံရရှိပိုင်ဆိုင်နိုင်ပါစေ။

-ALY ​ရေးသားသည်။

ဆက်စပ်သတင်းများ