သျှိသျှား ရေးသားသည်။
ရခိုင်ပြည်နယ်ထဲကကျောက်တော်ကိုအာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတယ်။ပြည်သူ ၅၀ ကျော်သေတယ်။ ရှာမရသေးတာ။ အစအနပျောက်သွားတာတွေ ရှိသေးတယ်။ပြည်သူ ၆၀ ကျော်ထိခိုက်ဒဏ်ရာရတယ်။
သေဆုံးခဲ့သူတွေထဲကိုးလသားကိုယ်ဝန်ကို လွယ်ထားရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးပါဝင်ပြီး ရုပ်ကို တောင် မမှတ်မိနိုင်တဲ့အထိ မီးလောင်၊ မီးကျွမ်းပြီး သေတယ်။ သူ့ဗိုက်ထဲက ကိုးလသားကလေးလည်း အပြင် ရောက်ပြီး မီးလောင်၊မီးကျွမ်းခံရပြီးသေတယ်။ ကစ္ဆပနဒီတံတားပေါ်မှာ သေဆုံးခဲ့သူတွေလည်း ရှိတယ်။ အဲဒီ သေဆုံးသွားသူတွေအတွက် ယူကြုံးမရဝမ်းနည်းငိုကြွေးနေကြတဲ့ မိသားစုဝင်တွေကိုလည်း တွေ့ရတယ်။
အလွန်ပဲစိတ်မကောင်းဖြစ်ကြရတယ်။သို့ပေမယ့် အဲဒီဖြစ်ရပ်အပေါ် ပျော်နေ၊ ကျေနပ်နေသူတချို့ရှိနေသေးတယ်ဆိုရင် မိတ်ဆွေတို့ အံ့သြကြမလား။ မအံ့ သြလိုက်ပါနဲ့ အဲဒီအစုအဖွဲ့ တကယ်ရှိနေတာပါ။ စစ်တပ်က ကျူးလွန်တဲ့ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတိုင်း၊ စစ်ရာဇဝတ်မှုတိုင်းမှာအားပေးအား မြှောက်ပြုသူတွေအဖြစ် သူတို့ဟာ အချိန်တိုင်း အခိုင်အမာတည်ရှိနေသူတွေပါ။ သူတို့က ဘယ်သူတွေလဲ။ တပ်ထောက်ခံသူ (ဝါ) စစ်တပ်လော်ဘီတွေပါပဲ။

Public Service Announcement
အာဏာသိမ်းစစ်တပ်ရဲ့လူမဆန်ရက်စက်ယုတ်မာမှုတစ်ခုဖြစ်တဲ့ ဒီကျောက်တော်ဗုံးကြဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြင်းထန်စွာပြစ်တင်ရှုတ်ချတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ(UNHCR) မဟာမင်းကြီးဖော်လ်ကာတာ့ခ် က ထုတ်ဖော်ပြောဆိုလာပါတယ်။
“ဒီတိုက်ခိုက်မှုဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ အရပ်သားပြည်သူတွေ ကြုံတွေ့နေရတဲ့ အလွန်စိုးရိမ်ဖွယ်ရာအခြေအနေကိုပေါ်လွင်စေပါတယ်။အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ပိုလို့တောင် ဆိုးရွားပါတယ်”လို့သူကဆိုပါတယ်။
ကုလသမဂ္ဂအထွေထွအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကလည်း ဒီဖြစ်ရပ်အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနဲ့ ဒီတိုက်ခိုက်မှုမှာ ပါဝင်ကျူးလွန်ခဲ့သူတွေအနေနဲ့ တာဝန်ယူမှုရှိစေဖို့လည်း တောင်းဆိုလိုက်ကြောင်းသူ့ ရဲ့ပြောရေးဆိုခွင့်ရှိသူ စတီဖန်းဒူဂျာရစ်ကနေတစ်ဆင့် ကုလသမဂ္ဂသတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုခဲ့ ပါတယ်။
စက်တင်ဘာ ၂၉ရက်ကကျင်းပတဲ့အပြည်ပြည်ဆိုင်ရာနျူးကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရေးနေ့အထိမ်းအမှတ်နဲ့ မြှင့်တင်ရေးဆိုင်ရာ ကုလသမဂ္ဂအဆင့်မြင့်အစည်းအဝေးမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကလည်းတက်ရောက်မိန့်ခွန်းပြောကြားရင်းကျောက်တော်ဖြစ်ရပ်ဆိုးအကြောင်းကိုတင်ပြ အသိပေးခဲ့ပါတယ်။
အာဆီယံပါလီမန်အမတ်များလူ့အခွင့်အရေးအဖွဲ့(APHR)ကလည်း ဒီဖြစ်ရပ်အပေါ် အပြင်းအထန်ကန့်ကွက်ကြောင်း၊စစ်တပ်အနေနဲ့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရရှိနေမှုတွေကို အဆုံးသတ်ဖို့နဲ့ တာဝန်ယူမှု၊တာဝန်ခံမှုရှိဖို့ နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့ တောင်းဆိုလိုက်ကြောင်း စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။
“အရပ်သားပြည်သူများကိုပစ်မှတ်ထားတိုက်ခိုက်ခြင်းဟာ လုံးဝလက်ခံနိုင်ဖွယ်မရှိပါ။ ယူကေအစိုးရအနေနဲ့ ဒီဆိုး ရွားလှတဲ့ တိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ယူကေအစိုးရအနေနဲ့ မြန်မာပြည်သူများနဲ့အတူ ရပ်တည်ပါတယ်။အရပ်သားပြည်သူအားလုံးကို အကာအကွယ်ပေးရန်၊ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရန် ယူကေက ပြတ်ပြတ်သားသား ပြောကြားထားပြီး ဖြစ်ပါတယ်”ဆိုတဲ့ ဗြိတိန်နိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီးရဲ့ ထုတ်ဖော်ပြောဆိုချက်ကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက စက်တင်ဘာ ၃၀ရက်မှာ ဖော်ပြခဲ့ပါတယ်။ကျောက်တော်ဖြစ်ရပ်ဆိုးအပေါ် ဗြိတိန်နိုင်ငံရဲ့အမြင်နဲ့ ရပ်တည်ချက်ကို ပြတ်ပြတ်သားသားထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုအပေါ် ဥရောပသမဂ္ဂ (EU) ကလည်းစာထုတ်ပြန်ရှုတ်ချပါတယ်။ နိုင်ငံတကာလူသား ချင်းစာနာမှုဥပဒေတွေဟာ လူသားအားလုံးနဲ့သက်ဆိုင်ပြီး တိတိကျကျလေးစားလိုက်နာရမှာဖြစ်ကြောင်း၊ ထိခိုက် သေဆုံးသူတွေ၊ နစ်နာသူမိသားစုတွေနဲ့ ထပ်တူဝမ်းနည်းကြောင်း၊ မြန်မာပြည်သူတွေနဲ့ တစ်သားတည်းဆက်လက် ရပ်တည်မယ်လို့အသိပေးလိုကြောင်း ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းပြောဆိုထားပါတယ်။
ဒါဟာအာဏာသိမ်းစစ်တပ်ရဲ့ကမ်းကုန်လှတဲ့ ရက်စက်ယုတ်မာမှုအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းတွေဘက်က ကန့်ကွက်ရှုတ်ချမှုများပဲဖြစ်ပါတယ်။ ဒီလိုနိုင်ငံတကာကပါလက်မခံ ပြင်းထန်စွာကန့်ကွက် ရှုတ်ချလာတဲ့ ဒီကျောက်တော်ဖြစ်ရပ်ဆိုးနဲ့ပတ်သက်ပြီး စစ်တပ်လော်ဘီတွေဘက်မှာ ဘယ်လိုအမြင်ရှိပါသလဲ။
စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဗိုက်ထဲကကလေးပါမကျန် သေဆုံးသွားခဲ့ကြရတဲ့အရပ်သားပြည်သူတွေနဲ့သူတို့ရဲ့ ကျန်ရစ်မိသားစုတွေ ပူဆွေးသောကရောက် ငိုကြွေးနေကြတဲ့အပေါ် ဘယ်လိုသဘောထား အမြင်ရှိပါသလဲ။
ဒီမေးခွန်းတွေအတွက်အဖြေကို စစ်တပ်လော်ဘီတစ်ယောက်ကတော့ စောလျင်စွာပဲ လူသိရှင်ကြား ထုတ်ဖော် ဖြေဆိုထားပါတယ်။
မပုတုဆိုသူ စစ်တပ်လော်ဘီ အမျိုးသမီးတစ်ဦးပါ။ ကျောက်တော်ကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့သတင်းတွေကြားပြီးချိန် ချက်ချင်းဆိုသလိုပဲ “ဒီနေ့သောက်တဲ့ ရခိုင်မုန့်တီကပိုပြီးအရသာရှိတယ်။ မိုးအေး
အေးနဲ့ ဆွေးရတာ ဖီးလ်ပဲ”ဆိုတဲ့ စကားနဲ့အတူ ရခိုင်မုန့်တီကို စားပြတဲ့ဗီဒီယိုကလစ်တစ်ခု TikTok မှာ တင်ခဲ့သလို အဆိုတော်ကိုင်ဇာရဲ့ “ကစ္ဆပနဒီလှိုင်းသံ” ဆိုတဲ့သီချင်းကိုလည်းနောက်ခံအဖြစ်ထည့်သုံးထားပါသေးတယ်။အဲဒီနေ့မှာပဲ နောက်ထပ်ဗီဒီယိုကလစ်တစ်ခုကို TikTok မှာ ထပ်တင်လာခဲ့ပြီး အဲဒီထဲမှာလည်းအတော်လေးဆိုးဝါးတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့အတူ ထိခိုက်သေဆုံးရတဲ့ ပြည်သူတွေအပေါ် စော်ကားပြော ဆိုမှုတွေ ပြုထားပါသေးတယ်။
ပြည်သူတွေထိခိုက်သေဆုံးရလို့ စိတ်မကောင်းဖြစ်၊ ဝမ်းနည်းနေချိန် ဒီဗီဒီယိုကလစ်တွေကို တွေ့လိုက်ရတော့ စိတ်ထဲမှာအတော်လေးနေလို့မကောင်းဖြစ်ခဲ့ရပါတယ်။ အကြောင်းရင်းက ကျောက်တော်ဖြစ်စဉ်နဲ့ပတ်သက်ပြီး အာဏာသိမ်း စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ပြည်သူတစ်ယောက်အနေနဲ့ တားမြစ်ဆန့်ကျင်ရမယ့်အစား၊ ကန့်ကွက်ရှုတ်ချရမယ့်အစား အကြမ်းဖက်မှုအပေါ် စိတ်လိုလက်ရ အားပေးအား မြှောက်လုပ်လာတဲ့အတွက်ကြောင့်ပါ။ “သူက နဂိုကတည်းက စစ်တပ်အားပေး ထောက်ခံသူပဲ”ဆိုတာမျိုးနဲ့ ဖြေ သိမ့်တွေးတွေးပေးလို့ မရပါဘူး။ ဒါဟာ လက်နက်ကိုင်တပ်ဖွဲ့ချင်းဖြစ်တဲ့ တိုက်ခိုက်မှုမဟုတ်ပါဘူး။ ပြည်သူလူထု အပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်တာ၊ အပြစ်မဲ့ပြည်သူ အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် အသတ်ခံလိုက်ရတာသာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကုလအပါအဝင် နိုင်ငံတကာက လက်မခံဘဲ ဝိုင်းဝန်း ကန့်ကွက်ရှုတ်ချနေကြတာပါ။
နောက်တစ်ယောက်ရှိပါသေးတယ်။ စစ်တပ်လော်ဘီကျော်မျိုးမင်းပါ။သတင်းသမားအမည်ခံ ကျော်မျိုးမင်းဟာ ဖြစ်စဉ်ဖြစ်ရပ်တွေအပေါ် ချဉ်းကပ်တဲ့အခါ စစ်တပ်ထောက်ခံသူပီပီ စစ်တပ်ဘက်ကို အသာစီးအကြည့်၊ တစ်ဖက်စောင်းအမြင်တွေနဲ့ ကြည့်မြင်ပြောဆိုချက်တွေကြောင့် ဝေဖန်ခံရမှုတွေနဲ့ ကြုံရသူတစ်ယောက်ဖြစ်ပါတယ်။ အခု ကျောက်တော်ဖြစ်စဉ်မှာလည်း သူဟာထိုနည်းတူပါပဲ။
အာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတဲ့အပေါ် သူက “ဒုတိယကမ္ဘာစစ်ကတည်းက တစ်နိုင်ငံနဲ့တစ်နိုင်ငံ။ ဒေသတစ်ခုနဲ့တစ်ခု။ စစ်တပ်တစ်တပ်နဲ့တစ်တပ်။ မြို့တစ်မြို့နဲ့ တစ်မြို့။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ကြခိုက်ကြတဲ့ အခါမှာ ကိုယ့်မှာရှိတဲ့ အားသာမှုကို အသုံးချပြီးပဲ တိုက်တယ်။ ဘယ်သူ ကမှတော့ ကိုယ့်မှာ ဓားရှိလျက်နဲ့ လက်သီးနဲ့ ပြေးမထိုးဘူး။ ကိုယ့်မှာသေနတ်ရှိလျက်နဲ့သေချာတယ် ဘောလ်ပင်လေးနဲ့လှမ်းမထိုးဘူး”ဆိုတဲ့စကားကို ပြောခဲ့ ပါတယ်။
ဒီနေရာမှာ ကျော်မျိုးမင်းကို တစ်ခုပဲမေးချင်တာက အခုအာဏာသိမ်းစစ်တပ်ဗုံးကြဲခဲ့တဲ့နေရာဟာ စစ်ရေး ပစ်မှတ်နေရာလား။ အများပြည်သူတွေ သွားလာကျင်လည်နေထိုင်ရာနေရာလားဆိုတဲ့တစ်ချက်ကိုပဲ အရင်ဖြေ ကြည့်စေချင်တာပါ။
အခုအာဏာသိမ်းစစ်တပ် ဗုံးကြဲခဲ့တဲ့နေရာဟာ ဓား-ဓားချင်း၊ သေနတ်-သေနတ်ချင်း ယှဉ်ခုတ်၊ ယှဉ်ပစ်ရမယ့်နေရာ မဟုတ်နေဘူးဆိုတာ မြန်မာလူထုသာမက ကမ္ဘာကပါသိပါတယ်။ ဒီကျောက်တော်ဖြစ်စဉ်မှာ မပုတုလို၊ ကျော်မျိုး မင်းလို အကြမ်းဖက်အားပေး၊ စစ်ရာဇဝတ်မှုအပေါ် ထောက်ခံတဲ့အခြားသော စစ်တပ်လော်ဘီများစွာလည်း ရှိနေပါ သေးတယ်။ သူတို့ဟာ စစ်တပ်ကကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတိုင်းမှာဆန့်ကျင်တားမြစ်၊ကန့်ကွက်ရှုတ်ချရမယ့်အစားအားပေးအားမြှောက်ပြုသူတွေအဖြစ် အခိုင်အမာတည်ရှိနေသူတွေပါ။
အာဏာသိမ်းစစ်တပ် လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နာမည်ကြီးဖြစ်စဉ်တွေဖြစ်တဲ့ လက်ယက်ကုန်း၊ အနန့်ပါ၊ ပဇီကြီး၊ မုန်လိုင်ခက်၊ ကျောက်တော်တို့အပါအဝင် အာဏာသိမ်းစစ်တပ်ဘက်က လူအစုလိုက်အပြုံလိုက်သတ်ဖြတ် မှု၊ အကြမ်းဖက်မှုဖြစ်စဉ်တိုင်းမှာ စစ်တပ်လော်ဘီတွေဟာ အဲဒီသူတို့ထောက်ခံတဲ့စစ်တပ်ဘက်ကိုသာ ဖာထေး ဝန်းရံပေးခဲ့ရုံသာမက နောက်ထပ်၊ နောက်ထပ်သော စစ်ရာဇဝတ်မှုတွေ ကျူးလွန်လာအောင်၊ လူအစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုတွေကို လက်မရွံ့ကျူးလွန်လာအောင် သွေးထိုးလှုံ့ဆော်ပေးနေသူတွေဖြစ်တယ်ဆိုတာ သူတို့ရဲ့ ပြောဆိုချက်၊ ရပ်တည်ချက်တွေကနေ သိသာထင်ရှားစွာ တွေ့မြင်ရပါတယ်။
ဒီတော့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က ကျူးလွန်လာသမျှ စစ်ရာဇဝတ်မှုတွေ တိုင်းမှာ အဲဒီစစ်တပ်လော်ဘီတွေဟာလည်း ပူးတွဲတရားခံတွေဖြစ်တယ်ဆိုတာပါပဲ။



















































