Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်တပ်ကို တွန်းလှန်ဖို့ စုပေါင်းခဲ့တဲ့ တော်လှန်ရေး နဲ့ တိုင်းရင်းသားအင်အားစုများ (သို့မဟုတ်) SCEF

နိုင်ငံတကာအပယ်ခံ ဘဝကနေ လွတ်ချင်တာကြောင့် ကိုယ်တိုင်ခန့် သမ္မတ မင်းအောင်လှိုင်ဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်းတို့လို နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ကြိုးကြိုးစားစား မြှင့်တင်နေပါတယ်။ တစ်ဖက်မှာလည်း စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ၊ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေကလည်း မတ်လကစလို့ စုဖွဲ့မှု ပုံစံတွေကို ပြင်ဆင်ပြောင်းလဲလာပါတယ်။ ဒီအခြေအနေတွေက ပဋိပက္ခတွေ ပိုမို ကြာညောင်းလာမှာကို စိုးရိမ်မှုတွေလည်း ဖြစ်ပေါ်လာစေပါတယ်။

နေ့သစ်/People’s Spring

နိုင်ငံတကာအပယ်ခံ ဘဝကနေ လွတ်ချင်တာကြောင့် ကိုယ်တိုင်ခန့် သမ္မတ မင်းအောင်လှိုင်ဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်းတို့လို နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ကြိုးကြိုးစားစား မြှင့်တင်နေပါတယ်။ တစ်ဖက်မှာလည်း စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ၊ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေကလည်း မတ်လကစလို့ စုဖွဲ့မှု ပုံစံတွေကို ပြင်ဆင်ပြောင်းလဲလာပါတယ်။ ဒီအခြေအနေတွေက ပဋိပက္ခတွေ ပိုမို ကြာညောင်းလာမှာကို စိုးရိမ်မှုတွေလည်း ဖြစ်ပေါ်လာစေပါတယ်။

၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း တော်လှန်ရေး အစိုးရအဖြစ် ပေါ်ထွက်လာပြီး ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရော၊ တရုတ်၊ ထိုင်း၊ အိန္ဒိယတို့နဲ့ နယ်စပ်တွေမှာ အခြေစိုက်တဲ့ တိုင်းရင်းသား တော်လှန်ရေး တပ်တွေကပါ အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင် တိုက်ခိုက်ရင်း ပြည်တွင်းစစ်ကို ဆင်နွှဲကြေပါတယ်။

ပြီးတော့ NUGလက်အောက်ခံအနေနဲ့ဖြစ်စေ၊ ကိုယ်ပိုင် သီးခြားရပ်တည်မှုနဲ့ဖြစ်စေ နိုင်ငံရဲ့ အစိတ်အပိုင်း အများအပြားမှာ လက်နက်ကိုင် အဖွဲ့ငယ်တွေလည်း ထွက်ပေါ်လာကြပါတယ်။ အဲဒီ အဖွဲ့တွေကို ပြည်သူ့ကာကွယ်ရေးတပ် (PDF)လို့ ခေါ်ဝေါ်ကြပါတယ်။

Public Service Announcement

Public Service Announcement

အရင်တုန်းကတော့ အဲဒီ အစုအဖွဲ့တွေဟာ မတူညီတဲ့ အမိန့်ပေး ညွှန်ကြားမှု စနစ်အောက်မှာ လှုပ်ရှားကြပါတယ်။ဒါပေမဲ့အခုနှစ် မတ်လ၊ မင်းအောင်လှိုင်က သမ္မတအဖြစ် ကျမ်းသစ္စာ မကျိန်ဆိုခင်မှာတင် တော်လှန်ရေး အင်အားစုတွေကြား နိုင်ငံရေးနဲ့ စစ်ရေး လှုပ်ရှားမှုတွေကို ပူးပေါင်း အကောင်အထည်ဖော်မယ့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင် ကောင်စီ (SCEF) ပေါ်ထွန်းလာပါတယ်။

SCEFကို NUGနဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRHP)၊ ပြီးတော့ အားကောင်းတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသား တပ်ဦး (CNF)တို့ ပူးပေါင်း ထူထောင်ထားပါတယ်။

SCEFရဲ့အဓိက ဦးဆောင်မှုမှာပါဝင်နေသူ KNU ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်း၊ NUGရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ဟာ ဩဂုတ်လမှာ ဂျပန်ကို သွားရောက်ခဲ့ပါတယ်။ အဲဒီအခါ ယူမီယူရီရှင်ဘွန်း သတင်းဌာနနဲ့ ၂ ရက်အတွင်း ၄ နာရီကြာအောင် အချိန်ယူခဲ့တဲ့ အင်တာဗျူးမှာ SCEF ခေါင်းဆောင်တွေဟာ အနာဂတ် စီမံကိန်းတွေနဲ့ ပတ်သက်လို့ မှတ်ချက်ပေး ဆွေးနွေးခဲ့ကြပါတယ်။ အောက်မှာ ဖော်ပြထားတာကတော့ အင်တာဗျူးမှာ SCEF ခေါင်းဆောင်ပိုင်းနှစ်ဦး ဖြေကြားထားတဲ့ ကောက်နုတ်ချက် တချို့ ဖြစ်ပါတယ်။

မေး- SCEFကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်က ဘာပါလဲ။

SCEF-တော်လှန်ရေးဖက်မှာ ခိုင်မာစည်းလုံးတဲ့ စုဖွဲ့မှုရှိကြောင်း ကျွန်တော်တို့ ပြချင်ပါတယ်။ တစ်ဖွဲ့ချင်းစီ တိုက်ခိုက်နေမယ့်အစား တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြန့်ကျက်တဲ့ စစ်ရေး မဟာဗျူဟာမျိုးကို SCEF အနေနဲ့ ဖော်ဆောင်နိုင်မှာပါ။ ပြီးတော့ ကျွန်တော်တို့ရဲ့ ချိတ်ဆက် ဆောင်ရွက်မှုတွေနဲ့ အမိန့်ပေး ညွှန်ကြားမှု ပုံစံတွေကို စုစည်းနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆွဲကိုင်ထားတာကတော့ ‘တစ်ခုတည်း​သောမူဝါဒ၊ တစ်ခုတည်း​သောမဟာဗျူဟာ’ ပဲဖြစ်ပါတယ်။တစ်နည်းအားဖြင့် စစ်တပ်ကို တိုက်တာပဲဖြစ်ဖြစ်၊ ညှိတာပဲဖြစ်ဖြစ် တစ်ဖွဲ့ချင်း မလုပ်ဘူး၊ စုပေါင်းပြီး လုပ်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

မေး-SCEFရဲ့ အနာဂတ် အစီအစဉ်တွေက ဘယ်လိုပါလဲ။

SCEF- ပြည်တွင်းပြည်ပ အရင်းအမြစ်တွေဆီကနေ စစ်ဆင်ရေး ရန်ပုံငွေ ဒေါ်လာ သန်း ၃၀၀ လောက်ထိ မြှင့်တင် စုဆောင်းသွားပါမယ်။ ပြည်ပမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား ခန့်မှန်းခြေ ၁၀ သန်းလောက် ရှိပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်ဟာ သူတို့ထဲက ၁၀ ရာခိုင်နှုန်းလောက်ဆီက အနည်းအကျဉ်း ထည့်ဝင်မှုမျိုးနဲ့တောင်ဖြည့်ဆည်းဖို့ လုံလောက်နိုင်ပါတယ်။ ပြီးတော့ ဒီလုပ်ဆောင်မှုက ပြည်သူတွေဟာSCEFကိုလိုလား ထောက်ခံကြတယ်ဆိုတာ နိုင်ငံတကာ အစိုးရတွေကို ပြသပြီးသား ဖြစ်လာစေပါလိမ့်မယ်။ ဒေါ်လာ သန်း ၃၀၀ကိုတိုင်းရင်းသားတပ်တွေနဲ့ တခြားအဖွဲ့တွေကြား ညီတူညီမျှ ခွဲဝေပေးလိုက်မှာတော့ မဟုတ်ပါဘူး။ မဟာဗျူဟာ ဦးစားပေး လိုအပ်ချက်အလိုက် ခွဲဝေ အသုံးပြုမှာပါ။

မေး- SCEFကို တခြားအဖွဲ့တွေ ပူးပေါင်းလာနိုင်ခြေကရော ဘယ်လိုရှိပါသလဲ။

SCEF-နိုင်ငံအနှံ့က တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ လူမြင်ကွင်း နောက်ကွယ်မှာ ညှိနှိုင်းဆွေးနွေးတာတွေ ကျွန်တော်တို့ လုပ်နေပါတယ်။ ဒါပေမဲ့ နာမည်တွေကိုတော့ လောလောဆယ် ကျွန်တော်တို့ ထုတ်မပြောနိုင်သေးပါဘူး။ SCEFရဲ့ လုပ်ရည်ကိုင်ရည် မှတ်တမ်းကောင်းနဲ့ စုစည်းညီညွတ်မှုကို လက်တွေ့ ပြနိုင်မယ်ဆိုရင် ပူးပေါင်းပါဝင်မယ့် အစုအဖွဲ့ကလည်း တိုးလာနိုင်ပါတယ်။

မေး-ဂျပန်ဆီက ဘာတွေ အကူအညီတောင်းချင်သလဲ။

SCEF-ဒီမိုကရေစီ အင်အားစုတွေ အောင်ပွဲခံနိုင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ တစ်နှစ်၊ နှစ်နှစ်အတွင်း ပြန်လည် တည်ငြိမ်လာနိုင်ပါတယ်။ အဲဒီအချိန်ထိတော့ ပြည်တွင်းရောက် ဂျပန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ဆက်ပြီး ရှိနေပေးကြဖို့တောင်းဆိုချင်ပါတယ်။လက်ရှိမှာမြန်မာဆီ တရားဝင် ဖွံ့ဖြိုးရေး အကူအညီတွေ ပေးအပ်မှုကိုလည်း ဆက်ပြီး ဆိုင်းငံ့ထားဖို့ ဂျပန်အစိုးရကို တိုက်တွန်းပါတယ်။

မေး-ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီး ချုပ်နှောင် ခံထားရတာနဲ့ ပတ်သက်လို့ရော ဘယ်လို မြင်ပါသလဲ။

SCEF-မင်းအောင်လှိုင်ကတော့ သူ့ကို အဆုံးထိ ပြန်လွှတ်ပေးမယ်လို့ မထင်ပါဘူး။ အရင် စစ်အစိုးရ စိတ်တိုင်းကျ ဖန်တီးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ အောက်ကနေ ကျွန်တော်တို့ဟာ နိုင်ငံကို တည်ဆောက်လို့ မရပါဘူး။ ဖက်ဒရယ် နိုင်ငံသစ်တစ်ခု ပေါ်ထွန်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလက်တွဲ အလုပ်လုပ်ဖို့ လိုပါတယ်။ ။

အာဏာသိမ်း စစ်တပ်ဟာ အုပ်ချုပ်မှု ယန္တရားကို ပုံစံပြောင်းလိုက်ပေမယ့် အခြေခံ အနှစ်သာရကတော့မူလအတိုင်းဆက်ရှိနေပါတယ်။ ဧပြီလမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတ ရာထူးကို ရယူခဲ့ပြီး သူ့ရဲ့ အစိုးရအဖွဲ့ ဆိုတာကလည်း အရင် ထိပ်တန်း စစ်ဗိုလ်ချုပ်ဟောင်းတွေ ပြည့်နှက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ လိုလားတဲ့ ပါတီတွေကို ရည်ရွယ်ချက်ရှိရှိ ဖယ်ရှားထားတဲ့ ရွေးကောက်ပွဲ အပြီးမှာတော့ စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)ရဲ့ကိုယ်စားလှယ်တွေ၊စစ်တပ်က ခန့်အပ်တဲ့ အမတ်တွေက လွှတ်တော်ကို လွှမ်းမိုးသွားပါတယ်။

တကယ်တမ်း စစ်တပ်ကပဲ ခြယ်လှယ်နေတာဖြစ်တဲ့ အဲဒီ အုပ်ချုပ်မှု ပုံစံသစ်မှာ မင်းအောင်လှိုင် အငမ်းမရ လိုချင်နေတာကတော့ နိုင်ငံတကာက ‘တရားဝင် အစိုးရ’ပါလို့ အသိအမှတ် ပြုလိုက်တာကိုပါပဲ။ အဲဒီအတွက်လည်း မင်းအောင်လှိုင်ဟာ ပလဲနံပသင့်တဲ့ နိုင်ငံတွေဆီ ဆက်တိုက် အလည်အပတ် ခရီးစဉ်တွေ သွားရောက်ခဲ့ပါတယ်။ မေလကနေ စက်တင်ဘာအထိ အတောအတွင်း သူဟာ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှား၊ ဘီလားရုစ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံတွေဆီ ခရီးတွေ ဆက်တိုက် ထွက်ခဲ့ပါတယ်။ သူဟာ အဲဒီနိုင်ငံတွေအတွက် မြန်မာဖက်က ပေးအပ်နိုင်မယ့် စီးပွားရေးနဲ့ လုံခြုံရေး အကျိုးခံစားခွင့်တွေကို မက်လုံးပေးပြီး ဆက်ဆံရေး ပိုအားကောင်းအောင် ရည်ရွယ်ပုံ ရပါတယ်။

တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့တဲ့အခါ မင်းအောင်လှိုင်ဟာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ ဆိပ်ကမ်းတစ်ခု တည်ဆောက်ဖို့၊ အဲဒီဆိပ်ကမ်းကိုတရုတ်ပိုင်ယူနန်ပြည်နယ်နဲ့ ဆက်သွယ်တဲ့ ရထားလမ်း တည်ဆောက်ဖို့ ထပ်ပြီး အာမခံခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ အိန္ဒိယ သမုဒ္ဒရာဖက်ကနေ တရုတ်ဆီ သဘာဝ သယံဇာတတွေ တင်သွင်းနိုင်မယ့် လမ်းကြောင်းတစ်ခု သေချာပေါက် ရှိနေစေဖို့ ဖြစ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့တဲ့အခါ မင်းအောင်လှိုင်က ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံဖို့၊ မြန်မာနိုင်ငံ တောင်ပိုင်းက ထားဝယ်မြို့မှာ ဆိပ်ကမ်းနဲ့ ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့ပြန်ပါတယ်။ Asia Inside Reviewမှာ နှစ်ဆန်းပိုင်းက ဖော်ပြထားမှုအရ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အင်ဒို-ပစိဖိတ် ရပ်ဝန်းအတွက်ပါ ခြိမ်းခြောက်မှု တစ်ခုအဆင့်ထိ ကျယ်ပြန့်လာနိုင်ခြေတွေလည်း ရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာစစ်တပ်ဟာ အရှေတောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကိုလည်း ပိုပြီး ပြင်းပြင်းထန်ထန် ဖိအားပေးလာနေပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် အာဆီယံဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အဖွဲ့ဝင် နိုင်ငံတွေ စုပေါင်းဆုံးဖြတ်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာဖို့ မြန်မာစစ်တပ်ကို တောင်းဆိုခဲ့ပါတယ်။ အဲဒီအချက်တွေထဲမှာ တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ညှိဖို့ စတာတွေ ပါဝင်ပြီး အဲဒီ တောင်းဆိုမှုကတွေကို မဖြည့်ဆင်းသ၍ အာဆီယံရဲ့ ထိပ်သီးအဆင့် ဆွေးနွေးပွဲတွေမှာ မြန်မာ့နိုင်ငံရေး ကိုယ်စားလှယ် တက်ရောက်ခွင့်ကို ဆိုင်းငံ့ထားခဲ့ပါတယ်။

အခုတော့ ထိုင်းဟာ မင်းအောင်လှိုင်ရဲ့ ပုံစံပြောင်း စစ်အစိုးရကို မြန်မြန်ဆန်ဆန်အသိအမှတ် ပြုလိုက်ပြီး အာဆီယံ ထိပ်သီး အစည်းအဝေးတွေနဲ့ တခြားဖိုရမ်တွေမှာ မြန်မာ ပြန်လည် ပါဝင်လာနိုင်အောင် ပေါင်းကူး ညှိနှိုင်းပေးဖို့ ကြိုးစားနေပါတယ်။နယ်စပ်က မတည်ငြိမ်မှုတွေက နိုင်ငံရဲ့ လူ့အဖွဲ့အစည်းအပေါ် သက်ရောက် ထိခိုက်နိုင်တာကြောင့် ထိုင်းဟာ မြန်မာနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ဖို့ လိုလားလေ့ ရှိပါတယ်။

ဗီယက်နမ်ဟာ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး နည်းပညာ ကဏ္ဍလိုမျိုးအတွက် ရင်းနှီးမြှုပ်နှံထားသလို စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်။ ကမ္ဘောဒီးယားနဲ့ လာအိုကလည်း မြန်မာနဲ့ နီးကပ်မှု ရှိပါတယ်။

စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ တခြားအာဆီယံ နိုင်ငံတချို့ကတော့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်တပ်က မဖြစ်မနေ အကောင်အထည် ဖော်ပြရမယ့်စည်းမျဉ်းလို့သဘောထား သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ အရပ်သား အစိုးရယောင် ဆောင်ထားတဲ့ မင်းအောင်လှိုင်ကတော့ အဲဒီ တောင်းဆိုချက်မျိုးဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မြောက်တယ်လို့ စွပ်စွဲပြီး တရားမဝင်ဘူးလို့ တုံ့ပြန်ထားပါတယ်။ နောက်ပြီးကိုယ်ပိုင်ဦးဆောင်မှုအောက်မှာအာဆီယံနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားသွားမယ်ဆိုပြီး တင်းမာတဲ့ ရပ်တည်မှု သဘောထားကိုလည်း အာဏာသိမ်း စစ်တပ်ဖက်က ပြသခဲ့ပါတယ်။

သဘောကတော့ အာဏာသိမ်း စစ်တပ်ဟာ ရင်းနှီးတဲ့ နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုကို အခြေခံပြီး အာဆီယံထဲမှာ ဖြည်းဖြည်းချင်းစီ လူရာပြန်ဝင်မယ်လို့ မျှော်လင့်ထားပုံပါပဲ။

စစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ အပစ်ရပ်ဖို့ ကမ်းလှမ်းထားပေမယ့် လက်တွေ့မှာတော့ ကချင်၊ ကရင်၊ ရခိုင်နဲ့ တနင်္သာရီတိုင်းတို့မှာ တိုက်ခိုက်မှုတွေကို အရှိန်မြှင့်နေပါတယ်။ ရန်ကုန်မှာ နေထိုင်ပြီး စစ်တပ်ရဲ့ အတွင်းပိုင်း လုပ်ပုံကိုင်ပုံတွေကို ကောင်းကောင်း သိနေတဲ့ မိတ်ဆွေတစ်ယောက်ကတော့ အခြေအနေတွေက တင်းမာနေဆဲလို့ စာရေးသူကို ပြောပြပါတယ်။ တချို့နေရာတွေမှာ ပြည်တွင်းစစ်မီး ငြိမ်သက်နေပေမယ့် စိုးရိမ်စရာ အဆင့်နဲ့ ပေါက်ကွဲထွက်မယ့် အဆင့်ကြားမှာ တဝဲလည်လည် ရှိနေဆဲလို့ သူက ဆိုပါတယ်။

ပြီးတော့ စစ်တပ်ဟာ အမေရိကန်နဲ့ ဥရောပလို အနောက်နိုင်ငံတွေ၊ ဂျပန်လို နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်း ထူထောင်ချင်နေတယ် ဆိုတာကလည်း သံသယရှိစရာ မလိုဘူးလို့ သူက မှတ်ချက်ပေးပါတယ်။

အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို တကယ်တမ်း မြှင့်တင်ချင်တယ်ဆိုရင် စစ်တပ် လုပ်ရမှာက ပြည်သူတွေအပေါ် ဖိနှိပ်ဗိုလ်ကျမှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ အစုအဖွဲ့ပေါင်းစုံ ပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ စတင်ဖို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးပြီးချင်းမှာပဲ မြန်မာစစ်တပ်နဲ့ ဆက်သွယ်နိုင်တဲ့ လမ်းကြောင်းတွေ ရှိပါတယ်လို့ ဂျပန်အစိုးရက ပြောခဲ့ပေမယ့် လက်တွေ့ လွှမ်းမိုးနိုင်တာတော့ မဟုတ်ပါဘူး။ SCEFနဲ့ စစ်တပ်ကြားမှာ မြန်မာပြည်သူတွေက ဘယ်ဖက်ကို ထောက်ခံ အားပေးသလဲဆိုတာကအရမ်းပြတ်သား ထင်

ရှားပါတယ်။ ဂျပန်အစိုးရဟာ လူသားချင်း စာနာမှု အကူအညီတွေ ပေးနေရုံတင် မကဘဲ SCEF၊ မြန်မာပြည်သူတွေနဲ့ အကြိမ်ကြိမ် ထိတွေ့ ဆွေးနွေးမှုတွေလုပ်ဆောင်ရင်းငြိမ်းချမ်းရေး လမ်းကြောင်းကို မမှိတ်မသုန် ကူညီလျှောက်လှမ်းဖို့ လိုပါတယ်။ ။

(Yomiuri Shimbun သတင်းဌာန၏ Myanmar Pro-Democracy, Minority Forces Unite in Bid to Overthrow Military Regime ဆောင်းပါးကို People’s Springက ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

ဆက်စပ်သတင်းများ

သတင်း

မြန်မာနွေဦးတော်လှန်ရေးအပြီးသတ်အောင်ပွဲရရှိဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရုန်းကန်ကြိုးစားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ လုပ်ဆောင်မှု​တွေကို ထောက်ခံကြောင်း အကျဉ်းထောင်တခုမှာ အကျဉ်းကျခံနေရတဲ့ တော်လှန်ရေးရဲဘော်တွေက သဘောထား ကြေညာချက်ကို ​ထောင်အတွင်းမှစာ​ရေးသား ထုတ်ပြန်လိုက်ပြီး SCEFကို ပံ့ပိုးကူညီကြဖို့ အတူလက်တွဲဆောင်ရွက်ကြဖို့ ​တော်လှန်​ရေးအင်အားစု​တွေကိုတိုက်တွန်းထားပါတယ်။

သတင်း

စစ်မှန်တဲ့ လွတ်လပ်မှုနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းရေးကြိုးပမ်းနေချိန်ဖြစ်လို့ ညီညွတ်စွာ ဝိုင်းဝန်းကြိုးပမ်းကြဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ခေါင်းဆောင်တွေက တိုက်တွန်းပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

Trending

Facebook