အောက်တိုဘာ-၇၊၂၀၂၆။ခိုင်မြတ်/People’s Spring
စစ်တွေမြို့နယ်ရှိ ပါဒလိတ်တပ်ရင်းအနီး အမြင့်ကျွန်းဝန်းကျင် နဲ့ ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်တို့ မှာ ဒီနေ့ တရက်လုံးတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အထိနာတာကြောင့် လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၇ ရက်မနက်အစောပိုင်း ၅ နာရီဝန်းကျင်ကနေ ညနေ ၉ နာရီဝန်းကျင်ထိ တစ်နေကုန်တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာ ဖြစ်ပြီး အမြင့်ကျွန်းတိုက်ပွဲမှာ စစ်တပ်က သေဆုံးသူ ဆယ်နဲ့ချီ ရှိပြီးအထိနာနေတယ်လို့ စုံစမ်းသိရပါတယ်။
“အမြင့်ကျွန်းရဲစခန်းနား၊ ရွာနားကကောင်တွေ အထိနာတယ်။ရွှေမင်းဂံဘက်မှာလည်း ကိုယ့်ဘက်က တိုက်နေ တယ်။တိုက်ပွဲကတော့ တရက်လုံးပြင်းထန်တယ်။ကိုယ့်ဘက်ကလည်း အထိအခိုက်ရှိပေမယ့် အသာရတယ်လို့ ပြောနိုင်တယ်” လို့ မြေပြင်မှာရှိနေတဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
တိုက်ပွဲအခြေအနေအသေးစိတ်ကို ထုတ်ပြောလို့မရပေမယ့် အမြင့်ကျွန်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က ၂၀ ထက် မနည်း သေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ ရွှေမင်းဂံရေတပ်စခန်းအနီးတိုက်ပွဲကတော့ ပြင်းထန်နေတုန်းဖြစ်တာ ကြောင့်စစ်တပ်ဘက်က သေ
ဆုံးအရေအတွက်တွေကို မသိနိုင်သေးဘူးလို့ ပြောပါတယ်။
တိုက်ပွဲတွေအထိနာနေတဲ့ စစ်တပ်ဟာ ရွှေမင်းဂံရေတပ်စခန်းအနီး ကုလားတန်မြစ်ပေါ်ရှိ စစ်သေင်္ဘာတွေ၊ မြို့ပေါ်တပ်ရင်းတွေကနေ ပေါက်တောမြို့နယ်ဘက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်သလို တိုက်လေယာဉ်၊ ထောက်ပို့လေယာဉ် Y12 တို့နဲ့လည်း ပစ်ခတ်နေတယ်လို့ သိရပါတယ်။
“ဒီနေ့တရက်လုံးလက်နက်ကြီးသံ၊ လက်နက်ငယ်သံကြားရတယ်။လေယာဉ်ဆိုရင်ရေတွက်လို့မရတော့ဘူး အစီး တဆယ်ကျော်၊ နှစ်ဆယ် ရှိတော့မယ် မနက်ကတည်းကဆိုရင်၊ ခုနကလည်း Y12 တစီးနဲ့ ပတ်ချသွားတယ်။ဘယ်နားတွေကျလဲမသိဘူး”လို့ ပေါက်တောမြို့နယ်မှ ဒေသခံတဦးကညနေ ၉ နာရီဝန်းကျင်မှာပြောပါတယ်။
စစ်တပ်ဟာစစ်တွေမြို့နယ်နဲ့အစပ်ကုလားတန်မြစ်လယ်ကျွန်းပေါ်ရှိငပြီကျွန်းကျေးရွာတွေနဲ့ မြစ်ကမ်းစပ်ရွာတွေ ကို ဗုံးဆက်တိုက်ကြဲနေခဲ့တာဖြစ်ပြီး အရပ်သားတွေ ထိခိုက်၊ သေဆုံးမှုရှိနိုင်တယ်လို့ ပေါက်တောဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့အစပ် ပုဏ္ဏားကျွန်းမြို့နယ်ကိုလည်း ဒီနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့သေးတယ် လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက ပြောပါတယ်။ “ဒီည အိပ်ပျော်မှာ မဟုတ်တော့ဘူး။ လေယာဉ်တွေတစီးပြီး တစီးတက်နေတာ။အခုထိလေယာဉ်တွေ တက်နေတုန်း”လို့သူကပြောပါတယ်။
အာရက္ခတပ်တော်(AA)ဟာ စစ်တွေမြို့မြောက်ဘက်ရှိ အမြင့်ကျွန်း၊ အရှေ့ဘက်ရှိ ရွှေမင်းဂံရေတပ်စခန်းအနီးတို့ မှာ ထိုးစစ်ဆင်နေသလို မြို့အနောက်ဘက်ခြမ်း ရေချမ်းပြင်၊ ကြွီတဲရွာဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကိုလည်း တိုက်ခိုက်နေပြီး ရေချမ်းပြင်အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတာ သုံးရက်ဆက်တိုက်ရှိပြီဖြစ်ပါတယ်။
ရေချမ်းပြင်အနီးဝန်းကျင် အခုတိုက်ပွဲဖြစ်နေတဲ့နေရာနဲ့မလှမ်းမကမ်းမှာစစ်တပ်ရဲ့ ထောက်ပို့တပ်၊ ဆေးတပ်နဲ့ အ မြောက်တပ်ရင်းတို့ တည်ရှိပါတယ်။
စစ်တွေမြို့ရဲ့ အနောက်ဘက် ရသေ့တောင်၊ မြောက်ဘက်ပုဏ္ဏားကျွန်း၊အရှေ့ဘက်ပေါက်တောမြို့နယ်တို့ကို သိမ်းပိုက်ထားတဲ့ AA ဟာ စစ်တပ်ရဲ့ ပြည်နယ်မြောက်ပိုင်းရှိ နောက်ဆုံးလက်ကျန် စစ်တွေမှ စစ်တပ်စခန်းတွေကို ဝန်းရံပိတ်ဆို့၊ တိုက်ခိုက်နေတာဖြစ်ပါတယ်။
ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၅၁ ဦး သေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရခဲ့တဲ့ စစ်တပ်ရဲ့ ကျောက်တော်မြို့ဗုံးကြဲမှုအပြီးမှာ AA ဟာ ထိုးစစ်အရှိန်ကို မြှင့်လိုက်တာဖြစ်ပါတယ်။
စစ်တပ်ကတော့ အထိနာတာနဲ့အတူ စစ်ရှောင် စခန်းတွေ၊ ဆေးခန်းတွေ၊ စျေးတွေစတဲ့ အရပ်သားနေရာတွေကိုပါ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ရက်ဆက် ဗုံးကြဲ၊ ပစ်ခတ်နေပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစပြီး တန်ပြန်ထိုးစစ်ဆင်နေခဲ့တာ တလကျော်ရှိပြီဖြစ်ပါတယ်။ တလကျော်ပေမယ့် AA စခန်းတခုမှ မသိမ်းနိုင်ဘဲ AA ကသာ စစ်တပ်စခန်းတွေကို ပြန်သိမ်းနေသလို အခုရက်ပိုင်းမှာ ခုခံစစ်ကနေထိုးစစ်အသွင်နဲ့ ပြန်လည်တိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ သတင်းမှားတွေနဲ့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးတလကျော်ကာလအတွင်း စစ်တွေမြို့ နယ်အတွင်းက တပ်စခန်း ၉ ခု၊ ကျောက်ဖြူမြို့နယ် အတွင်းက ၁ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၁ ခု ၊ စုစုပေါင်း တပ်စခန်း ၁၁ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီး ဖြစ်ပြီး အကျအဆုံးတွေလည်း ရာချီ ရှိနေပြီဖြစ်တယ်လို့ မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။



















































