သျှိသျှား ရေးသားသည်။
ဒီအမှုကို ကျုပ် မပေါ်၊ ပေါ်အောင် လိုက်မယ်။ ဒါ…ပေါ့လို့မရဘူး။ကျုပ်တို့ချစ်တဲ့ တပ်မတော်ရဲ့ဂုဏ်၊ သိက္ခာ၊ သမာဓိကို ချေးလူးထားတဲ့တုတ်နဲ့ဝိုင်းထိုးနေကြတာပဲ။ ဒီတော့ ကျုပ်ထပ်ပြောမယ်။ ဒီအမှုကို ကျုပ် မပေါ်၊ ပေါ် အောင်လိုက်မယ်။ အရိုးကြေကြေ၊ အရည်ခမ်းခမ်း ဂိတ်ဖျားကနေ ဂိတ်ဆုံးအထိ လိုက်ရမှာပဲ။
ဒီလိုကြွေးကြော်ပြီးနောက် လော်ဘီငတေတစ်ယောက် သူ့ရဲ့ “ပေါ်တာဆွဲတာ ဘယ်သူလဲ” စုံစမ်းထောက်လှမ်းရေး ခရီးစဉ်ကြီးကို စတင်လိုက်ပါတယ်။ ဒီခရီးစဉ်တစ်လျှောက်မှာ The Mask Singer အဖွဲ့ရဲ့ “ဘယ်သူလဲ…ဘယ်သူလဲ …ဘယ်သူလဲ” ဆိုတဲ့ အော်သံတွေကို နောက်ခံအဖြစ်ထည့်ပေးထားမယ်ဆိုရင် ခရီးစဉ်က ပိုမြိုင်ပါလိမ့်မယ်။
သူ့ခရီးစဉ်ကိုအင်းစိန်မြို့နယ်တညင်းကုန်းရပ်ကွက်ကနေ စပါတယ်။အဲဒီ့မှာအရန်မီးသတ်အရာရှိကလူငယ်တွေကို အိမ်ထဲမှာထည့်ဖမ်းထားတယ်ဆိုတဲ့သတင်းကြားလို့ပါ။ဟိုရောက်တော့ လူငယ်တွေကို ဖမ်းထားတယ်လို့ဆိုတဲ့ အရန်မီးသတ်အရာရှိနဲ့အပေါင်းအပါကို ရဲနဲ့ စစ်သားတွေကပြန်ဖမ်းထားတာတွေ့ပါတယ်။ မျက်နှာဆီးရွက်လောက်သာရှိတော့တဲ့ တညင်းကုန်းအုပ်ကြီးဆိုသူကိုလည်း အဲဒီမှာတွေ့ပါတယ်။

Public Service Announcement
အဲဒီ ဖမ်းထားတဲ့မီးသတ်အရာရှိနဲ့ အုပ်ကြီးအနား ငတေ အသာတိုးကပ်သွားချိန်မှာပဲ ရဲတစ်ယောက်က လာရောက် ဟန့်တား မောင်းထုတ်ပါတယ်။ “ပေါ်တာဆွဲတဲ့သူဘယ်သူလဲဆိုတာလေးပဲသိချင်ရုံပါ”လို့လေသံပျော့ပျော့နဲ့ အဲဒီ ရဲကိုပြောပြတော့ ရွှေပြည်သာအုပ်ကြီးသိတယ် သူ့သွားမေး။ ဒီမှာလာမရှုပ်နဲ့လို့ ခပ်ဆတ်ဆတ်ပြောလွှတ်လိုက်တာ ကြောင့် အသာလစ်ထွက်လာခဲ့ပါတယ်။ မလစ်လို့လည်းမရဘူးလေ။ သူတို့ လက်ထဲမှာက ဗျောက်ကြီးတွေနဲ့ကိုး။
ဟုတ်လည်းဟုတ်ပါတယ်။ အုပ်ကြီး၊ မီးသတ်အရာရှိ၊ စစ်သားနဲ့ ရဲဆိုတဲ့ သူ့တို့ဟာနဲ့သူတို့ ပတ်ရှာလှည့်ပြီး ရှင်းမရ အောင် ရှုပ်နေတဲ့ဆီ လော်ဘီငတေက ထပ်သွားရှုပ်ချင်တာကိုး။ နှင်လွှတ်တာ နည်းတောင်နည်းသေးလို့ ဆိုရမယ်။ ဒီလိုနဲ့ ရွှေပြည်သာအုပ်ကြီးဆိုတာ ပေါ်တာလာဆွဲရင် ခုခံပြန်ချဖို့ လိုင်းပေါ်တက်အော်တဲ့အုပ်ကြီးကို ပြောတာဖြစ်မယ်လို့တွေးရင်းအဲဒီဘက်ကိုလော်ဘီငတေခပ်သွက်သွက်ထွက်လာပါတယ်။ သူ့ရဲ့ပထမဆုံးမစ်ရှင်ကတော့ ဖေးခဲ့တာပေါ့။
တွေ့ပါပြီ။ အွန်လိုင်းပေါ်မှာကြည့်လိုက်ရတဲ့ ရွှေပြည်သာအုပ်ကြီးရဲ့ ရုံးခန်း။ ခပ်တည်တည်ပဲ ရုံးခန်းထဲဝင်သွားတော့ Tiktok ရိုက်နေတဲ့ အုပ်ကြီးနဲ့တည့်တည့်တိုးပါတယ်။ လော်ဘီငတေကိုမြင်တော့ အုပ်ကြီးက “ဘာကိစ္စရှိလို့လဲ”လို့ မျက်နှာထားတည်တည်နဲ့ ခရီးဦးကြိုပြုပါတယ်။
“လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ရွှေပြည်သာမြို့နယ် ဘိုရှည်ကုန်းကျေးရွာက အုပ်ကြီး ဝင်းဇော်ဆိုတာလားဗျ”လို့ လော်ဘီငတေက မေးလိုက်တဲ့အခါ “ဟုတ်တယ်”လို့ ခပ်ပြတ်ပြတ်ဆိုပါတယ်။ဒီတော့“ကျွန်တော်က တပ်မတော် ကို အသွေးထဲ၊ အသားထဲ၊ အရိုးထဲကချစ်တဲ့ တပ်ချစ်လော်ဘီငတေပါ။ အခု သတင်းတွေထွက်နေတဲ့ ပေါ်တာဆွဲ တာတွေနဲ့ပတ်သက်ပြီး ဘယ်သူတွေက ဆွဲနေသလဲဆိုတာလေး သိချင်လို့ လာမေးတာပါ”လို့ ပြောလိုက်ပါတယ်။ လိုင်းပေါ်မှာ အာပေါင်အာရင်းသန်သန်နဲ့ပြောခဲ့တဲ့ အုပ်ကြီးက ဒီအမေးစကားကို ကြားတော့ ပါးစပ်ရှေ့ လက်ညှိုး ကန့်လန့်ထောင်ပြပြီး အသာလက်ယက်ခေါ်တာကြောင့် သူအနားတိုးသွားလိုက်ပါတယ်။
“ဒီကိစ္စ တိုးတိုးပြောပါ။ လိုင်းပေါ်မှာ အော်ခဲ့လို့ အခု သတိပေးချက်ထိထားလို့ပါ။ ပေါ်တာဘယ်သူဆွဲသလဲသိချင်ရင်ဟောဒီနားက တညင်းကုန်း စစ်သားစုဆောင်းရေးတပ်ဆီမှာ သွားစုံစမ်းလိုက်။ သတိတော့ထား လူလိုနေတယ်” ဆိုပြီး အုပ်ကြီးက အသံထွက်တယ်ဆိုရုံ လေသံလေးနှိမ့်ပြောလာပါတယ်။
စုံစမ်းခိုင်းတာကတော့ဟုတ်ပါပြီ။“သတိထားလူလိုနေတယ်”ဆိုတာကဘာစကားကြီးတုန်း။ ဒီစကားကြားမှ တလောက အဲဒီစုဆောင်းရေးတပ်နား တညင်းကုန်းလမ်းဆုံမှာ ခင်းကျင်းတဲ့ပွဲစျေးထဲကနေ မှောင်ရိပ်ခိုဆွဲစိသွား တာ အယောက် ၂၀ လောက်ရှိတယ်ဆိုတဲ့သတင်းစကားနဲ့အတူ ရန်ကုန်မှာ စက်တင်ဘာလ ၂ ပတ်အတွင်း ပေါ်တာ ဆွဲခံရသူ ၉၀ ကျော်ရှိတယ်ဆိုတဲ့သတင်းစကားတွေက အာရုံထဲရောက်လာပြီး ကျောတောင် နည်းနည်းစိမ့်ချင်လာ သလိုလို။ ဒါနဲ့ အုပ်ကြီးညွှန်တဲ့ဆီ မသွားတော့ဘဲ။ သာကေတဘက်ထွက်လာခဲ့လိုက်ပါတယ်။
သာကေတမှာက ပေါ်တာကိုယ်တွေ့ကြုံတဲ့ ကိုးတန်းကျောင်းသားလေး ရှိတယ်မဟုတ်လား။ စက်ဘီးစီးကျောင်း သွားနေချိန် လူတစ်စုက အဓမ္မပေါ်တာဆွဲဖမ်းဆီးဖို့ ကြံရွယ်ခံရတဲ့ကလေးပါ။ ထွက်ပြေးနိုင်လို့သာ လွတ်လာတာ လို့လည်း သိရပါတယ်။ အခုသူ့ဆီသွားမှာပါ။
သာကေတရောက်လို့ အဲဒီကိုးတန်းကျောင်းသားလေးနဲ့တွေ့ဖို့ကြိုးစားတာမှာလည်း မစ်ရှင်က ဖေးသွားရပြန်ပါ တယ်။ အကြောင်းကတော့ ငတေဟာ တပ်ချစ်သူပီပီ ဆံပင်ကေကအစ ရှေ့တစ်လက်မ နောက်ပြောင်ထားတာ ဆိုတော့ ကလေးက ငတေ့ကို မြင်တာနဲ့ လစ်ပြေးသွားလို့ပါ။ ဒီတော့လည်း နောက်ခရီးတစ်ခုဆက်တာပေါ့။ ဒီတစ် ခါ နေပြည်တော် လယ်ဝေးကိုပဲသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီကိုသွားချင်တာက စစ်သားနှစ်ယောက်မိခင် ဒေါ်ခင်ဌေးမြင့်ဆိုတဲ့ အမျိုးသမီးကြီးကို လုပ်ကျွေးသမှုပြုနေတဲ့ အငယ်ဆုံးသား ပေါ်တာဆွဲခံလိုက်ရတယ်။ ဗိုလ်မှူးကိုယ်တိုင်က လာဖမ်းတယ်ဆိုပြီး အွန်လိုင်းမှာ ခံရသူကိုယ်တိုင်က Liveလွှင့်ပြောထားလို့လေ။ဟိုရောက်ရင်တော့သူပြောတာတွေတကယ်ဟုတ်၊ မဟုတ် သိရတော့မှာပေါ့။ ဒါကြောင့် သွားချင်တာ။
လယ်ဝေးရောက်တဲ့အခါမှာလည်း မစ်ရှင်က ဖေးပြန်ပါတယ်။ အကြောင်းရင်းက အဲဒီတွေ့ဖို့ ကြိုးစားတဲ့စစ်သားတွေရဲ့မိခင်ကိုLive လွှင်ပြီး နောက်ရက်မှာပဲ စစ်တပ်က ဖမ်းသွားပြီဆိုတဲ့သတင်းဆိုးကသာ ကြိုနေလို့ပါ။တောက် လျှောက်ဆိုသလို ဖေးလာသမျှတော့ မထူးတော့ပြီမို့ ရှေ့နည်းနည်းတိုးပြီး နေပြည်တော်က ငတေချစ်တဲ့ အဘတွေ အများဆုံးစခန်းချရာ ပါတီဌာနချုပ်ရုံးဆီတန်းသွားလိုက်ပါတယ်။အဲဒီ့မှာဆို မေးစရာလူ မရှားဘူးမဟုတ်လား။
လက်သင့်တယ်ပြောရမယ် ဌာနချုပ်ထဲဝင်တယ်ဆိုရင်ပဲ အဘဘူးလက်ကြီးနဲ့တည့်တည့်တိုးပါတယ်။ ဒီတော့ သိလို တဲ့ “ပေါ်တာဆွဲတာ ဘယ်သူလဲ”ဆိုတဲ့မေးခွန်းကို အချိန်မဆိုင်းဘဲ တန်းမေးလိုက်ပါတယ်။ ဒီအခါအဘဘူးလက် က လက်ကာပြပြီး လောလောဆယ်မဖြေနိုင်သေးကြောင်း၊ သူ့မှာ Tiktok ရိုက်စရာ အကြွေးတွေနဲ့ လုံးလည်လိုက် နေတာမို့နောက်နှစ်ရက်သုံးရက်နေမှ အခြေအနေတစ်ခါလာပြန်ကြည့်ပါလို့ ပြောပါတယ်။
ဒီတော့လည်း နောက် တစ်ယောက်ပေါ့။ မင်းမကင်းမောင်မြင့်၊ အာဆီယံနံနံလှမြင့်စတဲ့အဘအတော်များများလည်း အဘဘူးလက်ကြီး လိုပဲ အကြောင်းအမျိုးမျိုးနဲ့ ပါးစပ်မအားသူချည်းဖြစ်နေပါတယ်။ တော်တော်လေးပါးစပ်အလုပ် လုပ်ကြတဲ့ အဘ တွေလို့လည်း မှတ်ချက်ပြုမိပါတယ်။ ခရီးရှေ့တစ်ဆင့်ထပ်တိုးဖို့ပဲ ရှိတော့တာပေါ့။
ဒီတစ်ခါတော့ ဦးတည်ရာက လေဆိပ်ပါ။ ဘာဖြစ်လို့ အဲဒီကိုရွေးသလဲဆိုရင် အခုတလော စစ်ဘက်၊ အရပ်ဘက် ထိပ်ပိုင်းခေါင်းရှောင် (အဲလေ) ခေါင်းဆောင်တွေဟာ အဲဒီနေရာမှာပဲ အချိန်အများစုကုန်နေလို့ပါ။ အကြောင်းက နိုင်ငံဒေါ်သံမဒကြီးကို ကြို/ပို့ လုပ်ပေးနေရလို့ပါ။
လေဆိပ်ရောက်တယ်ဆိုရင်ပဲ တပ်ချုပ်အသစ်ကျပ်ချွတ်ကြီး အဘဗိုလ်ဂျုတ်ဂျီးရဲဝင်းဦးနဲ့ တည့်တည့်တိုးပါတယ်။ ဒီကိုလာခဲ့တာ မှန်သွားပြီလို့လည်း စိတ်ထဲက တွေးမိပါတယ်။ ပေါ်တာဆွဲတာ စစ်တပ်ကမဟုတ်ကြောင်း သူလို တပ်မတော်အကြီးအကဲကြီးက ငြင်းပေးလိုက်မယ်ဆိုရင် ရှေ့မှာပြောခဲ့သလိုပဲ ငတေချစ်တဲ့တပ်မတော်ကို ချေးလူး တုတ်နဲ့ ဝိုင်းထိုးခဲ့သူတွေ နာပြီမို့ပါပဲ။
စိတ်စောစော၊ကိုယ်လောလောနဲ့ပဲတပ်ချုပ်သစ်ကြီးနားအသာကပ်“ပေါ်တာဆွဲတာဘယ်သူလဲ…အဘ”လို့အချိန်မဆိုင်းဘဲတန်းမေးလိုက်ပါတယ်။စိတ်လှုပ်ရှားနေတော့ အသံတောင် နည်းနည်းပိုကျယ်သွားပါတယ်။ဒီအခါ တပ်ချုပ်သစ်ကြီးက သူ့ပါးစပ်ကို လက်ညှိုးနဲ့ထိုးပြရင်း“ကွမ်းငုံထားလို့ သူ့ပါးစပ် မအားဘူး။စကားပြောမရဘူး”ဆိုတဲ့အဓိပ္ပာယ်ရတဲ့ လက်သင်္ကေတကို လုပ်ပြပါတယ်။ ပြီးတော့ ခပ်လှမ်းလှမ်းမှာ ရှိတဲ့ ၅၀၀၀ စားကနေ ၆၈၀၀ စား ပရိုမိုးရှင်းတက် လွှတ်တော်အုတ်ကထကြီး ဦးခင်ရီထံ လက်ညှိုးညွှန်ပါတယ်။
ဒါလည်းဖြစ်ပါသေးတယ်။ သူလည်း စစ်သားဟောင်းပဲလေဆိုပြီး အဲဒီလွှတ်အုတ်ကထကြီးထံ အသာချဉ်းကပ်သွား ပြီး အနားရောက်လို့ ပါးစပ်ဟရုံရှိသေး အကင်းပါးလှတဲ့ အုတ်ကထကြီးက လက်ကလေးအသာကာပြရင်း “မောင်မင်းသိလိုတဲ့အဖြေက တစ်ယောက်တည်းဆီမှာပဲရှိတယ်။ အဲဒါတို့အဘသံမဒကြီးပဲ”လို့ ဖြေရင်း သံမဒအိမ်တော် ဘက် လက်ညှိုးထိုးပြကာ “သွားလိုက်”လို့ တစ်ခွန်းတည်းဆိုပါတယ်။
ဒီလိုနဲ့ အဘသံမဒကြီးဆီသွားတွေ့ဖို့ ခြေလှမ်းပြင် လေဆိပ်ကနေအထွက်မှာ လက်နက်အပြည့်အစုံ တပ်ဆင် ထားတဲ့ တပ်မတော်သားတွေကို တရုတ်ထုတ် Faw ကားကြီးတစ်စီးနဲ့အတူ တွေ့လိုက်ရပါတယ်။ ပထမတော့ ထိတ်ခနဲ ရင်ခုန်သွားပေမယ့် ဒါဟာ အဘသံမဒကြီးခရီးစဉ်ရှိလို့ လုံခြုံရေးယူပေးတာပဲလို့ သဘောပေါက်လိုက်ရင်း ငတေချစ်တဲ့ တပ်မတော်သားတွေအတွက် အိတ်ထဲအသင့်ပါလာတဲ့ ကွမ်းယာ၊ ဆေးလိပ်နဲ့ ရေဘူးတွေကို အလျင် စလို ဆွဲထုတ်ရင်း သူတို့အနားသွားလိုက်ပါတယ်။
တစ်ပတ်ခန့်ကြားပြီးနောက် ရန်ကုန်မှာရှိနေတဲ့ လော်ဘီငတေရဲ့ မိန်းမဆီ စာတစ်စောင်ရောက်လာပါတယ်။စာကလမ်းဘေးတွေ့ရာစာရွက်ကို ကောက်ယူရေးထားဟန်ရှိပါတယ်။ စာရွက်ကအပိုင်းအစလေးသာဖြစ်ပြီးကြေမွနေလို့ပါ။အဲဒီစာရွက်ထဲက စာတွေက ပိုလို့တောင် ကြွေမွနေပါတယ်။ စာထဲမှာရေးထားတာက –
သို့/
ငတေချစ်ရတဲ့ မိန်းမ…
ငတေတော့ ပေါ်တာဆွဲခံလိုက်ရပြီး အခုစစ်သင်တန်းတက်နေရပါပြီ။ နောက်တစ်ပတ်လောက်နေရင် ရှေ့တန်း ထွက်ရပါမယ်။ ကချင်နဲ့ ရခိုင်ဘက် မပါဖို့ အမြန်ယတြာချေပေးပါ။
ကျုပ်တို့ရဲ့ သားနဲ့သမီးတွေကို သေချာစောင့်ရှောက်ပါ။ လူခြေတိတ်တိတ်၊ မတိတ်တိတ် လမ်းပေါ်ပေးမထွက်ပါနဲ့။ အထူးမှာချင်တာက စစ်ကားမြင်ရင် ဝေးဝေးရှောင်ခိုင်းပါ။ အနားသွားပြီး ကွမ်းယာ၊ ဆေးလိပ်ပေးကျွေးတာမျိုး လည်း လုံးဝမလုပ်မိပါစေနဲ့။ အိမ်စီးကား အနားထိုးရပ်လာတာတွေ့ရင် ဖဝါးနဲ့ တင်ပါး တစ်သားတည်းကျအောင် ပြေးပါလို့ သေသေချာချာမှာပါ။
နောက်ဆုံးမှာချင်တာကတော့ ပြန်လည်ကာ ဆုံဆည်းရဦးတော့မလိုလို ထင်ရုံပဲ။ဒီ့ထက်တော့ ရေရာလို့ မသေချာ နိုင်ဘူးအချစ်ရယ်…ငတေ့ကို…စောင့်လို့တော့နေရစ်ဦး။ ပြန်မလာရင် ထာဝရခွဲခြင်းလို့ မှတ်လိုက်ပါ။
ပုံ/
မိန်းမချစ်ရတဲ့ ငတေ



















































