သျှိသျှား ရေးသားသည်။
မြန်မာနိုင်ငံအလယ်ပိုင်း ကြပ်ပြေးဒေသမှာ “ဖွတ်တော်”တစ်ခု မကြာသေးခင်က ပေါ်ထွန်းလာတယ်လို့ ကြားသိရ ပါတယ်။ “မလုပ်ရဲတာ ဘာမှမရှိဘူး”ဆိုတဲ့ လက်ရဲဇက်ရဲလူမိုက်ဂွတိုတစ်ယောက် ရမ်းကားရာကနေ ပေါ်ပေါက် လာတာလို့လည်း သိရပါတယ်။
လွှတ်တော်ကို ဆိုလိုတာမဟုတ်လား။ စာလုံးပေါင်းမှားနေပြီလို့ မထင်လိုက်ကြပါနဲ့။ အခုဖွတ်တော်ဆိုတာက ဖွတ်တွေစုဝေးတိုင်ပင်ရာဌာနဖြစ်ပြီး လူစစ်စစ်တွေဖော်ဆောင်ခဲ့ကြတဲ့ လွှတ်တော်လိုမျိုးအတုခိုးထားတာသာဖြစ် ပါတယ်။ ဒီဖွတ်တော်ဟာ အခုမှပေါ်လာတာမျိုးတော့ မဟုတ်ပါဘူး။ သူ့ရှေ့ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကာလတုန်း ကလည်း ဒီလိုဖွတ်တွေစုဝေးကြတဲ့ ဖွတ်တော်တစ်ခုပေါ်ခဲ့ဖူးပါသေးတယ်။စီနီယာဖွတ်တော်လို့ခေါ်ဆိုနိုင်တာပေါ့။
ဒီဖွတ်တော်က ဖွတ်တွေကတော့ ဖွတ်ပိုစစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ စစ်တပ်ကသေနတ်ထောက်လုပ်တဲ့ရွေးကောက်ပွဲကနေ ဖွတ်တွေ ၊ စစ်သားတွေပဲ မဲပေးထားတဲ့ရွေးကောက်ပွဲတုက ရွေးထုတ်ထားတဲ့ ဖွတ်တွေမို့ပါ ။ သေနတ်နဲ့ ထောင်နဲ့ခြိမ်းခြောက်လို့ ပြည်သူစစ်က ပေးတဲ့မဲကနည်းနည်းလေးပဲရှိတာပါ။

Public Service Announcement
ဒီဖွတ်တော်တွေကနေ ဘာအလုပ် လုပ်သလဲဆိုရင် “ကျွဲ”ဖြစ်အောင် လုပ်ကြတာပါ။ နားရှုပ်သွားကြပြီထင်ပါတယ်။ “အများညီ ‘ဤ’ ကို ‘ကျွဲ’ဖတ်”ဆိုတဲ့စကားပုံထဲက “ကျွဲ”ကို ဆိုလိုတာပါ။ ဖွတ်တွေ စုဝေးကြပြီး သူတို့လိုချင်တဲ့ “ကျွဲ”မရရအောင် ဖွတ်တော်ထဲကနေ ပုံဖော်ကြမှာကို ဆိုလိုတာပါ။
လက်ရှိဖွတ်တော်စတင်ခဲ့တာအခုဆိုရက် ၁၀၀ ကျော်လာခဲ့ပါပြီ။ ဒီဖွတ်တော်ကိုတော့ ဖွတ်ကထကြီးခင်ရီကဦးဆောင်ထားပါတယ်။ ဖွတ်ကထကြီးခင်ရီရဲ့ ကိုယ်ရေးအကျဉ်းကို ဖော်ပြရမယ်ဆိုရင် သူဟာ ဗိုက်ထဲမှာ ကျည် ခုနစ်တောင့်မြိုထားသူဖြစ်သလို စကားကိုလည်း ရွေးကောက်ပွဲမတိုင်မီတစ်မျိုး၊ ရွေးကောက်ပွဲပြီးတစ်မျိုး၊ နှစ်မျိုး တည်းသာ ပြောတတ်သူရယ်လို့ ထင်ရှားပါတယ်။
ပြီးတော့သူဟာကြေးစားတစ်ယောက်ဖြစ်ပါတယ်။ဘယ်လို ကြေးစားလဲဆို နိုင်ငံရေးခြေထိုးပေးတဲ့ကြေးစားပါ။ အရင်တုန်းကတော့ ၅၀၀၀ စား။ အခုလက်ရဲဇက်ရဲလူမိုက် ဂွတို လက်ထက် ကုန်စျေးနှုန်းတွေတက်တော့ သူလည်း စျေးတက်သွားပါတယ်။ အခုတော့ ၆၈၀၀ စားပါ။ ဘယ်နိုင်ငံရေး မှာမဆို ဘယ်ပုံခြေထိုးပေးရမလဲ။ နောက်ကျောကို ဘယ်လိုဓားနဲ့ထိုးပေးရမလဲပြော အကုန်ရတဲ့ ခင်ရီ။
နေ့စားပုတ် ပြတ်နဲ့လမ်းပေါ် လူခေါ်ထုတ်ပေးရမလား အင်အားဘယ်လောက်လိုသလဲ အကုန်ဖြစ်တဲ့ ခင်ရီ။ နိုင်ငံရေးအောက်လုံး ဘယ်နှလုံးထိုးပေးရမလဲ လာထားခင်ရီ။ ခင်ရီဆိုတာ အဲဒီ့လိုတစ်ရီတည်းရှိတယ်။ နှစ်ရီရှိရင် အပေါင်ဆိုင်ပို့ပစ်မယ် ဆိုတဲ့ လူမျိုး။
ကဲ…သူ့အကြောင်း ဒီလောက်နဲ့ရပ်ပြီး သူ့ရဲ့ဖွတ်တော်အကြောင်း ဆက်ကြဦးစို့ရဲ့။ ဖွတ်ကထကြီးခင်ရီဦးဆောင်တဲ့ဖွတ်တော်က ပုံမှန်အစည်းအဝေးဆိုပြီး ကျင်းပခဲ့တာ နှစ်ကြိမ်ပြီးခဲ့ပြီ။ ဖွတ်တော်အကြောင်းဆိုပေမယ့် ဦးစွာ ထူးတာကို ပြောရရင် ဖွတ်ကထကြီးအကြောင်းက စရမှာပဲ။ “အားလုံးထိုင်နိုင်ပါပြီ” ဆိုတဲ့စကား ဘယ်သူကပြော ပေးရမယ်မှန်းမသိလို့ ဖွတ်ကထကြီးခင်ရီခမျာသူကိုယ်တိုင်ထိုင်ရမလို ထရမလိုကြီးဖြစ်ပြီးသူ့တပည့်ကို တိုးတိုး တိတ်တိတ်လေသံလေးနဲ့လှမ်းမေး။ ကံဆိုးချင်တော့ မိုက်ခရိုဖုန်းက ဖွင့်ထားလျက်သားဖြစ်။ အဲဒီထက်ပိုကံဆိုး ချင်တော့ ရုပ်သံကပါ Live က ပြူးပြူးကြီးလွှင့်ထားဆိုတော့ ဘာပြောကောင်းမလဲ။
“လာလာချင်းဆောက်နှင့်ထွင်း”ဆိုသလို ဖွတ်တော်မှ မစသေး ဖွတ်ကထကြေးစားလူမိုက်ခင်ရီတစ်ယောက် နိုင်ငံတစ်ဝန်းလှည်းနေလှေ အောင်းမြင်းဇောင်းမကျန်အကုန်သိတဲ့ ဆယ်လီတန်းဖြစ်တော့တာပဲ။
ဒါက အဖွင့်လှခဲ့တဲ့ခင်ရီ့ဇာတ်။ သူဦးဆောင်တဲ့ ဖွတ်တော်ထဲမှာ နေ့စားခမှန်မှန်ရတဲ့သူတွေရှိသလို နေစားခ မှန်မှန်မရလို့ ကန့်လန့်တိုက်သူတွေလည်းရှိတယ်။ ဒီအကြောင်းပြောကြမယ်။ သူနဲ့လက်သင့်တဲ့အတွက် နေ့စားခ မှန်မှန်ရနေသူတွေကတော့ ထူးထူးထွေထွေပြောနေစရာမလိုဘူး ဖွတ်ကထ လက်မရွံကြေးစားလူမိုက် ခင်ရီ ချောင်းဟန့်ရင်တောင် ထောက်
ခံပါတယ်လို့ ထအော်တတ်တဲ့သူတွေ။ ပြောစရာရှိတာက ဖွတ်အစုအဝေးထဲမှာသာပါနေ တာ သူနဲ့လက်လည်း မသင့်၊ ပနံလည်း မစားသူတွေကတော့ အရွဲ့တလိုင်းလေးတွေ ရှိလာတာလည်း ဒီဖွတ်တော်မှာ တွေ့ရတယ်။ အဲဒီဖွတ်တွေဆီကနေ “အွန်လိုင်းစလော့ဂိမ်းတွေ မနှိမ်နင်းဘူးလား။ ဘယ်လိုစီမံထားသလဲ”တို့၊ “တရားမဝင်လောင်းကစားမှာ ဖုန်းနံပါတ်တွေနဲ့တကွ ပေါ်ပေါ်တင်တင် လုပ်နေကြတဲ့အပေါ် စုံစမ်းထောက်လှမ်း အရေးမယူဘူးလား”တို့၊ “ကျားဖြန့်တွေကို ဒီအတိုင်းလွှတ်ထားတော့မှာလား”တို့ ဆိုတဲ့မေးခွန်းတွေ ထွက်လာတတ် ပါတယ်။
ဒီအခါမျိုးဆိုဖွတ်ကထထိုင်ခုံမှာဖွတ်ထိုင်ထိုင်နေတဲ့ ဖွတ်ကထကြီးခင်ရီတစ်ယောက် ဇောချွေးပြန်ရတဲ့အချိန်ပါပဲ။ ပြန်မှာပေါ့ မေးခွန်းသတ်တာကိုး။ ဒီအလုပ်တွေဟာ ပခုံးပေါ်က အပွင့်အခတ်ပိုင်ရှင် သူတို့ အဘကြီးများကလွဲ အခြားသူမလုပ်ဘူးဆိုတာ မေးခွန်းရှင်တွေလည်း သိသလို သူလည်း သိနေတာကိုး။ နှစ်ဦးနှစ်ဖက်စလုံးက ခပ်ညံ့ညံ့ တွေမှ မဟုတ်တာ။ ဒီအခါမျိုးကျ မေးခွန်းရှင်ကို မှတ်ထားပြီး နောက်ကွယ်ရောက်မှ နေ့စားခမှန်မှန်ပေးတာတို့၊ တိုးပေးတာတို့နဲ့ အချိုသပ်တန်သပ်၊ “ထိုင်ခုံရဖွတ်ဘဝကနေ ထိုင်ခုံမဲ့ဖွတ်ဘဝ ပြောင်းသွားချင်လား”ဆိုပြီး ခြိမ်းခြောက်တန်ခြိမ်းခြောက် လုပ်ရတာပေါ့။
ဒီလိုတားနေ၊ ဆီးနေ၊ ခြိမ်းခြောက်နေ၊ အချိုသပ်နေနေရင်းနဲ့မှ ဖွတ်ကထကြီးကို ဇောချွေးနှစ်ဆ၊သုံးဆလောက် ပြန်သွားစေတဲ့ မေးခွန်းကလည်း တက်လားသေး။ “အရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုစာရင်းမှတ်ပုံတင်တာ၊ တစ်ဆင့်ခံ ကုမ္ပဏီထူထောင်တာ၊အစ်ကိုကြီး-ညီလေး၊အဘနဲ့ သား၊ အစ်မကြီးနဲ့ သမီးစတဲ့အမျိုးအဆွေကောင်းစားရေးဝါဒနဲ့ လက်သိပ်ထိုးလုပ်ငန်းတွေကို စိစစ်အရေးယူဖို့လိုပါတယ်”ဆိုပြီး ဆိုင်းမဆင့်ဗုံမဆင့် ထပြောလာတဲ့ တစ်စုံတစ်ဖွတ် ကြောင့်ပေါ့။
သူ့ကိုတော့ နောက်ကွယ်မှာ ခပ်ပြင်းပြင်းလေး ခြိမ်းခြောက်ထားရတယ်လို့ သတင်းသဲ့သဲ့ကြားတာပဲ။ မခြိမ်းခြောက်လို့လည်းမရဘူးလေ။ ဖွတ်တော်က အခုမှစကာရှိသေး မဟုတ်လား။
အဲ…ဖွတ်တွေက မညံ့ဘူးဆိုပေမယ့် ဆွမ်းဆန်ထဲကြွက်ချေးရောဆိုသလို ဒူတဲ့၊ ထူတဲ့ တစ်ဖွတ်၊ နှစ်ဖွတ်ကိုလည်း ဖွတ်တော်ထဲမှာ တွေ့ရသေးသဗျ။ ဘယ်လိုဖွတ်တွေလဲဆိုတော့ ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာလမ်းမကြီး လုံခြုံ ချောမွေ့စွာ သွားလာနိုင်ဖို့ဆိုပြီး အရေးဆိုတဲ့ဖွတ်၊ ကျောက်ဖြူက ပြည်သူ့ဆေးရုံကြီးမှာ လိုနေတဲ့ ဆရာဝန်နဲ့ ဝန်ထမ်းတွေ စေလွှတ်ခန့်အပ်ပေးဖို့ဆိုပြီး အရေးဆိုပြန်တဲ့ဖွတ်၊ စစ်ကိုင်းမှာ နိုင်ငံတော်ရဲ့ ကြီးကြပ်မှုနဲ့ ကျောက် မျက်ရတနာစျေးတစ်ခု ပြန်ဖွင့်ပေးဖို့၊ လွိုင်ကော်-ရန်ကုန် အသွားအပြန် လေကြောင်းလိုင်းပြန်ပြေးဆွဲပေးဖို့၊လူငယ်အများအပြား ပြည်ပထွက်ခွာမှုလျှော့ချနိုင်ရေး အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ဆိုတာတွေ အပေါ် အရေးဆိုလာတဲ့ ဖွတ်တွေပေါ့။
သူတို့အဘလက်မရွံ့ဖွတ်ကထမျက်နှာလည်း မကြည့်၊ သူတို့အဘ လက်ရဲဇက်ရဲလူမိုက်ဂွတိုမျက်နှာလည်းမကြည့်။ အဲဒီအဘတွေတောင် အဲဒီအရပ်ဒေသတွေဘက် ခြေဦးလှည့်ဖို့နေနေသာသာ အိပ်မက်ထဲတောင်ထည့်မက်ရဲရဲ့ လားလို့ အရင်မမေးဘဲ တော်တော်အလိုက်ကမ်းဆိုးမသိ တလွဲအရေးဆိုတဲ့ဖွတ်တွေနဲ့တော့ မခက်ပေဘူးလား။
ဒါတွေက ဖွတ်ကထကြီးခင်ရီဦးဆောင်တဲ့ ဖွတ်တော်ရဲ့ ရှေ့ထွက်မြင်ကွင်းကို ကွင်းကွင်းကွက်ကွက်မြင်ရစေတာပါ။ရှေ့ထွက်မြင်ကွင်းမဟုတ်တဲ့ နောက်ကွယ်က မြင်ကွင်းတချို့လည်း ရှိနေပါသေးတယ်။ သေချာကြည့်ရင်မြင်နိုင်တဲ့ မြင်ကွင်းပါ။ အဲဒီနောက်ကွယ်က မြင်ကွင်းကို ကြည့်မယ်ဆိုရင် အရင်ဆုံး လက်မရွံကြေးစားဖွတ်ကထကြီးခင်ရီ ကိုယ်ပေါ်က ကြိုးစတွေကို တွေ့ရပါလိမ့်မယ်။ အဲဒီကြိုးစတွေအတိုင်းလိုက်ကြည့်မယ်ဆို သူ့အပေါ်ကနေ အုပ်မိုးပြီး လိုရာပုံဖော်ကြိုးဆွဲနေတဲ့ “မလုပ်ရဲတာ ဘာမှမရှိဘူး”ဆိုတဲ့ လက်ရဲဇက်ရဲလူမိုက်ဂွတိုကို တွေ့ရမှာပါ။
နောက်ကွယ်ကမြင်ကွင်းဟာ ဒီမှာတင်မဆုံးသေးပါဘူး။ အဲဒီကြိုးဆွဲနေတဲ့ လက်ရဲဇက်ရဲလူမိုက်ဂွတိုရဲ့ လည်ပင်းမှာ သိုင်းကြိုးနဲ့ချည်ထားတဲ့ လည်ပတ်ကြိုးတစ်ချောင်းကိုလည်း တွေ့ရပါလိမ့်ဦးမယ်။ အဲဒီကြိုးစအတိုင်းအပေါ်ကို လိုက်ကြည့်မယ်ဆိုရင်တော့ ဂွတိုကို အုပ်မိုးထားတဲ့ လူတစ်ယောက်ကို တွေ့ရပါလိမ့်မယ်။ သူကတော့ ပေါက်ဖော် ကြီးရှီပါပဲ။ သူ့လက်ထဲမှာ ကြိုးစတစ်ဖက်ကို ကိုင်ထားရင်း တင်းလိုက်၊ လျှော့လိုက်နဲ့ ကစားနေတာကို တွေ့ရပါ မယ်။
အဲဒီကြိုးရဲ့အစတစ်ဖက်မှာရှိနေတဲ့ လက်ရဲဇက်ရဲလူမိုက်ဂွတိုဆီကရံဖန်ရံခါ “တဂီးဂီး…တဂဲဂဲ”နဲ့ မာန်ဖီသံတွေ ထွက်ထွက်လာတတ်ပါတယ်။ အထူးသဖြင့်တော့ ဒီကာလမှာ “အာဆီယံ”ဆိုတဲ့ အသံကျယ်ကျယ်ထွက်လာတဲ့ အခါမျိုးတွေမှာပေါ့။

















































