ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဆီ ပေးပို့တဲ့ မွေးနေ့ ဆုမွန်ကောင်းတောင်း သဝဏ်လွှာမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက သူ့ရဲ့ အစိုးရဟာ ရုရှားကို မယိမ်းမယိုင် ဆက်လက် အားပေး ထောက်ခံနေမယ်လို့ ကတိပြုခဲ့ပါတယ်။
နောက်ပြီး ယူကရိန်းအပေါ် ရုရှားက ဆင်နွှဲခဲ့တဲ့ ကျူးကျော်စစ်ကိုလည်း မြင့်မြတ်တဲ့ စစ်ပွဲတစ်ခုလို့ ပူတင်ရဲ့ အသက် ၇၄ နှစ်ပြည့် မွေးနေ့အတွက် ဂုဏ်ပြုတဲ့ သဝဏ်လွှာမှာ ကင်မ်က ရေးသားထားခဲ့ပါတယ်။ ပူတင်ဟာ အောက်တိုဘာ ၇ ရက်နေ့မှာ အသက် ၇၄ နှစ် ပြည့်ခဲ့တာ ဖြစ်ပါတယ်။
ပူတင်နဲ့ မိတ်ဆွေ ဖြစ်ခွင့်ရတဲ့အတွက် ကျေနပ်မိသလို နှစ်နိုင်ငံကြား ဆက်ဆံရေးကို ကဏ္ဍသစ်တစ်ခု ဖွင့်လှစ်နိုင်ခဲ့တာကိုလည်း ဂုဏ်ယူကြောင်း ကင်မ်က ရေးသားထားပါတယ်။ အဲဒီစာကို မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
သူဟာ ပူတင်နဲ့ ရုရှားနိုင်ငံကို ယိမ်းယိုင်ပြောင်းလဲမှု အလျဉ်းမရှိတဲ့ ထောက်ခံ အားပေးမှုမျိုးနဲ့ ဆက်လက် ရပ်တည်မယ်လို့လည်း ကင်မ်က အာမခံခဲ့ပါတယ်။

Public Service Announcement
ဒါ့အပြင် ရုရှားပြည်သူတွေက မြင့်မြတ်တဲ့ တရားသောစစ်ကို ဆင်နွှဲနေတဲ့အပေါ် ထောက်ခံကြောင်း၊ အဲဒီစစ်ပွဲဟာလည်း အောင်ပွဲနဲ့ အဆုံးသတ်နိုင်မယ်ဆိုတာကို အခိုင်အမာ ပြောနိုင်ကြောင်း ကင်မ်က ပြောကြားသွားပါတယ်။
တစ်ဖက်မှာတော့ မြောက်ကိုရီးယားရဲ့ ပြိုင်ဘက်ဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ရုရှားရဲ့ ရန်ဘက် ယူကရိန်း အစိုးရတွေကြားမှာ ဆက်ဆံရေး အေးခဲမှုတွေ ဖြစ်ပေါ်နေပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားစစ်မြေပြင်မှာ ဖမ်းဆီးရမိတဲ့ မြောက်ကိုရီးယား စစ်သားနှစ်ဦးကို တောင်ကိုရီးယားဆီ လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ နှစ်နိုင်ငံကြား တင်းမာမှုတွေ စတင်ခဲ့တာပါ။ အဲဒီကိစ္စကို ထုတ်မပြောဖို့ နှစ်ဖက်ကြား သဘောတူထားကြောင်း တောင်ကိုရီးယားက ပြောပါတယ်။ နောက်ပိုင်းမှာ ယူကရိန်းက ပြန်တောင်းပန်ခဲ့ပေမယ့် လုံလောက်တဲ့ လေးနက်မှုမျိုး မရှိဘူးလို့ တောင်ကိုရီးယား အစိုးရက ဝေဖန်ထားပါတယ်။
ကိုးကား: AFP



















































