အေးခိုင်ဦး ရေးသားသည်။
“အလုပ်လုပ်ရင် မိသားစုကို ကျွေးနိုင်မယ်” ဒါဟာ အသက် ၃၄ နှစ်အရွယ် ကိုမင်းရဲ့ ဘဝတလျှောက် ယုံကြည်ခဲ့တဲ့ ရိုးရှင်းတဲ့အယူအဆတခု ဖြစ်ခဲ့ပါတယ်။
သူဟာ စက်မှုဇုန်မှာ ကားမောင်းတယ်။ အနီးအနားမှာ ရရာအလုပ်လုပ်တယ်။ အလုပ်ဆိုရင် အလုပ်မျိုးစုံ လုပ်တတ်တယ်။ လူချစ်လူခင်လည်းပေါတယ်။သူ့မှာကလေးနှစ်ယောက်ရှိတယ်။ ဇနီးက ကလေးတွေကို ပြုစုတယ်။ အိမ်ငှားနေကြပေမယ့် အိမ်ရှင်နဲ့ အိမ်ငှားဆိုတာထက် မိသားစုလို ရင်းနှီးကြတယ်။ အပြန်အလှန် စောင့်ရှောက်ကြတယ်။ ကြွယ်ဝတဲ့မိသားစုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်မိသားစုကိုယ်ရှာဖွေကျွေးမွေးပြီး တနေ့ထက်တနေ့ ပိုကောင်းလာအောင် ကြိုးစားနေတဲ့ သာမန်မိသားစုတစု ဖြစ်ခဲ့ပါတယ်။
သူဟာ မိသားစုအတွက် သမ္မာအာဇီဝနည်းမျိုးစုံနဲ့ ကြိုးစားတဲ့သူတယောက်။ COVID-19 ကာလတုန်းကတောင် စားဝတ်နေရေး ပိုခက်လာမှာစိုးလို့ အိမ်ခြံဝင်းထဲမှာ စားပင်တွေ ချက်ချင်း စိုက်ခဲ့တဲ့သူ။ အိမ်တလုံး။ အလုပ်တခု။ ဇနီးတယောက်။ကလေးနှစ်ယောက်။ ပြီးတော့ မနက်ဖြန်ကို ဆက်မျှော်လင့်နိုင်ဖို့ လုပ်အားတစုံကို ယုံကြည်ခဲ့ သူ။

Public Service Announcement
ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှာ အဲဒီအရာအားလုံး တခုချင်းစီ ပြိုလဲလာခဲ့ပါတယ်။
ကိုမင်းရဲ့ ဇာတိကစစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်က ရွာတရွာပါ။ သူ့အဖေနဲ့အမေက အဲဒီရွာမှာပဲ နေကြတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရွာထဲ စစ်ကြောင်းတွေ ဝင်လာတိုင်း ရွာသူရွာသားတွေဟာ အကြိမ်ကြိမ် ထွက်ပြေးကြရတယ်။ ပြေးလိုက်။အခြေအနေငြိမ်ရင် ပြန်ဝင်လိုက်။ ပြီးတော့ ထပ်ပြေးလိုက်။ ဒီလိုနဲ့ ရွာတစ်ရွာရဲ့ လူနေမှုဘဝဟာ ပုံမှန်ဘဝမဟုတ်တော့ဘဲ “ဘယ်အချိန်ထပ်ပြေးရမလဲ” ဆိုတာ စောင့်နေရတဲ့ဘဝ ဖြစ်လာပါတယ်။
ကိုမင်းရဲ့အဖေက လယ်လုပ်ပြီးနှစ်ပေါင်းများစွာ စုဆောင်းခဲ့ပါတယ်။ဆယ်နှစ်လောက် ကြိုးစားပြီးမှ အိမ်တလုံးကို ဆောက်နိုင်ခဲ့တယ်။ဒါပေမယ့် အဲဒီအိမ်မှာတရက်တောင်မနေခဲ့ရပါဘူး။ အိမ်တလုံးကို တည်ဆောက်ဖို့ ဆယ်နှစ်ကြာခဲ့ပေမယ့် စွန့်ပစ်ဖို့တော့ တရက်ပဲ လိုခဲ့တယ်။ အဲဒီအိမ်ဟာ မီးလောင်ပျက်စီးသွားတာ၊ ပေါက်ကွဲဖျက်ဆီးခံရတာဆိုတာထက် ပိုနာကျင်စရာကောင်းတဲ့အရာတခု ဖြစ်ခဲ့တာပါ။ အသက်ရှင်ဖို့အတွက် ကိုယ်တိုင်ထားခဲ့ရတာပါ။ အိမ်ထက် အသက်ကို ရွေးရတဲ့အခြေအနေ။ ဒီအဖြစ်အပျက်ဟာ ကိုမင်းတို့မိသားစုတစုတည်းရဲ့ အတွေ့အကြုံမဟုတ်ပါဘူး။
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှုအဖွဲ့ IOM ရဲ့ ၂၀၂၆ မြန်မာနိုင်ငံ အကျပ်အတည်း တုံ့ပြန်ရေးစီမံချက် (Crisis Response Plan) အရ ၂၀၂၅ နိုဝင်ဘာ ၁၀ ရက်အထိ မြန်မာနိုင်ငံအတွင်း ၃.၆၀၉ သန်းခန့် နေရပ်စွန့်ခွာနေကြရပြီး စစ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာသူအများအပြားဟာ တကြိမ်တည်းမဟုတ်ဘဲ ထပ်ခါထပ်ခါ ရွှေ့ပြောင်းနေကြရပါတယ်။ IOM က နေရပ်စွန့်ခွာမှုတခုချင်းစီဟာ ပျမ်းမျှ ရှစ်ကြိမ်ခန့် ထပ်ဖြစ်နေကြောင်း ဖော်ပြထားပါတယ်။ နေရပ်စွန့်ခွာရခြင်းက အိမ်တလုံးပျောက်သွားတာတင် မဟုတ်ပါဘူး။မြေယာပျောက်တယ်။ အလုပ်ပျောက်တယ်။စုဆောင်းထားတဲ့ငွေကုန်တယ်။ ထုတ်လုပ်ရေးပစ္စည်းတွေ ဆုံးရှုံးတယ်။ ကလေးတွေရဲ့ ပညာရေး ထိခိုက်တယ်။ ပြီးတော့ မိသားစုတွေ အကြွေးတင်လာပါတယ်။
IOM ကလည်း မကြာခဏ နေရပ်ရွှေ့ပြောင်းရခြင်းကြောင့် အိမ်ထောင်စုတွေရဲ့ ပိုင်ဆိုင်မှုနဲ့ အသက်မွေးဝမ်းကျောင်းအခြေခံတွေ ဆုံးရှုံးလာပြီး အကြွေးတင်ခြင်း၊ ကလေးအလုပ်လုပ်စေခြင်းနဲ့ အန္တရာယ်များတဲ့ ရွှေ့ပြောင်းမှုတွေလို အခြေအနေတွေ ပိုမိုဖြစ်လာတယ်လို့ ဖော်ပြထားပါတယ်။
ကိုမင်းတို့မိသားစုမှာ အဲဒီဖြစ်စဉ်က နံပါတ်တခု မဟုတ်ဘူး။ သူ့အဖေရဲ့ ဆယ်နှစ်ကြာ အိမ်တလုံးပါ။ အိမ်ကို ထားခဲ့ရတယ်။ ဒါပေမယ့် တာဝန်တွေကို ထားခဲ့လို့မရပါဘူး။ ကလေးနှစ်ယောက်ရှိတယ်။ ဇနီးရှိတယ်။ မိဘတွေရှိတယ်။ဒါကြောင့်ကိုမင်းကနောက်ထပ်အလုပ်ရှာပါတယ်။ သူရဲ့ အိပ်မက်က ၁၀ပေ/ပေ၆၀ အိမ်လေးတလုံး ပိုင်ဆိုင်နိုင်ဖို့။
“ငွေရှာရင် ပြန်တည်ဆောက်နိုင်မယ်” ဆိုတဲ့ ယုံကြည်ချက်နဲ့ လောက်ကိုင်ကိုသူသွားခဲ့တယ်။အဲဒီမှာလည်း ကားမောင်းတယ်။ ရောက်ပြီးသုံးလအကြာမှာငွေစုနိုင်တော့မယ်လို့ ထင်လာတယ်။ အဲဒီအချိန်မှာပဲ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကမြန်မာနိုင်ငံရဲ့ အရှေ့မြောက်ဒေသ စစ်ရေးအခြေအနေကို အကြီးအကျယ် ပြောင်းလဲစေခဲ့တယ်။
ကိုမင်းအတွက်တော့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ရေးသမိုင်းထဲက အမည်တစ်ခု မဟုတ်ပါဘူး။ သုံးလအလုပ်လုပ်ပြီး စုမယ့်ငွေကို မစုနိုင်တော့ဘဲ အိမ်ပြန်ရတဲ့ အကြောင်းပြချက် ဖြစ်ခဲ့တယ်။ အခက်အခဲတွေကြားကနေ အိမ်ပြန်ရောက်လာခဲ့တယ်။ လက်ထဲမှာတော့ မိသားစုဘဝကို ပြန်တည်ဆောက်ဖို့ လုံလောက်တဲ့ ငွေမပါလာခဲ့ပါဘူး။
အာဏာသိမ်းစစ်တပ်က ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလမှာ စစ်မှုထမ်းဥပဒေကို ကြေညာလိုက်တဲ့အခါကိုမင်းလည်း Passport လုပ်တယ်။ နိုင်ငံခြားထွက်ဖို့ ကြိုးစားတယ်။ဒါပေမယ့် နိုင်ငံခြားထွက်ဖို့ငွေမရှိပါဘူး။သွားပြီး တရားမဝင်ဘဝနဲ့ နေရမှာကိုလည်း စိုးရိမ်တယ်။ အဲဒီလိုနဲ့ သွားလို့မရ၊ နေလို့လည်း မလုံခြုံတဲ့ဘဝ ထဲမှာ ကားပြန်မောင်းခဲ့ရတယ်။ အဲဒီအချိန်ကစပြီး ကိုမင်းရဲ့ဘဝမှာ “အလုပ်လုပ်ပြီး မိသားစုကိုကျွေးမယ်” ဆိုတဲ့ ပုံမှန်ဘဝထက် “ဒီနေ့ ဘယ်လိုအန္တရာယ်ကင်းကင်းနဲ့ အိမ်ပြန်ရောက်မလဲ”ဆိုတာက ပိုကြီးလာခဲ့တယ်။
အဲဒီအခြေအနေတွေကြားမှာ ကိုမင်းရဲ့ အသက်၂၇ နှစ်အရွယ်ညီကပစ္စည်းပို့တဲ့အလုပ် လုပ်နေပါ တယ်။တနေ့ ပစ္စည်းတွေ ပို့ပြီး ပြန်လာတဲ့အချိန် အလုပ်က သိမ်းလာတဲ့ ငွေ ၂၅ သိန်း လုယက်ခံရတယ်။ အလုပ်ကို ပြန်ပေးဖို့ ငွေမရှိတော့ဘူး။ အဲဒီအချိန်မှာ ကိုမင်းက အစ်ကိုတယောက်အနေနဲ့ တတ်နိုင်သမျှ ဝင်ကူတယ်။ တခြားနေရာက ငွေချေးပေးတယ်။ ရသလောက်နဲ့ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် မိသားစုရဲ့ ငွေကြေးအင်အားကလည်း အရင်ကတည်းက ပြိုလဲနေခဲ့ပြီ။ နောက်ဆုံးမှာ သူ့ညီဟာ မခံနိုင်တော့တဲ့အခြေအနေထိရောက်သွားခဲ့တယ်။ကိုယ့်အသက်ကိုယ် အဆုံးစီရင်သွားခဲ့တယ်။မသေဆုံးခင် ကိုမင်းရဲ့ ဇနီးကို ဖုန်းဆက်ပြီး နှုတ်ဆက်ခဲ့တယ်။သူတို့အမြန်ရှာကြပါတယ်။ မမှီခဲ့ပါဘူး။
ငမိုးရိပ်ချောင်းတလျှောက်လှေနဲ့ လိုက်ရှာခဲ့ကြတယ်။သုံးရက်ကြာမှ တွေ့ခဲ့တယ်။ ညီဖြစ်သူကို ပြန်တွေ့တဲ့အခါ စိတ်ထိခိုက်လွန်းလို့ ကိုမင်းဟာ လှေပေါ်မှာ လဲကျသွားခဲ့ရတယ်။ ဒါပေမယ့် ဝမ်းနည်းဖို့အချိန် မရခဲ့ပါဘူး။ နာရေးကိစ္စကို ဆက်လုပ်ရတယ်။ ရဲစခန်းမှာ ရှင်းရတယ်။ အမှုအခင်းမဖြစ်အောင် ဖြေရှင်းရတယ်။ ငွေကုန်တယ်။ လူပန်းတယ်။ စိတ်ပန်းတယ်။ညီတစ်ယောက်ကို ဆုံးရှုံးခဲ့ရတဲ့ အစ်ကိုတယောက်က နောက်ထပ် အကြွေးတွေကိုပါ ပခုံးပေါ်တင်ခဲ့ရတယ်။
ရက်လည်ပြီးတဲ့နောက်မှာ အနာမကျက်သေးတဲ့ မိသားစုအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခု ရောက်လာပါတယ်။ ကိုမင်းရဲ့ညီရဲ့ အသက် ၂၄ နှစ်အရွယ်ဇနီးဟာလည်း ခင်ပွန်းမရှိတော့တဲ့ဘဝကို မခံနိုင်တော့ဘဲ သူ့ခင်ပွန်းလိုပဲလုပ်ခဲ့ပြန်ပါတယ်။သူမလည်း ကိုမင်းရဲ့ ဇနီးကိုဖုန်းဆက်ခဲ့တယ်။လိုက်ရှာကြပါတယ်။
မမှီခဲ့ပြန်ပါဘူး။မိသားစုတစုဟာ လူတယောက်ကိုဆုံးရှုံးပြီးဝမ်းနည်းနေတုန်း နောက်တယောက်ကို ထပ်ဆုံးရှုံးခဲ့ရတယ်။
ဒီလိုဖြစ်ရပ်တွေကို “သေဆုံးသူနှစ်ဦး” ဆိုပြီး စာရင်းထဲ ထည့်လိုက်ရင် လုံလောက်မလား။ မလုံလောက်ပါဘူး။အဲဒီနံပါတ်နှစ်ခုရဲ့ နောက်မှာအစ်ကိုတယောက်ရှိတယ်။မိဘတွေရှိတယ်။ နာရေးစရိတ်ရှိတယ်။အကြွေးရှိတယ်။စိတ်ဒဏ်ရာရှိတယ်။ပြီးတော့အဲဒီမိသားစုတွေ ဆက်အသက်ရှင်ဖို့ လိုအပ်တဲ့ တာဝန်တွေရှိပါတယ်။
စစ်အာဏာသိမ်းမှုရဲ့နောက်မှာ ကိုမင်းတို့မိသားစုကို အဲဒီအခြေအနေထိ တွန်းပို့ခဲ့တဲ့အထိဖြစ်ခဲ့ရတယ်။အလုပ်ပျောက်ခဲ့တယ်။ ဝင်ငွေမတည်ငြိမ်တော့ဘူး။အကြွေးတင်လာတယ်။ လုံခြုံရေးမရှိတော့ဘူး။သွားလာရေး ခက်လာတယ်။ စစ်မှုထမ်းရမယ့် စိုးရိမ်မှု ရှိလာတယ်။ ကျန်းမာရေးဝန်ဆောင်မှုရဖို့ ပိုခက်လာတယ်။
ဒီအရာတွေဟာ ၂၀၂၁ နောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးအကျပ်အတည်းတွေရဲ့ အပြန်အလှန်ဆက်စပ်နေတဲ့ အကျိုးဆက်တွေပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး (OHCHR) က ၂၀၂၄ ခုနှစ်အတွင်း စစ်တပ်က ဖန်တီးခဲ့တဲ့ လူ့အခွင့်အရေးအကျပ်အတည်းကြောင့် မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေ မကြုံစဖူး အဆင့်အထိ တိုးလာခဲ့တယ်လို့ ဖော်ပြထားတဲ့အထဲက မိသားတစုပါ။
ညီနဲ့ ညီရဲ့ဇနီးကို ဆုံးရှုံးပြီးတဲ့နောက် ကိုမင်းတို့မိသားစုဟာ ငွေကြေးပိုင်းမှာ ပိုပြီးပြိုလဲသွားခဲ့ပြီ။အကြွေးတွေ တက်လာတယ်။ နာရေးစရိတ်တွေ ကုန်တယ်။ အရင်ကတည်းကလည်း ဆုံးရှုံးထားတာတွေ ရှိခဲ့ပြီးသား။ ဒါကြောင့်ကိုမင်းလောက်ကိုင်ကိုဒုတိယအကြိမ်ပြန်သွားခဲ့တယ်။ ဒီတစ်ခါ ကားမောင်းတာမဟုတ်ဘူး။ ဆောက်လုပ်ရေးလုပ်ငန်းမှာ ဝင်လုပ်ခဲ့ပါတယ်။ အလုပ်ပြီးသွားလို့ငွေရှင်းရမယ့်အချိန်မှာ သူတို့ရသင့်တဲ့ လုပ်အားခကိုတော့ မရခဲ့တော့ပါဘူး။ ကန်ထရိုက်တာက ထွက်ပြေးသွားခဲ့ပြီ။ လုပ်သားတွေဟာ လုပ်အားခ သိန်းဆယ်ချီ ဆုံးရှုံးခဲ့ရပါတယ်။ တာဝန်ယူမယ့်သူလည်းမရှိပါဘူး။မျှော်လင့်ချက်တွေအားလုံး ပြိုကွဲ။ ကိုမင်း ပြန်လာခဲ့ရပြန်ပါတယ်။ အလုပ်လုပ်ရင် ငွေရမယ်ဆိုတဲ့ အခြေခံယုံကြည်ချက်ဟာသူ့အတွက်ယိုင်နဲ့ခဲ့ပြီ။
နောက်ဆုံးမှာ စက်မှုဇုန်ကို ပြန်ရောက်လာတယ်။ကားပြန်မောင်းတယ်။ တနေ့ နှစ်သောင်းငါးထောင် ကျပ်။ အဲဒီငွေနဲ့ အိမ်ငှားခ၊ စားစရိတ်၊ကလေးနှစ်ယောက်ရဲ့ ကျောင်းနဲ့ အထွေထွေစရိတ်၊ ကျန်းမာရေးစရိတ်၊ အရင်ကတင်ထားတဲ့အကြွေးတွေ။တနေ့နှစ်သောင်းငါးထောင် နဲ့ မိသားစုတစ်စုရဲ့ ဘဝကို ပြန်တည်ဆောက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။
မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေကလည်း အဲဒီမိသားစုတွေအတွက် ပိုလို့သာ ဆိုးစေခဲ့ပါတယ်။World Bank ရဲ့ ၂၀၂၅ ဇွန်လထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၃၁ ရာခိုင်နှုန်း ခန့်ရှိခဲ့ပြီး ၂၀၂၅ ဧပြီအထိ တစ်နှစ်အတွင်း ငွေကြေးဖောင်းပွမှုကို ၃၄.၁ ရာခိုင်နှုန်း ခန့်မှန်းထားပါတယ်။ ပဋိပက္ခ၊ လျှပ်စစ်ပြတ်တောက်မှု၊ ကုန်သွယ်ရေးနဲ့ ငွေလဲလှယ်ရေးကန့်သတ်ချက်တွေကြောင့် အိမ်ထောင်စုတွေရဲ့ ဝင်ငွေနဲ့ စားသုံးနိုင်စွမ်းအပေါ် ဖိအားပိုတိုးလာတယ်လို့ World Bank က ဖော်ပြထားပါတယ်။
ဒါကြောင့် ကိုမင်းတို့လို မိသားစုအတွက် “အလုပ်ရှိတယ်” ဆိုတာ “ဘဝအဆင်ပြေတယ်” လို့ မဆိုလိုတော့ဘူး။ အလုပ်ရှိတယ်။ ဒါပေမယ့် ဝင်ငွေက မလုံလောက်တော့ဘူး။ အကြွေးရှိတယ်။ ကုန်ဈေးနှုန်းတက်တယ်။ ကလေးတွေကို ကျောင်းထားရတယ်။ ဖျားရင် ဆေးကုရတယ်။ အိမ်ငှားခပေးရတယ်။ လုပ်အားရှိပေမယ့် ရှင်သန်နိုင်ဖို့ အလုံအလောက် မဖြစ်တော့ပါဘူး။
နောက်ဆုံးထိုးနှက်ချက် ကတော့ မိခင်တစ်ယောက်ရဲ့ ကျန်းမာရေးပါ။ အဲဒီအချိန်မှာ ကိုမင်းရဲ့ ဇနီးရဲ့ မိခင်ဟာ မကွေးတိုင်းက ရွာတစ်ရွာမှာ နေထိုင်ရင်း လက်ကျိုးသွားပါတယ်။ရွာမှာ ဆရာဝန်မရှိပါဘူး။ မြို့ကို ချက်ချင်းသွားဖို့လုံခြုံရေးကမလွယ်ဘူး။ဒါကြောင့် ရွာမှာ ဆေးကုသပေးနေတဲ့သူဆီ သွားပြခဲ့ကြတယ်။ သူမမှာ ဆီးချိုရှိကြောင်း ပြောခဲ့တယ်။ ပေးလိုက်တဲ့ဆေးတွေ ဘာတွေလဲ မိသားစုက မသိခဲ့ပါဘူး။ ဆေးသောက်ပြီးနောက် သွေးတွင်းသကြားဓာတ် အလွန်အမင်းကျဆင်းပြီး သတိလစ်သွားခဲ့ရတယ်။ ချက်ချင်းဆေးရုံမရောက်နိုင်ခဲ့ဘူး။ နောက်တနေ့မှ မကွေးဆေးရုံကို ရောက်ရတယ်။ ဆေးရုံမှာ နှစ်ရက်ကြာတယ်။ ကုန်ကျစရိတ်က သိန်း ၂၀။ ပြီးတော့ ဆေးရုံကနေ အိမ်ပြန်ခေါ်လာခဲ့ရတယ်။ အိမ်မှာ ကိုမာဝင်နေတဲ့အခြေအနေ နဲ့ နှစ်ပတ်ဆက်ရှိနေခဲ့ပါတယ်။နောက်ဆုံးမှာ အသက်ဆုံးသွားရပါတယ်။ခေတ်ဆိုးဟာ လက်ကျိုးတာကနေ အသက်ဆုံးတဲ့အထိ ဖြစ်စေခဲ့တယ်။
ကိုမင်းက ဇနီးနဲ့ ကလေးတွေနောက် လိုက်မသွားနိုင်ခဲ့ဘူး။ သူ့မှတ်ပုံတင်က စစ်ကိုင်း ၅/ ဖြစ်တဲ့အတွက် အဝေးပြေးကားက အလိုက်မခံပါဘူး။ လမ်းခရီးမှာ ၅/ ဟာ အဖမ်းဆီးခံရနိုင်ချေများတဲ့အတွက် အဝေးပြေးကားက တာဝန်မယူနိုင်လို့ နေခဲ့ရပါတယ်။ ဒါဟာ ကိုမင်းတစ်ယောက်ရဲ့ကိုယ်ရေးကိုယ်တာအခက်အခဲတခုလိုထင်ရပေမယ့်မြန်မာနိုင်ငံရဲ့ ကျန်းမာရေး၊လုံခြုံရေး ခက်ခဲ ဒုက္ခတွေပါ။
WHO ရဲ့ ၂၀၂၆ အချက်အလက်အရ မြန်မာနိုင်ငံမှာ ၉.၃ သန်း ခန့်ဟာ ကျန်းမာရေးအကူအညီလိုအပ်နေပြီး ပဋိပက္ခ၊ သွားလာခွင့်ကန့်သတ်မှုနဲ့ကျန်းမာရေးဝန်ဆောင်မှုပြတ်တောက်မှုတွေ ဆက်ရှိနေပါတယ်။WHO ကလည်း တိုက်ပွဲတွေဖြစ်နေတဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေမှာ ဆီးချိုနဲ့ သွေးတိုးလို နာတာရှည်ရောဂါတွေအတွက် စစ်ဆေးကုသမှုရရှိဖို့ အခက်အခဲကြီးတွေ ရှိနေကြောင်း ဖော်ပြထားပါတယ်။ ၂၀၂၆ မြန်မာနိုင်ငံ ကျန်းမာရေးကဏ္ဍပူးပေါင်းညှိနှိုင်းရေးအဖွဲ့ရဲ့အချက်အလက်အရ ကျန်းမာရေးဝန်ဆောင်မှုရရှိရေးမှာ အကြီးမားဆုံး အတားအဆီးတွေထဲက ငွေမရှိခြင်း က ၅၂ ရာခိုင်နှုန်း၊ အနီးအနားမှာ လည်ပတ်နေတဲ့ ကျန်းမာရေးဌာနမရှိခြင်း က ၂၉ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဒါကြောင့် ကိုမင်းတို့မိသားစုရဲ့ သိန်း ၂၀ ဆေးကုသစရိတ်နဲ့ အကြွေးထပ်တင်ရခြင်းဟာ မိသားစုတစ်စုရဲ့ ကိုယ်ရေးကိုယ်တာငွေကြေးပြဿနာတခုသာ မဟုတ်တော့ပါဘူး။
အာဏာသိမ်းပြီးနောက် ကိုမင်း ဘာတွေဆုံးရှုံးခဲ့သလဲ။ ကိုမင်းရဲ့ဘဝကို ၂၀၂၁ မတိုင်ခင်နဲ့ ၂၀၂၁ နောက်ပိုင်း ခွဲကြည့်ရင် အဖြေက အလွန်ရှင်းပါတယ်။ အာဏာမသိမ်းခင် အိမ်ငှားဖြစ်ပေမယ့် တည်ငြိမ်တယ်။ အလုပ်ရှိတယ်။ အိမ်ရှင်နဲ့ မိသားစုလို ရင်းနှီးတယ်။ ကလေးနှစ်ယောက်ကို ပြုစုနိုင်တယ်။ အိမ်ခြံဝင်းထဲမှာ စားပင်တွေ စိုက်နိုင်တယ်။ မိသားစုဘဝကိုပုံမှန်ဖြတ်သန်းနိုင်တယ်။အာဏာသိမ်းပြီးနောက် မိဘတွေဟာရွာကနေအကြိမ်ကြိမ်ထွက်ပြေးရတယ်။ ဆယ်နှစ်ကြာ ဆောက်ခဲ့တဲ့အိမ်ကို ထားခဲ့ရတယ်။ ကိုမင်း အလုပ်ရှာဖို့ နယ်ဝေးသွားရတယ်။ လောက်ကိုင်မှာ အလုပ်ပျက်တယ်။ ပြန်လာရတယ်။
စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံခြားထွက်ဖို့ စိုးရိမ်ရတယ်။ပက်စ်ပို့လုပ်ပေမယ့် ထွက်ဖို့ ငွေမရှိဘူး။ညီဖြစ်သူရဲ့ အကြွေးပြဿနာကို ကူညီဖြေရှင်းရတယ်။ ညီကို ဆုံးရှုံးရတယ်။ ညီရဲ့ဇနီးကို ထပ်ဆုံးရှုံးရတယ်။ နာရေးအတွက် ငွေကုန်တယ်။အကြွေးတင်တယ်။ လောက်ကိုင်ကို ဒုတိယအကြိမ် သွားရတယ်။ လုပ်အားခမရဘဲ ပြန်လာရတယ်။တနေ့နှစ်သောင်းငါးထောင် နဲ့ ကားပြန်မောင်းရတယ်။နောက်ဆုံး မိသားစုဝင်တယောက်ရဲ့ ကျန်းမာရေးအတွက် ဆေးရုံစရိတ် သိန်း ၂၀ ထပ်ကုန်တယ်။ ပြီးတော့ အမေကို ဆုံးရှုံးရတယ်။ ဒီစာရင်းကို ကြည့်လိုက်ရင် “ဘဝကံမကောင်းလို့”ဆိုတဲ့စကားကိုပြောသင့်ပါသေးသလား။
ဒါဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လုံခြုံရေး၊ စီးပွားရေး၊ ရွှေ့ပြောင်းနေထိုင်မှု၊ ကျန်းမာရေးနဲ့ လူမှုရေးအကျပ်အတည်းတွေ တခုနဲ့တခု ဆက်စပ်ပြီး မိသားစုတစုရဲ့ ဘဝထဲကို ဝင်ရောက်လာတဲ့ ပုံစံတခု ဖြစ်ပါတယ်။ IOM ကလည်း ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း လုံခြုံရေး၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေးအကျပ်အတည်းတွေ ပေါင်းစပ်လာပြီး လူသားချင်းစာနာမှုလိုအပ်ချက်တွေ မြင့်တက်လာခဲ့တယ်လို့ တိုက်ရိုက်ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ“သာမန်ဘဝ”ဘာကြောင့် ပျောက်သွားတာလဲ။ ကိုမင်းက နိုင်ငံရေးသမား မဟုတ်ပါဘူး။သူ့အိမ်ကလည်း နိုင်ငံရေးအာဏာကို စိန်ခေါ်တဲ့နေရာ မဟုတ်ဘူး။ သူ့အလုပ်ကလည်းနိုင်ငံရေးနဲ့မဆိုင်ဘူး။ကလေးနှစ်ယောက်ကို ကျွေးမွေးနိုင်ဖို့ပါပဲ။ဒါပေမယ့် စစ်တပ်အာဏာသိမ်းတာရဲ့ ဆိုးယုတ်မှုတွေက သူတို့လိုပြည်သူတွေဘဝထဲထိရောက်လာခဲ့ပါတယ်။
ဒါပေမယ့် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတစ်နိုင်ငံလုံးရဲ့ လုံခြုံရေးနဲ့ စီးပွားရေးအခြေအနေ ပြောင်းလဲသွားတဲ့အခါ သာမန်လူတွေရဲ့ဘဝဟာလည်း ဒီဒုက္ခတွေထဲကို အလိုအလျောက် ပါဝင်သွားတယ်။ ရွာမှာနေသူက ရွာကနေ ထွက်ပြေးရတယ်။ အလုပ်လုပ်သူက အလုပ်နေရာပြောင်းရတယ်။ လူငယ်တွေက စစ်မှုထမ်းရမှာကို စိုးရိမ်ရတယ်။ နိုင်ငံခြားထွက်ချင်သူက ငွေမရှိလို့ မထွက်နိုင်ဘူး။ နယ်ဝေးမှာ အလုပ်လုပ်သူက စစ်ရေးအခြေအနေကြောင့် ပြန်လာရတယ်။ ဖျားနာသူက ဆေးရုံသွားဖို့ ခက်တယ်။ ဝင်ငွေမလုံလောက်လို့ အကြွေးယူရတယ်။ အကြွေးတင်လာရင် နောက်ထပ်အလုပ်ရှာဖို့ ထပ်ရွှေ့ပြောင်းရတယ်။ အဲဒီလိုနဲ့ စစ်ပွဲဟာ ရှေ့တန်းကနေ အိမ်ထဲကို ရောက်လာပါတယ်။
IOM ရဲ့ အချက်အလက်အရ ၂၀၂၅ နိုဝင်ဘာအထိ မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာသူ ၃.၆ သန်းကျော် ရှိနေတယ်။ World Bank အရ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၃၁ ရာခိုင်နှုန်းခန့် ရှိနေတယ်။ WHO အရ ကျန်းမာရေးအကူအညီ လိုအပ်နေသူ သန်းနဲ့ချီရှိနေတယ်။ OHCHRအရစစ်အာဏာသိမ်းပြီးနောက် အရပ်သားတွေအပေါ် အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်မြင့်မားနေတယ်။ဒီကိန်းဂဏန်းတွေဟာမြန်မာနိုင်ငံအကျပ်အတည်းရဲ့ အရွယ်အစားကို ပြသပေးနေတာပါ။
ဒါပေမယ့် ကိုမင်းရဲ့ဇာတ်လမ်းက အဲဒီကိန်းဂဏန်းတွေရဲ့ နောက်က လူသားဘဝကို ပြခဲ့တယ်။ ၃.၆ သန်းဆိုတာ လူ ၃.၆ သန်းပဲ မဟုတ်ဘူး။ အိမ် ၃.၆ သန်းနီးပါးရဲ့ မပြည့်စုံတော့တဲ့ ဇာတ်လမ်းတွေပါ။ ဆင်းရဲနွမ်းပါးမှု ၃၁ ရာခိုင်နှုန်းဆိုတာ ရာခိုင်နှုန်းတခု မဟုတ်ဘူး။ တနေ့ နှစ်သောင်းငါးထောင် ရဖို့ မနက်စောစောထပြီး ကားမောင်းရတဲ့ ဖခင်တွေရဲ့ ဘဝပါ။ ကျန်းမာရေးဝန်ဆောင်မှု မရရှိနိုင်မှုဆိုတာ စာရင်းဇယားတစ်ခု မဟုတ်ဘူး။ ရွာကနေ မြို့ကို ဆေးရုံသွားဖို့ တစ်ညလုံး စောင့်ရတဲ့ လူနာတစ်ယောက်ရဲ့ အသက်ပါ။
ကိုမင်းရဲ့ ဇာတ်လမ်းကို အစကနေ ပြန်ဖတ်ကြည့်ရင် အရာအားလုံးဟာ တခုနဲ့တခု ဆက်စပ်နေပါတယ်။ စစ်အာဏာသိမ်းမှု၊ ရွာကနေ ထွက်ပြေးရခြင်း၊ အိမ်ဆုံးရှုံးခြင်း၊ အလုပ်အကိုင် မတည်ငြိမ်ခြင်း၊ နယ်ဝေးရွှေ့ပြောင်းအလုပ်လုပ်ခြင်း ၊ စစ်ရေးပဋိပက္ခကြောင့် အလုပ်ပျက်ခြင်း၊ စစ်မှုထမ်းရမယ့် စိုးရိမ်မှု၊ ရွှေ့ပြောင်းနိုင်ဖို့ ငွေမရှိခြင်း၊ မိသားစုဝင်ဆုံးရှုံးမှု၊ နာရေးစရိတ်နဲ့ အကြွေးတင်ခြင်း၊ ထပ်မံရွှေ့ပြောင်းအလုပ်လုပ်ခြင်း၊ လုပ်အားခမရခြင်း၊ နောက်ထပ်အကြွေး ၊ ဝင်ငွေနည်းခြင်း၊ ကျန်းမာရေးအတွက် ထပ်မံငွေကုန်ခြင်း။
ဒါဟာ လူတစ်ယောက်ရဲ့ “ကံဆိုးမှု” စာရင်းတခု မဟုတ်ပါဘူး။ နိုင်ငံတနိုင်ငံရဲ့ ဒုက္ခက မိသားစုတစ်စုရဲ့ နေ့စဉ်ဘဝထဲ ဘယ်လိုဝင်ရောက်လာသလဲဆိုတဲ့ မှတ်တမ်းတစ်ခုပါ။ ကိုမင်းတည်ဆောက်ဖို့ ကြိုးစားနေတာ အလုပ်တစ်ခု။အိမ်တစ်လုံး။ ကလေးနှစ်ယောက်အတွက် စားစရာ။ဇနီးအတွက် လုံခြုံတဲ့ဘဝ။ မိဘတွေအတွက် အေးချမ်းတဲ့အိုမင်းခြင်း။ဒါပေမယ့်အာဏာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံမှာအဲဒီအရာတွေတောင် သာမန်အခွင့်အရေးမဖြစ်တော့ပါဘူး။စစ်အာဏာရှင် စနစ်ဆိုးလက်အောက်မှာ ပြည်သူတွေဟာ ကိုယ့်ဘဝကိုယ်မပိုင်တော့တာရဲ့ပြယုဂ်ပါ။
စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဆိုတာ ပစ်ခတ်မှုတွေ၊ဗုံကြဲသတ်ဖြတ်မှုတွေ၊ မြို့သိမ်းမှုတွေ၊ ရွာတွေကိုစစ်ကြောင်းထို့ မီးရှိုဖျက်ဆီးမှုတွေ၊ ပြည်သူတွေနှစ်ပေါင်းများစွာနေထိုင်ခဲ့တဲ့အိမ်ရာကို စစ်အုပ်ကကျူးကျော်မြေဆိုပြီးမောင်းထုတ်မှုတွေသာမကပါဘူး။
တဖက်မှာလည်းတိုက်ပွဲတွေရှိနေပြန်ပါတယ်။ကိုမင်းလို လူတွေက နေ့တိုင်း အလုပ်သွားနေကြရတယ်။ အဲဒီနှစ်ခုကြားမှာ မမြင်ရတဲ့ စစ်ပွဲတခု ရှိနေပါတယ်။ မိသားစုတစုရဲ့ ပုံမှန်ဘဝကို မပျက်စီးအောင် ထိန်းထားဖို့ တိုက်နေရတဲ့ စစ်ပွဲ။
ကိုမင်းဟာ အဲဒီစစ်ပွဲကို နှစ်ပေါင်းများစွာ တိုက်နေခဲ့တယ်။ သူ့လက်နက်က ကားစတီယာရင်။ သူ့အင်အားက လုပ်အား။ သူ့နောက်မှာတော့ ဇနီးနဲ့ ကလေးနှစ်ယောက်။ သူ့ရှေ့မှာတော့ မသေချာတဲ့ မနက်ဖြန်။ ပြီးတော့ သူ့ဘဝတလျှောက် ထပ်ခါထပ်ခါ ပြောခဲ့ရတဲ့ စကားတစ်ခွန်း “အလုပ်လုပ်ရင် မိသားစုကို ကျွေးနိုင်မယ်။”
ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက ပြသနေတဲ့ အမှန်တရားကတော့ အလုပ်လုပ်ချင်ရုံနဲ့ မလုံလောက်တော့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာနေပြီဆိုတာပါ။ အိမ်လုံခြုံဖို့၊ အလုပ်လုံခြုံဖို့၊ သွားလာခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိဖို့၊ ကလေးတွေရဲ့ အနာဂတ် မပျက်စီးဖို့၊ပြီးတော့လူတစ်ယောက်ဟာမနက်ဖြန်ကို ကြောက်စရာမလိုဘဲ ဒီနေ့အလုပ်သွားနိုင်ဖို့ ဒါတွေအားလုံး လိုအပ်ပါတယ်။
ကိုမင်းတို့မိသားစုရဲ့ ဇာတ်လမ်းဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်ကို ကိန်းဂဏန်းတွေနဲ့ မပြောဘဲ လူတစ်ယောက်ရဲ့ ဘဝနဲ့ ပြောပြနေတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ အိမ်တစ်လုံး ဆုံးရှုံးတာကနေ စခဲ့တယ်။ နောက်ဆုံးမှာတော့ ဘဝတစ်ခုလုံးကို ပြန်တည်ဆောက်ဖို့ ကြိုးစားနေရတဲ့ မိသားစုတစ်စု ကျန်ခဲ့ပါတယ်။
ဒီဇာတ်လမ်းကို မြန်မာနိုင်ငံနဲ့မဆိုင်တဲ့ အဝေးတနေရာကနေ ကြားရတဲ့သူဆိုရင် ဒီလောက်ဆက်တိုက် ဆိုးရွားတာတွေဟာ တကယ်ရောဖြစ်နိုင်ပါ့မလားလို့ တွေးကောင်းတွေးနိုင်စရာရှိပါတယ်။ဒါပေမယ့်တကယ်ဖြစ်နေပါတယ်။ စက်မှုဇုန်ထဲမှကိုမင်းရှိနေပါတယ်။မြန်မာနိုင်ငံထဲမှာတော့ကိုမင်းပေါင်းများစွာရှိနေပါတယ်။



















































