Connect with us

Hi, what are you looking for?

အတွေးအမြင်

အာဏာရဲ့အရိပ်အောက်မှာ ကျူးလွန်ခဲ့သမျှ ရာဇဝတ်မှုများ တာဝန်ခံရမယ့်နေ့

ဆင်ခြေများဖြင့်ဖုံးကွယ်၍မရသောပြည်သူတို့၏သွေးနှင့်ရေးထားသည့်တရားခံစာရင်း

ခါကာဘို ရေးသားသည်။

စစ်ပွဲဆိုတိုင်း ဥပဒေမဲ့ လုပ်ချင်သလို လုပ်လို့မရဘူးဆိုတာ သင်သိပါသလား။

လူသားသမိုင်းတစ်လျှောက် ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေ၊လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ အရပ်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေကနေ သင်ခန်းစာယူပြီး၊ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ပွဲအတွင်းမှာတောင် လိုက်နာရမယ့်စည်းမျဉ်းဥပ‌ဒေတွေ၊စည်းကမ်းချက်တွေကို တည်ဆောက် ထားပါတယ်။

အဲဒီစည်းမျဉ်းတွေထဲမှာ အခြေခံအကျဆုံး အချက်တစ်ခုကတော့ စစ်ရေးပစ်မှတ်နဲ့ အရပ်သားတွေကို ခွဲခြားပြီး ဆောင်ရွက်ရမယ်ဆိုတဲ့မူပဲ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတဝှမ်း စစ်အာဏာရှင်ကို တော်လှန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အဲဒီအခြေအနေမှာ စစ်အုပ်စုဟာ တော်လှန်ရေးအင်အားစုတွေကို အကြောက်တရားနဲ့ ထိန်းချုပ်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေအင်အားကောင်းလာတဲ့ ဒေသတွေ၊ ၎င်းတို့မစိုးမိုးနိုင်တော့တဲ့ ဒေသ တွေမှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေပြင်းထန်စွာ ပြုလုပ်နေပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေကြောင့် အရပ်သား အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှု အ‌ရေအတွက်ဟာ ဆက်တိုက်မြင့်မားနေပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်က ကျောက်တော်မြို့ရှိ အိန္ဒိယဈေးနဲ့ကစ္ဆပနဒီတံတားအနီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆၀ နီးပါး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ အဲဒီအခြေအနေကို ထင်ရှားစွာ ပြသနေတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေအရ စစ်ဖြစ်နေကြချိန် စစ်ရေးရည်ရွယ်ချက်ရှိနေတောင် အရပ်သားထိခိုက်မှု မရှိအောင် ကာကွယ်ပေးရမယ့် တာဝန်က တိုက်ခိုက်သူဘက်မှာပဲ ရှိပါတယ်။ တိုက်ခိုက်မှုတစ်ခု မလုပ်ခင် အရပ်သားတွေ ထိခိုက်နိုင်မှုကို ကြိုတင်စဉ်းစားပြီး၊ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စေနိုင်တဲ့ တိုက်ခိုက်မှုတွေကိုလည်း ရှောင်ရှားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဈေး၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေ၊ အရပ်သားတွေ ခိုလှုံနေတဲ့ စစ်ဘေးရှောင်စခန်းတွေ ဒါမှမဟုတ် လူနေအိမ်တွေလို နေရာတွေကို တိုက်ခိုက်ပြီးနောက် “အဲဒီနေရာမှာ လက်နက်ကိုင်တွေ ရှိနေခဲ့တယ်” ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ အဲဒီလုပ်ရပ်ကို ဥပဒေကခွင့်လွှတ်ပေးနိုင်မှာ မဟုတ်ပါဘူး။

အကြောင်းကတော့ စစ်ရေးပစ်မှတ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သားတွေရဲ့ အသက်အန္တရာယ်ကို လျစ်လျူရှုခွင့် မရှိတဲ့အတွက် ဖြစ်ပါတယ်။

သမိုင်းတစ်လျှောက်မှာ အာဏာရှင်အစိုးရတွေနဲ့ စစ်ခေါင်းဆောင်တွေဟာ ကိုယ်ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကို အကြောင်းပြချက်မျိုးစုံနဲ့ ကာကွယ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ တချို့က “နိုင်ငံတော် လုံခြုံရေးအတွက်” လို့ ပြောခဲ့ကြသလို၊ တချို့ကလည်း “ရန်သူကို တိုက်ခိုက်တာပဲ ဖြစ်တယ်” လို့ ဆိုခဲ့ကြပါတယ်။ တချို့ကတော့ “အထက်က အမိန့်ပေးလို့ လုပ်ခဲ့တာပါ” ဆိုတဲ့ စကားနောက်ကွယ်မှာ ပုန်းကွယ်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ဒါပေမယ့် နိုင်ငံတကာ တရားစီရင်ရေးသမိုင်းက ပြသခဲ့တဲ့ အချက်ကတော့ ရှင်းပါတယ်။ အမိန့်ပေးခံရတာ၊အမိန့်ရှိခဲ့တာဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ ရာဇဝတ်မှု ကျူးလွန်ခဲ့သူ တစ်ဦးကို အပြစ်ကင်းလွတ်ခွင့် မပေးနိုင်ပါဘူး။

ဒုတိယကမ္ဘာစစ်အပြီးနာဇီဂျာမနီ ခေါင်းဆောင်တွေကို စီရင်ခဲ့တဲ့ နူရင်ဘတ် (Nuremberg) တရားစီရင်မှုဟာ ဒီအခြေခံသဘောတရားကို ကမ္ဘာ့တရားစီရင်ရေးသမိုင်းမှာ အရေးအကြီးဆုံးအဖြစ် သတ်မှတ်ခံရတဲ့ အမှုတွေထဲက တစ်ခု ဖြစ်ပါတယ်။

၁၉၄၅ ခုနှစ်ကနေ ၁၉၄၆ ခုနှစ်အထိ ပြုလုပ်ခဲ့တဲ့ နူရင်ဘတ်တရားစီရင်မှုမှာ နာဇီဂျာမနီရဲ့ ထိပ်တန်းခေါင်းဆောင်တွေနဲ့ စစ်ဘက်အရာရှိတွေကို စစ်ပွဲကျူးလွန်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် စစ်ဆေးခဲ့ပါတယ်။တရားခံ ၂၂ ဦးအနက် ၁၉ ဦးကို ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပြီး ၁၂ ဦးကို သေဒဏ်၊ ၃ ဦးကိုထောင်ဒဏ်တစ်သက်၊ ၄ ဦးကို ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။

အဲဒီတရားစီရင်မှုမှာ “ခေါင်းဆောင်က အမိန့်ပေးလို့ လုပ်ခဲ့တာပါ”ဆိုတဲ့ အကြောင်းပြချက်ကိုလက်မခံခဲ့ပါဘူး။အကြောင်းကတော့ လူတစ်ဦးချင်းစီဟာ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေအပေါ် ကိုယ်တိုင်တာဝန်ယူရမယ်ဆိုတဲ့အခြေခံမူကြောင့် ဖြစ်ပါတယ်။

နူရင်ဘတ်တရားစီရင်မှုနောက်ပိုင်းမှာဒီအခြေခံမူဟာ နိုင်ငံတကာရာဇဝတ်မှုတွေကို စီရင်ရာမှာ အရေးကြီးတဲ့ စံနှုန်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

ယူဂိုဆလားဗီးယား ပြိုကွဲမှုအတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို စစ်ဆေးဖို့ ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICTY)ကလည်း ထိပ်တန်းခေါင်းဆောင်တွေတင်မကဘဲ အဲဒီကျူးလွန်မှုတွေမှာ ပါဝင်ခဲ့သူတိုင်းကိုစီရင်ခဲ့ပါတယ်။

ဘော့စနီးယားဆာ့ဘ်တပ်ဖွဲ့ရဲ့စစ်ခေါင်းဆောင်ရတ်ကိုမလာဒီချ်(Ratko Mladić)ကို ဆရီဘရီနီဆာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့မှုအတွက်၂၀၁၇ခုနှစ်မှာထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ပါတယ်။

ဒါပေမယ့်တရားစီရင်ခံရသူတွေဟာမလာဒီချ်လို ထိပ်တန်းခေါင်းဆောင်တွေပဲ မဟုတ်ခဲ့ပါဘူး။ အမိန့်တွေကို အကောင်အထည်ဖော်ခဲ့သူတွေနဲ့ တိုက်ရိုက်ကျူးလွန်ခဲ့သူတွေကိုလည်း သူတို့ကိုယ်တိုင် လုပ်ဆောင်ခဲ့တဲ့ အပြုအမူတွေအပေါ် မူတည်ပြီးကျူးလွန်ခဲ့တဲ့အတိုင်း အပြစ်ဒဏ်ခံရစေတာ ဖြစ်ပါတယ်။

ဒီသဘောတရားအတိုင်းရဝမ်ဒါလူမျိုးတုံးသတ်ဖြတ်မှုအပြီးမှာလည်း ထပ်မံစီရင်ခံခဲ့ရပါတယ်။

၁၉၉၄ ခုနှစ် ရဝမ်ဒါနိုင်ငံမှာ လူပေါင်းရှစ်သိန်းခန့် သေဆုံးခဲ့ရတဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားပြီးနောက် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICTR) ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီခုံရုံးက နိုင်ငံရေး ခေါင်းဆောင်တွေ၊ အစိုးရအရာရှိတွေနဲ့ တိုက်ရိုက်ပါဝင်ကျူးလွန်ခဲ့သူတွေအားလုံးကို စစ်ဆေးအရေးယူခဲ့ပါတယ်။

ရဝမ်ဒါ ဝန်ကြီးချုပ်ဟောင်းဂျင်းကမ်ဘာဒါ (Jean Kambanda)ကိုလည်းလူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတွေအတွက် ၁၉၉၈ ခုနှစ်မှာ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပြီး သူဟာ နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရအကြီးအကဲအဖြစ် ဒီလိုပြစ်မှုတွေအတွက် ပြစ်ဒဏ်ချမှတ်ခံရတဲ့ ပထမဆုံးသူ ဖြစ်လာခဲ့ပါတယ်။

ရဝမ်ဒါဖြစ်ရပ်က ပြသခဲ့တာကတော့ ရာဇဝတ်မှုကြီးတွေမှာ တာဝန်ရှိသူဆိုတာ ထိပ်ဆုံးမှာရှိတဲ့ ခေါင်းဆောင်တွေပဲ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။ လူသတ်မှုတွေကို စီစဉ်သူ၊ အမိန့်ပေးသူ၊လှုံ့ဆော်သူ၊လက်တွေ့အကောင်အထည်ဖော်သူ တစ်ဦးချင်းစီမှာ ကိုယ်ကျူးလွန်ခဲ့တာအတွက် ကိုယ်ပိုင်တာဝန် ရှိတယ်ဆိုတာ နိုင်ငံတကာတရားစီရင်မှုက ပြသခဲ့ပါတယ်။

ဒီအယူအဆကို ဆီယာရာလီယွန် (Sierra Leone) ပြည်တွင်းစစ်အပြီး ဖြစ်ပေါ်လာတဲ့ တရားစီရင်မှု မှာလည်း ထပ်မံတွေ့ရပါတယ်။

လိုက်ဘေးရီးယား (Liberia) သမ္မတဟောင်း ချားလ်စ် တေလာ (Charles Taylor) ဟာ ဆီယာရာလီယွန်ပြည်တွင်းစစ်အတွင်း ကျူးလွန်ခဲ့တဲ့ လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတွေမှာ တိုက်ရိုက် လက်နက်ကိုင်ပြီး ပါဝင်ခဲ့သူ မဟုတ်ပေမယ့် သူပေးခဲ့တဲ့ လက်နက်၊ အထောက်အပံ့နဲ့ နိုင်ငံရေးအကူအညီတွေကြောင့် တာဝန်ရှိသူအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

၂၀၁၂ ခုနှစ်မှာ အထူးတရားရုံးက ချားလ်စ် တေလာကို စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတွေကို အားပေးကူညီခဲ့မှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် ၅၀ နှစ် ချမှတ်ခဲ့ပါတယ်။

ဒီအမှုက ပြသခဲ့တဲ့ အချက်က ရှင်းပါတယ်။ ရာဇဝတ်မှုတစ်ခုမှာ တာဝန်ယူရမယ့်သူဆိုတာ ကိုယ်တိုင်လက်နက်ကိုင်ပြီး လုပ်ခဲ့မှ မဟုတ်ပါဘူး။ ရာဇဝတ်မှုဖြစ်လာအောင် အခြေအနေ ဖန်တီးပေးသူ၊ အထောက်အပံ့ပေးသူ၊ သိသိကြီးနဲ့ ကူညီပေးသူတွေမှာလည်း တာဝန်ရှိနိုင်ပါတယ်။

ဒါကြောင့် “အမိန့်အတိုင်း လုပ်ခဲ့တာပါ” သို့မဟုတ် “ကိုယ်တိုင် တိုက်ရိုက်ကျူးလွန်ခဲ့တာ မဟုတ်ပါဘူး” ဆိုတဲ့ အကြောင်းပြချက်တွေဟာ ရာဇဝတ်မှုကနေ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။

အမိန့်ပေးသူဟာ အဓိကတာဝန်ရှိသူ ဖြစ်နိုင်ပေမယ့် အဲဒီအမိန့်ကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက် သေဆုံးနိုင်တယ်ဆိုတာ သိရှိနေပြီး အကောင်အထည်ဖော်ခဲ့သူတွေ၊ တားဆီးနိုင်တဲ့ အခွင့်အရေး ရှိပေမယ့် မတားဆီးခဲ့သူတွေမှာလည်းကိုယ်ပိုင်တာဝန်တွေရှိပါတယ်။

ယနေ့ခေတ်မှာတော့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ထားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အရပ်သားတွေရဲ့ လက်ထဲက ဖုန်းမှတ်တမ်းတွေ၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ၊ မျက်မြင်သက်သေတွေ၊ ဆက်သွယ်ရေး မှတ်တမ်းတွေ ဒါတွေ အားလုံးဟာ တစ်နေ့နေ့မှာ တရားစီရင်ရေးအတွက် အရေးကြီးတဲ့ အထောက်အထားတွေ ဖြစ်လာနိုင်မှာမို့ပါပဲ။

အရပ်သားတွေ အသက်ဆုံးရှုံးမှု၊ မိသားစုတွေရဲ့ ဘဝပျက်စီးမှု၊ ကလေးလူငယ်တွေရဲ့ ပျောက်ဆုံးသွားတဲ့ အနာဂတ်တွေဟာ စစ်ရေးမှတ်တမ်းတွေထဲက ကိန်းဂဏန်းသာ မဟုတ်ပဲ ဆုံးရှုံးမှုကြီးမားတဲ့ လူသားတွေရဲ့ဘဝတွေမို့ ခွင့်လွှတ်လိုက်စရာ၊ မေ့ပစ်စရာ ဖြစ်ရပ်တွေ မဟုတ်ပါဘူး။

အပြစ်မဲ့ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ကျူးလွန်ခဲ့ကြသူတွေဟာ အချိန်ကာလတစ်ခုမှာ တရားဥပဒေရဲ့ အဆုံးအဖြတ်နဲ့ မလွဲမသွေ ရင်ဆိုင်ရမှာဖြစ်ပြီး၊ ကိုယ်ကျူးလွန်ခဲ့သမျှအတွက် ကိုယ်ပြန်ပေးဆပ်ရမှာ ဖြစ်ပါတယ်။

အာဏာရှိနေချိန်မှာ တချို့လူတွေက မိမိတို့ကို ဘယ်သူမှ မထိနိုင်ဘူးလို့ ယုံကြည်တတ်ကြပါတယ်။ အာဏာ၊ လက်နက်နဲ့ အုပ်ချုပ်ရေးစနစ်တွေက မိမိတို့ကို ကာကွယ်ပေးနိုင်မယ်လို့ ထင်တတ်ကြပါတယ်။

သမိုင်းကို ပြန်ကြည့်ပါ။ ဘယ်အာဏာရှင်ရဲ့ လက်ထဲက အာဏာကမှ မတည်မြဲခဲ့ပါဘူး။ အာဏာပြိုလဲ သွားတဲ့အခါ ကျန်ရစ်တာကတော့ မိမိတို့ ဖုံးကွယ်ထားခဲ့တဲ့ ရာဇဝတ်မှုမှတ်တမ်းတွေနဲ့ အဲဒီလုပ်ရပ် တွေအတွက် ရင်ဆိုင်ရမယ့် တာဝန်ခံမှုတွေပဲ ဖြစ်ပါတယ်။

အချိန်ဟာ အမှန်တရားကို ခဏသာ ဖုံးကွယ်ပေးနိုင်ပေမယ့် ရာဇဝတ်မှုတွေအတွက် တရားမျှတမှု ရရှိရေးကိုတော့ အဆုံးမဲ့တားဆီးနိုင်ခြင်း မရှိပါဘူး။

ကိုးကား –
• Geneva Conventions and International Humanitarian Law
• International Military Tribunal (Nuremberg Trials, 1945–1946)
• International Criminal Tribunal for the Former Yugoslavia (ICTY)

ဆက်စပ်သတင်းများ

အတွေးအမြင်

ရခိုင်ပြည်နယ်ထဲကကျောက်တော်ကိုအာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတယ်။ပြည်သူ ၅၀ ကျော်သေတယ်။ ရှာမရသေးတာ။ အစအနပျောက်သွားတာတွေ ရှိသေးတယ်။ပြည်သူ ၆၀ ကျော်ထိခိုက်ဒဏ်ရာရတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သုံးသပ်ဆောင်းပါး

(အမေရိကန်အခြေစိုက် The Diplomat ၏ သုံးသပ်ချက်)

သတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်ကောင်စီထံ ရောက်ရှိနေတဲ့ လေယာဉ်ဆီနဲ့ လက်နက်၊ ငွေကြေး အရင်းအမြစ်များကို ပိတ်ဆို့အရေးယူဖို့ ပျက်ကွက်တာဟာ ကြားနေဆုံး ဖြတ်ချက်တစ်ခု မဟုတ်ဘဲ စစ်တပ်က အရပ်သားများကို ဆက်လက်ဗုံးကြဲ သတ်ဖြတ်ဖို့ တက်ကြွစွာ ခွင့်ပြုပေးလိုက်တဲ့ ဆုံးဖြတ်ချက်ပင် ဖြစ်ကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) ထုတ်ပြန်ခဲ့ပြီး စစ်တပ်က...