သျှီသျှား ရေးသားသည်။
ဟောဒီက မောင်သျှားလည်း မီဒီယာသမားပါပဲ။သို့ပေတဲ့ ဒီတစ်ခေါက် Time မဂ္ဂဇင်းနဲ့ နိုင်ငံတော်ဇွတ်သမ္မတ အမှုမှာတော့ သူ့ဟာသူ အာဏာရှင်မကလို့ အာဏာရှင့်ဖအေဖြစ်နေပါစေ မအလဘက်က မောင်သျှား အပြည့် အဝ ရပ်တည်တယ်။
ဟုတ်တယ်လေ။သူတို့ဆောင်းပါးအဖွင့်မှာတင်ကြည့်ဦးလေ။အခန်းထဲ မှန်ကြီးယူလာတဲ့အကြောင်းနဲ့ စဖွင့်ရတယ် လို့။ သူ့ဟာသူ မှန်ကြိုက်လို့ မှန်ယူလာတာပဲ ကိုယ်လုံးပေါ်မကလို့ ခန်းလုံးပြည့်ယူယူပေါ့။ နံရံပြည့်ကပ်ကပ်ပေါ့။ အဲဒါကို ထုတ်ပြောစရာလား။ အခုတော့ နိုင်ငံတော်ဇွတ်သမ္မတကြီး မှန်ကြိုက်တတ်မှန်း အကုန်သိကုန်ပြီ။ အဲဒါ ထက်ပိုခက်တာက နိုင်ငံတော်ဇွတ်သမ္မတကြီးအနား ကပ်ဖို့ချောင်းနေတဲ့ ခရိုနီ၊ ခရိုပြာ၊ ခရိုဝါ၊ ခရိုစိမ်းတွေက အခု မှန်ဆိုင်တွေမှာ တန်းစီတိုးနေကြပြီ။ ဆီတိုးတာထက်အောင် အတန်းက ရှည်နေသေး။ လမ်းတွေပါပိတ်လို့။ ဟို မင်းသမီးလေးယောကျ်ား ခရိုစိမ်းပေါက်စတောင် တန်းစီတဲ့အထဲပါသေး။
လာသေးတယ်။သူ့ဟာသူ အနောက်နဲ့ပြန်ဆက်ဆံချင်တယ်လို့ ဖွင့်ပြောလာတာမှာလည်း ခင်ဗျားတို့က အပြစ် မလွတ်ပြန်ဘူး။ ခေါင်းစဉ်ကြီးတောင် တင်လိုက်သေး။ သူ့ခမျာ အရှေ့နဲ့ဆက်ဆံလာရတဲ့အကြိမ်ပေါင်းက မနည်းတော့ဘူးမဟုတ်လား။ဒီတော့အနောက်နဲ့လည်း ဆက်ဆံချင်ရှာမှာပေါ့။ တွက်ကြည့်လေ ရုရှားတို့၊ တရုတ်တို့နဲ့ ဆက်ဆံလာတာလည်း အကြိမ်ရေမနည်းတော့ဘူး မဟုတ်လား။ ဒီတော့ သူလည်း အပြောင်းအလဲလေးလုပ်ပြီး ဆက်ဆံချင်ရှာမှာပေါ့လို့ ဖြည့်တွေးလေး တွေးမပေးနိုင်ကြဘူးလား။

Public Service Announcement
ကျန်သေးတယ်။ နိုင်ငံတော်ဇွတ်သမ္မတကြီး ဆံပင်ပါးလျှပ်နေတာကိုပါ သူတို့မချန်ဘူး။ လူသိအောင်ထုတ်ပြော ထားသေးတယ်။ အဲဒီပါးလျှပ်လျှပ်ဆံပင်တွေကို လူမြင်မခံနိုင်လို့ ဖုံးဖို့၊ ဖိဖို့ကြိုးစားနေတယ်။ ဘယ်ထောင့်ကနေ ကင်မရာယူရိုက်ပါဆိုတာထိ ထည့်ပြောလိုက်တာတော့ လွန်တာပေါ့။ အေး…အဲဒီတော့ ဘာဖြစ်သလဲ။ ဟုတ်လား။ အဲဒီတော့ မှန်ဆိုင်မှာတန်းစီနေတဲ့ ခရိုနီ၊ ခရိုပြာ၊ ခရိုဝါ၊ ခရိုစိမ်းတွေထဲကတစ်ဝက်လောက်က ဆံပင်သန်ဆေး၊ ဆံပင်ပြန်ပေါက်ဆေးဆိုင်တွေဘက်ပြောင်းပြီး တန်းစီရတော့တာပေါ့။ အွန်လိုင်းရှော့တွေမှာလည်း တန်းစီတိုးနေ ကြသတဲ့။ ဒါက ခရိုနီနိုင်ငံရေး၊ ခရိုနီစီးပွားရေးမဟုတ်လား။ အားစိုက်ကြရပေမပေါ့။
ပြီးတော့ရှိသေးတယ်။ မွေးကင်းစကနေ အခုသေခါနီးအရွယ်အထိ သူ့ဟာသူ ပြောနိုင်လို့ သီကာပတ်ကုံး ပြောတာ လေ။ မိနစ် ၃၀ စာမကလို့ နာရီ ၃၀ စာဖြစ်ဖြစ်ပေါ့။ ခင်ဗျားတို့က ဘာဖြစ်နေတာလဲ။အွန်လိုင်းက တင်တာလေ။ စက္ကူကုန်တာကျလို့။ထုတ်လွင့်ပေးလိုက်ပေါ့။ မကြည့်ချင်တဲ့သူတွေ ကျော်သွားပေါ့။ မဟုတ်ဘူးလား။ အေး… သူပြောသမျှ စက္ကူနဲ့ ပုံနှိပ် ရိုက်ထုတ်ပါဦး လွန်ရောကျွံရောကုန် စက္ကူတစ်တန်၊ နှစ်တန်လောက်ပဲပေါ့။ ဒါလေးကို ဘာတွေထဖြစ်။ ဘာတွေအဖြစ်သည်း။ အဲ့သလောက် ကပ်စေးနည်းနေရင်လည်း အစကတည်းက လာမဗျူးပါနဲ့ တော့လား။
ကဲ…အခုတော့ အဲဒီမိနစ် ၃၀ စာကြီးကို သူ့လက်အောက် မီဒီယာပလက်ဖောင်းစုံကနေ ထုတ်လွှင့်နေပြီ။ နိုင်ငံတွင်း လှည်းနေလှေအောင်းမြင်းဇောင်းမကျန် အိမ်ပေါက်စေ့ မကြည့်မနေရဆိုပြီး ဥပဒေထုတ်လိုက်ရင် ပိုမခက်ချေဘူးလား။
ပြောဦးမယ်။ ဓာတ်ပုံကိစ္စ။ အဲဒီအိုမင်းရွတ်တွပုပ်သိုးနေတဲ့ ပုံကြီးကို လူအများကြား ချပြစရာလား။ (မောင်သျှားဆို အဲဒီညက အိပ်တောင်မပျော်ဘူး။ ကြောက်နေလို့။) ဒါက သူ့ပကတိရုပ်လေလို့တော့ လာမပြောနဲ့။ စောစောကသိ လမ်းညွှန်ပေးလိုက်မယ်။ ကြေးမုံတို့ မြန်မာ့အလင်းတို့ဆီသွားပေါ့။ အဲဒီမှာက ဖိုတိုရှော့အရာမှာ တစ်ဖက်ကမ်းခပ် တဲ့ ဆရာကြီးတွေရှိတယ်။ မယုံရင် မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာတွေသွားလှန်ကြည့်။ နိုင်ငံတော်ဇွတ်သမ္မတ ကြီးရဲ့ ပုံတွေများဆို နုဖပ်အုအပ်နေတာ။ အပြင်ပကတိနဲ့တခြားစီ။ အဲဒီတစ်ဖက်ကမ်းခပ်ဆရာကြီးတွေက ဆင် မည်းတောင် ဆင်ဖြူဖြစ်အောင် လုပ်နိုင်စွမ်းတယ်။ ဘာမှတ်လဲ။ အခုတော့ ဒီအိုမင်းရွတ်တွပုပ်သိုးနေတဲ့ပုံကြီးကို အများပြည်သူအမြင်မသင့်အောင်ချပြမှတော့ နိုင်ငံတော်ဇွတ်သမ္မတကြီး ဒေါသမထွက်ဘဲနေမလား။ ခင်ဗျားတို့ ကလဲ။
ထပ်ပြောဦးမယ်။ မှတ်တမ်းယူဖို့ ခန်းမထဲကို ရုပ်သံကင်မရာကြီးတွေ သွင်းလာလို့ အံ့သြသလို၊ ကဲ့ရဲ့သလိုပြောနေ ကြသေးဆို။ ကျုပ်တို့ နိုင်ငံတော်ဇွတ်သမ္မတကြီးက ခေသူမဟုတ်ဘူးဆိုတာ ခင်ဗျားတို့ အခုသိပြီမဟုတ်လား။ အေမီစျာန်ဆီမှာ သုံးလပြတ်သင်တန်းတက်ထားဖူးတယ်။ ဒီတော့ ခင်ဗျားတို့ အခုလို လုပ်ချင်ရာလုပ်မယ်ဆိုတာ ကြိုသိလို့ သူ့လက်ထဲ မှတ်တမ်းကျန်အောင် ဒီလိုစီစဉ်ရတာလေ။ ကြိုမြင်လို့စီစဉ်တာလေ ဒါအပြစ်တဲ့လား။
အကယ်၍များ အဲ့ဒီလိုလုပ်မထားဘူး။ ခင်ဗျားတို့ဘက်လည်း အခုလိုတွေလုပ်လာမယ်ဟေ့ဆို နိုင်ငံတော်ဇွတ် သမ္မတကြီးဘက်မှာ ပြစရာအထောက်အထား ဘယ်ကျန်တော့မလဲ။ ဒီလိုဆိုရင် ခင်ဗျားတို့ကို သူ့ဆီပြန်ခေါ်၊ အင်တာဗျူးဖို့ စက်တင်တွေပြန်ချ။ ခန်းမထဲကို ကိုယ်လုံးပေါ်မှန်ကြီးပြန်သယ်။ ပြီးရင် အမြှုပ်ထွက်၊ တံတွေးစင်တဲ့ အထိ နောက်
ထပ်တစ်နာရီစာ အင်တာဗျူးကြီးကို ပြန်ရိုက်ပြီး မှတ်တမ်းပြန်ယူနေရမှာပေါ့။ အခုလိုကြိုသိပြီး ကြိုစီစဉ်ထားတော့ အဲဒီဘက်က ရော့ဆိုရင် ဒီဘက်ကလည်း ဂွက်ခနဲ နေ့မဆိုင်းတုံ့ပြန်လို့ရသွားတာပေါ့။ ဟင်း… ဟင်း…ဟင်း။
ဒီနေရာမှာ Time မဂ္ဂဇင်းဘက်ကနေကြည့်မယ်ဆိုရင် တစ်ခုတော့ နားလည်ပေးနိုင်တာရှိတယ်။ အဲဒါက ဘာလဲဆို တော့ သူတို့ဘက်က “the Future of Myanmar”ဆိုတဲ့ခေါင်းစဉ်နဲ့ အင်တာဗျူးလုပ်လိုတယ်လို့ ဆက်သွယ်လာ တာ။ ဒါလည်း နိုင်ငံတော်ဇွတ်သမ္မတကြီး တပည့်တွေ စာထုတ်တုံ့ပြန်မှသိရတာ။ သူတို့လိုချင်တာ မြန်မာ့အနာ ဂတ်အကြောင်းလေ။ ဒါကို နိုင်ငံတော်ဇွတ်သမ္မတကြီးက အင်တာဗျူးချိန် ၁ နာရီအတွင်း သူ့ငယ်ဘဝတွေနဲ့ပဲ နောက်ကြောင်းပြန်နေတာ ရှေ့မှ မရောက်တော့တာကိုး။ ဒီတော့ Time က သူတို့လိုချင်တဲ့ Future ကို ရောက် မလာလို့ NUG ကော၊ ရှောင်တာနယ်ကော၊ ဦးဂမ္ဘီရကောနဲ့ သိုင်းကာဝိုင်းကာ အခုလိုဆောင်းပါး လုပ်ပစ်လိုက်တာ လည်းဖြစ်နိုင်တယ်။ သူတို့က Future ဆို ကိုယ်ကလည်း Future လိုက်ပေါ့။ အခုတော့ အူယားဖားယားနဲ့ ပြန်ရှင်းနေရပြီ။ တယ်ခက်ပါ့။
သိုင်းတယ်၊ ဝိုင်းတယ်ဆိုလို့ ပြောရဦးမယ် Time က လာဗျူးမယ်ဆိုတော့ Time ကို သူလေ့လာတယ်။ ကြေးမုံနဲ့ မြန်မာ့အလင်းက ဖိုတိုရှော့ဆရာတွေရဲ့လက်စွမ်းလို ဝင်းပကြည်တောက်နေမယ့်သူ့မျက်နှာကြီး Time မဂ္ဂဇင်း မျက်နှာဖုံးကြီးမှာ ဖော်ပြခံရတော့မယ်လို့ သူ့ခမျာထင်ရှာတယ်။ တကယ့်လက်တွေ့ကျ ခင်ဗျားတို့က အဲ့ဒီလိုမဟုတ် မည်းသည်းပြဲကွဲနေတဲ့ မျက်နှာကြီးကို ထုတ်ပြလာသလို မျက်နှာဖုံးမှာလည်းမဟုတ် အွန်လိုင်းမှာ။ အဲဒီထက် ပိုဆိုးတာက သီးသန့်အင်တာဗျူးဆိုပြီး တကယ်လုပ်လာတော့ ဆောင်းပါး။
ဆောင်းပါးမှာမှ ဆိုခဲ့သလို NUG ယာယီသမ္မတ ဒူဝါလရှီလ၊ အမေရိကန်သံအမတ်ကြီးဟောင်းစကော့မာစီရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေး ရှောင်တာနဲလ်၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုများဆိုင်ရာရုံး(UNODC)က ဂျာရမီဒေါက် ကလတ်စ်၊ ရွှေဝါရောင်သံဃာ့အရေးအခင်းဦးဆောင်ဆရာတော်ဦးဂမ္ဘီရ၊ သတင်းစာဆရာ ဦးအောင်ဇော်၊ ဒေါ်မွန်မွန် မြတ်တို့နဲ့ သိုင်းဝိုင်းထားတဲ့ဆောင်းပါးကြီး။ ဆိုးသထက်ပိုဆိုးတာက အဲဒီဆောင်းပါးမှာ သူ့ခမျာ ဇာတ်လိုက်မင်း သားနေရာက မပါရဘဲ ဗီလိန်နေရာကြီးကဆိုတော့ ခင်ဗျားတို့မလွန် ဘယ်သူလွန်သလဲ။ ကဲ…ပြော။
ဒီတော့ ဘာဖြစ်သလဲ…ဟုတ်လား။ အခု နိုင်ငံတော်ဇွတ်သမ္မတကြီးက သူ့အခန်းအပြင်ကို ထွက်မလာတော့ဘူး။ ရှက်လို့ ထွက်မလာတာ မဟုတ်ဘူးနော်။ သူလိုလူမှာ မွေးကတည်းက အဲဒါပါမလာဘူး။ မထွက်တာက ခင်ဗျားတို့မီဒီယာမျက်ခွက်ကို မကြည့်ချင်လို့တဲ့။ သူ့အခန်းရှေ့မှာတောင် စာတွေ သေချာကပ်ထားသေးတယ်။ “မီဒီယာ မဝင်ရ”တဲ့။ “အင်တာမဗျူးရ”တဲ့။ “မေးခွန်းမမေးရ”တဲ့။ အခုဆို “အဘ ထမင်းစားမလား။ ရေသောက်မလား” ဆိုတဲ့ မေးခွန်းမျိုးတောင် အမေးမခံတော့ဘူးတဲ့။ အင်တာဗျူးကို အဲ့လောက်အထိ စိတ်နာသွားတာ။ ကဲ…မခက်ချေ ဘူးလား။
သူဒီလိုအပြင်မထွက် လူလုံးမပြ။ အရင်လို လတ်လျားလတ်လျားနဲ့ ပွဲတွေမတက်။ မေးခွန်းတွေ အမေးမခံ။ မိန့်ခွန်း တွေ မပြောတော့ဘူးဆိုတော့ နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ၊ ဘဝဆင်းရဲနဲ့ မွန်းကျပ်လှောင်ပိတ်နေတဲ့ ကျုပ်တို့အတွက် စိတ်အပန်းဖြေစရာတစ်ခုဖြစ်တဲ့ သူ့ရဲ့ ဆာဝါဒီစကပ်တို့၊ စပိုင်စီဘတ်တို့၊ ပါဝါပိုင့်တို့ဆိုတဲ့ စကားအသစ်အဆန်းတွေ၊ ကြက်ဥတစ်လုံး…ဘလာ…ဘလာ၊ လျှပ်စစ်ကား ဘလာ…ဘလာ၊ အာကာသဆီ ဘလာ …ဘလာ၊ ကုန်စျေးနှုန်း ဘလာ…ဘလာ၊ မြန်မာ့ဒီမိုကရေစီ ဘလာ…ဘလာဆိုတာတွေ မကြားရတော့ဘူးပေါ့။
ဒါကြောင့် ဟောဒီက မောင်သျှားကလည်း ခင်ဗျားတို့ Time မဂ္ဂဇင်းကို နိုင်ငံတော်ဇွတ်သမ္မတကြီးနဲ့အတူ ပြင်းထန် စွာ ကန့်ကွက်ရှုတ်ချလိုက်ရပါကြောင်း။


















































