Connect with us

Hi, what are you looking for?

ဆောင်းပါး

အမေရိကန်၏ ဒီမိုကရေစီတန်ဖိုးများမှ မြေရှားသတ္တုအကျိုးစီးပွားဘက်သို့

အမေရိကန် နှင့် မြန်မာစစ်အုပ်စု၏ လမ်းကြောင်းပြောင်းဆက်ဆံမှု

မြေရှား | Rare Earth Watch

မဲခေါင် ရေးသားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ၏ စစ်အုပ်စုကို နိုင်ငံတကာအသိုင်းအဝိုင်းက သီးခြားခွဲထုတ်ရန်ကြိုးပမ်းခဲ့ကြသည်။အထူးသဖြင့်အမေရိကန်ပြည်ထောင်စုသည် ဒီမိုကရေစီစနစ်ကို ဖျက်ဆီးကာ အာဏာကိုလက်နက်ဖြင့် သိမ်းယူခဲ့သည့် စစ်ခေါင်းဆောင်များနှင့် စီးပွားရေး၊ နိုင်ငံရေး ဆက်ဆံမှုများကို ကန့်သတ်ခဲ့ပြီး၊ စစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

သို့သော် ယခုအခါ ထိုမူဝါဒသည် အကြီးအကျယ် ပြောင်းလဲလာနေသည်။ Reuters သတင်းတွင် ဖော်ပြထားသည့်အတိုင်း ဒေါ်နယ်ထရန့် အစိုးရသည်မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုနှင့် တိုက်ရိုက်ဆွေးနွေးမှုများ စတင်နေပြီဟု ဖေါ်ပြထားသည်။ ယင်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အမေရိကန်နှင့်မြန်မာစစ်အုပ်စုကြားအဆင့်အမြင့်ဆုံးထိတွေ့ဆက်ဆံမှုတစ်ခုဖြစ်လာသည်။

Public Service Announcement

Public Service Announcement

ဤအပြောင်းအလဲသည် သာမန် သံတမန်ရေး လှုပ်ရှားမှုတစ်ခုသာ မဟုတ်ပါ။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေကို အခြေခံသည်ဟုနှစ်ပေါင်းများစွာ ပြောဆိုလာခဲ့သည့် အမေရိကန်နိုင်ငံခြားရေးမူဝါဒသည် ယခုအခါ အကျိုးစီးပွားကို ဦးစားပေးသည့် အရောင်းအဝယ်ဆန်သော ဆက်ဆံရေးဘက်သို့ ရွေ့လျားလာနေခြင်းကို ပြသနေသည်။

စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထောက်လှမ်းရေးနှင့်သုတေသနဆိုင်ရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဗန့်စ် (Michael Vance)သည်နေပြည်တော်သို့ သွားရောက်ပြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံမှုသည်မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသော အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အာဒမ် ကက်စတီလို (Adam Castillo)လွတ်မြောက်ရေးကိုအဓိကထားခဲ့ခြင်းဖြစ်သော်လည်း၊ အမှန်တကယ်တွင် ထိုထက်ပိုမိုကျယ်ပြန့်သောဆက်ဆံရေးအတွက် တံခါးဖွင့်ပေးလိုက်သည့်သ​ဘောအဖြစ် ရှုမြင်ရသည်။

မေးစရာမှာ အမေရိကန်အစိုးရအနေဖြင့် မည်သည့်အတွက်ကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများကျူးလွန်​နေသည်ဟု စွပ်စွဲခံနေရသော စစ်အုပ်စုနှင့် ထိုကဲ့သို့ တိုက်ရိုက်ဆက်ဆံရန် ရွေးချယ်ခဲ့သနည်း ဆိုသည့်အချက် ဖြစ်သည်။

မင်းအောင်လှိုင်သည် ယနေ့အထိ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှု အောက်တွင် ရှိနေဆဲဖြစ်သည်။အကြောင်းရင်းမှာ ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ မွတ်စလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးရစေမှု များတွင်တာဝန်ရှိသူတစ်ဦးအဖြစ် သတ်မှတ်ခံထားရခြင်း ဖြစ်သည်။

ထိုအပြင် အမေရိကန်အရာရှိ မိုက်ကယ် ဗန့်စ် မြန်မာနိုင်ငံသို့ လာရောက်ပြီး နှစ်ပတ်ပင် မပြည့်မီချိန်တွင် မြန်မာစစ်တပ်က ရခိုင်ပြည်နယ်ရှိ လူစည်ကားသော ဈေးတစ်ခုကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး လူ ၅၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အရာရှိများက ပြောကြားခဲ့သည်။

ဒီအခြေအနေအောက်မှာပင်အမေရိကန်အစိုးရက စစ်အုပ်စုနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ခြင်းသည် မြန်မာပြည်သူများအတွက်သာမက နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများအတွက်ပါ အလွန်အန္တရာယ်ရှိသော အချက်ပြမှုတစ်ခု ဖြစ်လာသည်။

အကြမ်းဖက်မှုများကျူးလွန်နေသော အာဏာပိုင်များနှင့် စီးပွားရေးအကျိုးစီးပွားအတွက်သာ အဆင်ပြေသည့် ဆက်ဆံရေးတည်ဆောက်ခြင်းသည် ထိုအာဏာပိုင်များကို နိုင်ငံရေးအရအသက်ရှူခွင့်ပေးခြင်းသာဖြစ်တော့သည်။

အထူးသဖြင့် မြန်မာပြည်သူများသည် လေကြောင်းတိုက်ခိုက်မှုများ၊ဖမ်းဆီးမှုများ၊ အကြမ်းဖက်မှု များနှင့် ရင်ဆိုင်နေရချိန်တွင် အင်အားကြီးဒီမိုကရေစီနိုင်ငံတစ်ခုက စစ်အုပ်စုနှင့် တံခါးပိတ်ဆွေးနွေးမှုများပြုလုပ်ခြင်းသည်မည်သည့်သတင်းစကားကိုပေးနေသနည်း ဆိုသည်မှာအလွန်အရေးကြီးသော မေးခွန်းဖြစ်လာသည်။

အမေရိကန်အစိုးရဘက်ကမူ စစ်အုပ်စုနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းသည် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးနှင့် ဆက်ဆံရေးကို ရပ်တန့်လိုက်ခြင်း မဟုတ်ကြောင်း ပြောဆိုထားသည်။နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ တိုမီ ပိဂေါ့တ် (Tommy Pigott) က အမေရိကန်အနေဖြင့် မိမိတို့၏ အကျိုးစီးပွားနှင့် သက်ဆိုင်သည့် ကိစ္စရပ်များတွင် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးနှင့် ထိတွေ့ဆက်ဆံနေပြီး၊ အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ဆက်လက်တောင်းဆိုနေကြောင်း ပြောခဲ့သည်။

သူက “ပြဿနာတွေကို လျစ်လျူရှုထားရုံနဲ့မဖြေရှင်းနိုင်ပါဘူး။ ဖြေရှင်းချက်ရှာမှပဲ ပြဿနာတွေ ပြေလည်မှာပါ” ဟုဆိုခဲ့သည်။

သို့သော် ဤအကြောင်းပြချက်သည် လက်တွေ့အခြေအနေနှင့် ကိုက်ညီမှုရှိပါသလားဆိုသည်မှာ စဉ်းစားရမည့်အချက် ဖြစ်သည်။

အာဏာသိမ်းပြီးနောက် လေးနှစ်ကျော်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခ၏ အဓိကပြဿနာမှာ စစ်အုပ်စုနှင့်မဆွေးနွေးခဲ့ခြင်းကြောင့်မဟုတ်ပါ။အဓိကပြဿနာမှာ စစ်အုပ်စုက ပြည်သူလူထု၏ ဆန္ဒကို လက်နက်အားကိုးပြီး ဖိနှိပ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဒီမိုကရေစီကို ဖျက်ဆီးထားသော အဖွဲ့အစည်းတစ်ခုနှင့် “ပြဿနာဖြေရှင်းရေး” ဟူသော အမည်ဖြင့် တရားဝင်သဘောဆန်သည့် ဆက်ဆံရေးတည်ဆောက်ခြင်းသည် ပြဿနာ၏ အရင်းခံကို မဖြေရှင်းဘဲ အာဏာသိမ်းသူများ၏ နိုင်ငံရေးရပ်တည်ချက်ကို ပိုမိုခိုင်မာစေနိုင်သည့် အန္တရာယ်ရှိနေသည်။

အမေရိကန်နှင့် စစ်အုပ်စုကြား ယခုထိတွေ့ဆက်ဆံမှု၏ အဓိကအကြောင်းရင်းတစ်ခုမှာ အမေရိကန်နိုင်ငံသားများထံမှ ဒေါ်လာဘီလီယံပေါင်းများစွာ လိမ်လည်နေသည့် မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့် (Scam) စခန်းများကို တိုက်ဖျက်ရေးလည်း ပါဝင်သည်ဟုဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းလိမ်လည်မှု (Cyber Scam) စခန်းများသည် နိုင်ငံတကာအဆင့် ပြဿနာတစ်ခု ဖြစ်လာခဲ့ပြီး၊ အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) သည်လည်းအဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာစစ်အုပ်စုနှင့် တိုက်ရိုက်ဆက်သွယ်မှုများ ပြုလုပ်ခဲ့သည်။

သို့သော် ဤနေရာတွင် အရေးကြီးသော အချက်တစ်ခု ရှိသည်။

ကျားဖြန့် (Scam) စခန်းများ၏ အများစုသည်စစ်အုပ်စုနှင့် နီးစပ်သည့် ပြည်သူ့စစ်များ၊ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများတွင် တည်ရှိနေသည်။ ထိုလုပ်ငန်းများမှ ရရှိသည့် ဝင်ငွေအချို့သည် စစ်တပ်နှင့် ဆက်နွယ်နေသည့် အဖွဲ့အစည်းများထံ စီးဝင်နေသည်ဟု စွပ်စွဲမှုများလည်း ရှိနေသည်။

ထိုအခြေအနေအောက်တွင် စစ်အုပ်စုသည် ကျားဖြန့်လုပ်ငန်းများကိုအမှန်တကယ် အမြစ်ဖြတ်လိုသည့် ဆန္ဒရှိပါသလား၊သို့မဟုတ် နိုင်ငံတကာဖိအား လျှော့ချရန်အတွက်သာ အရေးယူပြသနေပါသလားဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

“ယခုအမေရိကန်၏ မြန်မာစစ်အုပ်စုနှင့် ပြန်လည်ထိတွေ့လာမှုတွင် အဓိကအချက်တစ်ခုအဖြစ် မျက်ခြည်မပြတ်စောင့်ကြည့်ရမည့်အရာမှာ မြန်မာနိုင်ငံ၏ မဟာဗျူဟာအရေးပါသော မြေရှားသတ္တု (Rare-earth Minerals) အရင်းအမြစ်များအပေါ် အမေရိကန်၏ တိုးမြင့်လာသော စိတ်ဝင်စားမှု ဖြစ်သည်။”

မြေရှားသတ္တုများသည် လျှပ်စစ်ကား (Electric Vehicles)များ၊ လေအားလျှပ်စစ်တာဘိုင် (Wind Turbines) များသာမက စစ်လက်နက်များနှင့် ခေတ်မီနည်းပညာပစ္စည်းများ ထုတ်လုပ်ရာတွင် အရှိမဖြစ် အရေးပါသော သတ္တုများ ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား ထိုအရင်းအမြစ်များ ရရှိရေးသည် မဟာဗျူဟာအရေးပါမှု မြင့်တက်လာနေသည်။

Reuters သတင်းအရ အမေရိကန်နှင့် မြန်မာစစ်အုပ်စုကြားဆွေးနွေးမှုများတွင်ထိုမြေရှားသတ္တုများရရှိနိုင်ရေးကိစ္စလည်းပါဝင်ခဲ့သည်။

သို့သော် ထိုကိစ္စမှာလည်း ရိုးရှင်းသော စီးပွားရေးကိစ္စတစ်ခု မဟုတ်ပေ။ မြန်မာနိုင်ငံရှိ မြေရှားသတ္တု ထွက်ရှိရာ နေရာအများစုသည် စစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများတွင် ရှိနေသည်။ ထို့အပြင် မြန်မာ့သတ္တုတင်ပို့မှုတွင် အဓိကအခန်းကဏ္ဍယူထားသည့် တရုတ်နိုင်ငံ အနေဖြင့်လည်း အမေရိကန်၏ ပါဝင်လာမှုကို မိမိ၏ မဟာဗျူဟာအကျိုးစီးပွားအတွက် စိန်ခေါ်မှုတစ်ခုအဖြစ်မြင်နိုင်သည်။

အဓိကပြဿနာမှာ မြန်မာပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေးနှင့် လူ့အသက်များထက် သတ္တုအရင်းအမြစ်၊ စီးပွားရေးအကျိုးအမြတ်နှင့် မဟာဗျူဟာအကျိုးစီးပွားများကို ပိုမို အရေးထားသည့် မူဝါဒတစ်ရပ် ဖြစ်လာမည်ကို စိုးရိမ်ရခြင်း ဖြစ်သည်။

အမေရိကန်သည် ကမ္ဘာတစ်ဝန်းတွင်လူ့အခွင့်အရေးနှင့်ဒီမိုကရေစီတန်ဖိုးများကိုကာကွယ်သူအဖြစ် ရပ်တည်ခဲ့သည်။ သို့သော် အာဏာရှင်အစိုးရများနှင့် ဆက်ဆံရာတွင် ထိုတန်ဖိုးများထက် အကျိုးစီးပွားကို ဦးစားပေးလာပါက အမေရိကန်၏ နိုင်ငံတကာယုံကြည်မှုကို ထိခိုက်စေနိုင်သည်။

မြန်မာနိုင်ငံတွင်ယနေ့ရင်ဆိုင်နေရသောအခြေအနေသည် ဆွေးနွေးပွဲ မရှိခြင်းကြောင့် မဟုတ်ပါ။ ပြည်သူ့အာဏာကို လက်နက်ဖြင့် သိမ်းယူထားသည့် အာဏာရှင်စနစ်ကြောင့် ဖြစ်သည်။

ထိုအချက်ကို မျက်ကွယ်ပြုပြီး အာဏာသိမ်းသူများနှင့် ပုံမှန်နိုင်ငံတကာဆက်ဆံရေး တည်ဆောက် ပေးခြင်းသည် မြန်မာပြည်သူများ၏ ဒီမိုကရေစီအိပ်မက်ကို နောက်ထပ်တစ်ကြိမ် ထိခိုက်စေနိုင်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသည် အဓိကအားဖြင့် စစ်အုပ်စုကို နိုင်ငံရေးနှင့် စီးပွားရေးအရ သီးခြားခွဲထုတ်ရန် ရည်ရွယ်ခဲ့သည်။ထိုအချိန်က သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) အစိုးရသည် နယူးယောက်ဖက်ဒရယ်အရံဘဏ် (Federal Reserve Bank of New York) တွင်ရှိသော မြန်မာနိုင်ငံပိုင်ပစ္စည်းများကိုထိန်းချုပ်ခဲ့ပြီးစစ်အုပ်စု၏ထိပ်တန်းခေါင်းဆောင်များနှင့် စစ်တပ်နှင့် ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

ထို့အပြင် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ကွန်ဂရက်သည် မြန်မာ့ဒီမိုကရေစီအင်အားစုများအတွက် လက်နက်မဟုတ်သော အကူအညီများ၊ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ကြိုတင်သတိပေးနိုင်မည့် စနစ်များနှင့်စစ်သားများဘက်ပြောင်းလာစေရန် ရည်ရွယ်သည့် အစီအစဉ်များကို ခွင့်ပြုပေးခဲ့သည်။သို့သော်ထရန့်အစိုးရ၏နိုင်ငံခြားအကူအညီ ပြန်လည်သုံးသပ်မှုအတွင်း အဆိုပါ အစီအစဉ်အများစုကို ရပ်ဆိုင်းခဲ့ကြောင်း Reuters က ဖော်ပြခဲ့သည်။

ယခုအခြေအနေကို ကြည့်မည်ဆိုလျှင် အမေရိကန်၏ မြန်မာမူဝါဒသည် “အာဏာရှင်ကို ဖိအားပေး၍ ဒီမိုကရေစီပြန်လည်ရရှိရေး” ဆိုသည့်လမ်းကြောင်းမှ“အာဏာရှိသူနှင့်အကျိုးစီးပွားအတွက်ဆက်ဆံရေးတည်ဆောက်ရေး” ဆိုသည့် လမ်းကြောင်းဘက်သို့ ရွေ့လျားလာနေသည်ဟု မြင်ရသည်။

နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် လက်တွေ့ကျသော အကျိုးစီးပွား (Pragmatic Interest) သည် အရေးကြီးသည်မှာ မှန်သည်။ သို့သော် အမေရိကန်ကဲ့သို့ ဒီမိုကရေစီတန်ဖိုးများ၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေကို အခြေခံတန်ဖိုးများဖြစ် နှစ်ပေါင်းများစွာ ကြွေးကြော်ခဲ့သည့်နိုင်ငံတစ်ခုအနေဖြင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးစေခဲ့သော စစ်အုပ်စုနှင့် ဆက်ဆံရာတွင် မည်သည့်အရာကို ဦးစားပေးသင့်သနည်းဆိုသည်မှာ မေးခွန်းကြီးတစ်ခု ဖြစ်လာသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသောပဋိပက္ခသည် သာမန် နိုင်ငံရေးအငြင်းပွားမှုတစ်ခု မဟုတ်ပါ။ပြည်သူလူထုက ရွေးချယ်ထားသည့် အစိုးရကို လက်နက်အားကိုးဖြင့်အနိုင်ကျင့် ဖြုတ်ချခဲ့သည့် အာဏာသိမ်းမှုမှစတင်ခဲ့ခြင်း ဖြစ်သည်။

ထိုအာဏာသိမ်းမှုနောက်ပိုင်းတွင် အရေအတွက် သိန်းဂဏန်းရှိသော ပြည်သူများ သေဆုံးခဲ့ရပြီး၊ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုများ၊ ဖမ်းဆီးမှုများ၊ နေအိမ်များ မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ဖြစ်ပွားနေသည်။

ထိုအခြေအနေအောက်တွင် စစ်အုပ်စုနှင့် အဆင့်မြင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ခြင်းသည် နိုင်ငံရေးအရ မှားယွင်းသော သတင်းစကားတစ်ခု ပေးပို့နိုင်သည်။ အာဏာကို အကြမ်းဖက် နည်းလမ်းဖြင့် ရယူထားသူများအနေဖြင့်နောက်ဆုံးတွင်နိုင်ငံတကာအသိုင်းအဝိုင်း၏ လက်ခံမှုကိုရရှိနိုင်သည်ဟူသော အမြင်ကို ပိုမိုခိုင်မာစေနိုင်သည်။

အမေရိကန်၏ ယခုချဉ်းကပ်မှုကို ဝေဖန်သူများထဲတွင် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ထိပ်တန်းဒီမိုကရက်အမတ် ဂရက်ဂိုရီ မီးခ်စ် (Gregory Meeks) လည်း ပါဝင်သည်။ သူက ယခုမူဝါဒ ပြောင်းလဲမှုသည် “အမေရိကန်၏ တန်ဖိုးများနှင့် အကျိုးစီးပွား နှစ်ခုလုံးနှင့် ဆန့်ကျင်နေသည်” ဟုဝေဖန်ခဲ့သည်။

ထိုဝေဖန်ချက်တွင်အဓိကအချက်တစ်ခုသည် လူ့အခွင့်အရေးကို လျစ်လျူရှုပြီး အာဏာရှင်အစိုးရများ နှင့် ဆက်ဆံခြင်းသည် ရေရှည်တွင် အမေရိကန်၏ ကိုယ်ပိုင်အကျိုးစီးပွားကိုပင် ထိခိုက်စေနိုင်သည်။

အကြောင်းမှာ နိုင်ငံတကာယုံကြည်မှုဆိုသည်မှာ စီးပွားရေးစာချုပ်များ၊ သတ္တုရင်းမြစ်များနှင့် မဟာဗျူဟာအကျိုးအမြတ်များထက် ပိုမိုတန်ဖိုးရှိသောအရာဖြစ်သောကြောင့် ဖြစ်သည်။

တစ်ဖက်တွင်စစ်အုပ်စုသည်လည်းဝါရှင်တန်တွင် မိမိတို့အတွက် နိုင်ငံရေးအထောက်အပံ့ ရရှိရန် လော်ဘီ လုပ်ဆောင်မှုများကို တိုးမြှင့်လုပ်ဆောင်နေသည်။

Reuters ၏ ဖော်ပြချက်အရ ဧပြီလတွင် ထရန့်နှင့် နီးစပ်သူဟောင်းရော့ဂျာစတုန်း (Roger Stone) သည် စစ်အုပ်စု၏ပြန်ကြားရေးဝန်ကြီးဌာနကို ကိုယ်စားပြု၍ DCI Group တွင် အကြံပေးအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။

ဤအချက်သည် စစ်အုပ်စုက နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရေးအတွက် စစ်မြေပြင်သာမက နိုင်ငံရေးနယ်ပယ်တွင်ပါ ကြိုးပမ်းနေကြောင်း ပြသနေသည်။

အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံရှိ ပြဿနာများကို ဖြေရှင်းလိုပါက စစ်အုပ်စုနှင့်သာ ဆက်ဆံခြင်းထက် မြန်မာပြည်သူများ၏ ဆန္ဒ၊ ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပိုမိုကျယ်ပြန့်သော ဆွေးနွေးမှုများ ပြုလုပ်သင့်သည်။

ကျားဖြန့် (Scam)ပြဿနာကိုဖြေရှင်းရန် လိုအပ်သည်မှာ မှန်သည်။ မြေရှားသတ္တု (Rare-earth Minerals) ကဲ့သို့သော မဟာဗျူဟာအရင်းအမြစ်များအပေါ် အာရုံစိုက်ရန်လည်း နိုင်ငံတိုင်းတွင် အခွင့်အရေးရှိသည်။

သို့သော် ထိုအကျိုးစီးပွားများအတွက်လူ့အ

ခွင့်အရေးနှင့် တရားမျှတမှုကို နောက်တန်းပို့လိုက်မည် ဆိုပါက အမေရိကန်က ကိုယ်တိုင် ကာကွယ်ခဲ့သည့် ဒီမိုကရေစီတန်ဖိုးများကို ဆန့်ကျင်သွားမည် ဖြစ်သည်။

မြန်မာပြည်သူများအတွက်ယနေ့လိုအပ်နေသည်မှာ စစ်အုပ်စုအား နိုင်ငံတကာစင်မြင့်ပေါ်တွင်ပြန်လည်အသက်သွင်းပေးမည့်ဆက်ဆံရေးမဟုတ်ပါ။

လိုအပ်နေသည်မှာ အာဏာသိမ်းမှု၏ အကျိုးဆက်များကို ရင်ဆိုင်နေရသော ပြည်သူများဘက်တွင် ရပ်တည်ပေးမည့်နိုင်ငံတကာအသိုင်းအဝိုင်း၏ တိကျသော ရပ်တည်ချက်ဖြစ်သည်။

အမေရိကန်ကဲ့သို့သောအင်အားကြီးနိုင်ငံများသည် အာဏာရှိသူနှင့်သာ စကားပြောမည်ဆိုပါက ကမ္ဘာတစ်ဝန်းရှိ အာဏာရှင်များအတွက် အန္တရာယ်ရှိသော သင်ခန်းစာတစ်ခု ဖြစ်သွားနိုင်သည်။

အာဏာကို လက်နက်ဖြင့် သိမ်းယူနိုင်သည်၊ ပြည်သူများကို ဖိနှိပ်နိုင်သည်၊ နောက်ဆုံးတွင် အကျိုးစီးပွားရှိလာသောအခါ နိုင်ငံတကာ၏ တံခါးများ ပြန်ဖွင့်လာမည်ဆိုသည့်အယူအဆသည် ဒီမိုကရေစီအတွက် အလွန်အန္တရာယ်ကြီးသော လမ်းကြောင်းဖြစ်သည်။

ထို့ကြောင့် အမေရိကန်အစိုးရအနေဖြင့် မြန်မာစစ်အုပ်စုနှင့် ဆက်ဆံရေးတိုးမြှင့်ခြင်းမပြုမီ မိမိတို့ ကြွေးကြော်ခဲ့သည့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုဆိုသည့် အခြေခံတန်ဖိုးများကို ပြန်လည်စဉ်းစားသင့်သည်။

မြန်မာပြည်သူများ၏ အသက်၊ လွတ်လပ်ခွင့်နှင့် အနာဂတ်သည် မည်သည့် မြေရှားသတ္တုရင်းမြစ်ထက်မဆို ပိုမိုတန်ဖိုးရှိသော အရာဖြစ်သည်။

ကိုးကား – Reuters

(အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနဲ့သုတေသနဆိုင်ရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီးမိုက်ကယ်ဗန့်စ်/အ​မေရီကန်ကိုယ်စားလှယ်အဖွဲ့​လေယာဥ် ​နေပြည်​တော်မှာ စက်တင်ဘာလလယ်ကဆိုက်ကပ်ခဲ့စဥ်။ဓါတ်ပုံ-ရိုက်တာ၊စစ်​ကောင်စီ)

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

ဆောင်းပါး

မြေရှားသတ္တုနောက်ကွယ်က မြန်မာ့ပဋိပက္ခနှင့် အိန္ဒိယ၏ နှစ်လမ်းသွား မဟာဗျူဟာ

ဆောင်းပါး

တရုတ်နိုင်ငံက အမေရိကန်ကို မြေရှားသတ္တုပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရခဲ့သလဲ ? – မဲခေါင် ရေးသားသည်။ CBC News ရဲ့ “About That” အစီအစဉ်မှာ “တရုတ်နိုင်ငံက အမေရိကန်ကို မြေရှားသတ္တုပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရခဲ့သလဲ” ဆိုတဲ့ မေးခွန်းကို အခြေခံပြီး၊ လက်ရှိ ကမ္ဘာ့နည်းပညာနဲ့ ကာကွယ်ရေး...

ဆောင်းပါး

ယနေ့ ကမ္ဘာဟာ စစ်ပွဲနဲ့ ပထဝီနိုင်ငံရေး တင်းမာမှုတွေ မြင့်တက်နေတဲ့ခေတ်ကို ဖြတ်သန်းနေပါတယ်။ ရုရှား-ယူကရိန်းစစ် ဆက်လက်ပြင်းထန်နေသလို၊ အရှေ့အလယ်ပိုင်းမှာအမေရိကန်-အီရန်တင်းမာမှုတွေလည်း မြင့်တက်နေပါတယ်။အရှေ့အာရှမှာ တရုတ်ရဲ့ ထိုင်ဝမ်အပေါ် စစ်ရေးဖိအားတွေ တိုးလာနေပြီး၊ မြန်မာနိုင်ငံမှာလည်း ပြည်တွင်းစစ်က အဆုံးမသတ်နိုင်သေးပါဘူး။

Facebook