ရှဉ့်ညို ရေးသားသည်။
တချို့နယ်စပ်တွေဟာမြေပုံပေါ်ကမျဉ်းကြောင်းတကြောင်း၊ တချို့နယ်စပ်တွေကတော့ လူတယောက်ရဲ့ဘဝကို နှစ်ခြမ်းခွဲပစ်တဲ့ နံရံတချပ်ဖြစ်တယ်။
“အကွာအဝေး” ဆိုတာ ဘာလဲဆိုတာကို စဉ်းစားမိတယ်။လူနှစ်ယောက်ကြားမှာတစ်ကီလိုမီတာ ကွာနိုင်တယ်။ဒါပေမယ့်တစ်ယောက်နဲ့တစ်ယောက်တွေ့နိုင်တယ်။တစ်ချို့ကတော့၂၀၀မီတာ(၆၅၆ဘပေကျော်)ပဲကွာတယ်။ဒါပေမယ့်တွေ့ဖို့မဖြစ်နိုင်ဘူး။တချို့ကမိုင်ထောင်ချီဝေးစေဦးတော့အရောက်သွားပြီး အလုပ်လုပ်နိုင်တဲ့အခွင့်အရေးရှိတယ်။
တချို့ကတော့ ချောင်းလေးတခု ကျော်လိုက်ရုံလေးနဲ့ ရောက်နိုင်ပေမယ့်အလုပ်လုပ်နိုင်ခွင့်တောင်မရှိဘူး။အဲဒီအခါအကွာအဝေးဆိုတာ မြေပြင်ပေါ်က အတိုင်းအတာမဟုတ်တော့ပါဘူး။အာဏာကသတ်မှတ်ထားတဲ့ အတိုင်းအတာ ဖြစ်သွားတာပါ။

Public Service Announcement
မီတာ၂၀၀အကွာအဝေးဆိုတာပေနဲ့ ပြောရင် ပေ ၆၅၀ ကျော်၊ ခြေလှမ်းနဲ့ဆိုရင် ခြေလှမ်း ၂၆၀ ခန့်၊ ၅ မိနစ်မကြာပဲရောက်နိုင်တဲ့ အကွာအဝေးသာပါ။မူစတာဖာ(Mustafa)နဲ့ သူ့သားကြားမှာ မီတာ ၂၀၀ ပဲ ကွာဝေးပါတယ်။ ဒါပေမယ့် နံရံ၊ စစ်ဆေးရေးဂိတ် (checkpoint)၊ permit နဲ့ လူတစ်ယောက်ရဲ့ နိုင်ငံသားအဆင့်အတန်းတွေကအဲဒီ ၂၀၀ မီတာ(ပေ ၆၅၀ ကျော်)ကို၂၀၀ကီလိုမီတာ( ၁၂၄ မိုင်ကျော်)လိုဖြစ်သွားစေတယ်။
ပါလက်စတိုင်း ဒါရိုက်တာ အမီးန် နေဖေ့ (Ameen Nayfeh) ရဲ့ ၂၀၂၀ က ပါလက်စတိုင်းရုပ်ရှင် “200 Meters” မှာ မူစတာဖာ နဲ့ သူ့မိသားစု ရဲ့ ရွာနှစ်ရွာက ပါလက်စတိုင်း နဲ့ အစ္စရေးတဖက်တချက်မှာ။ မီတာ ၂၀၀ အကွာက အိမ်နှစ်လုံး။ မူစတာဖာက ပါလက်စတိုင်းဖက်မှာ။ သူ့ကလေး ၃ ယောက်နဲ့ ဇနီးက အစ္စရေးဖက်မှာ။ မနက်ဆို မူစတာဖာက အစ္စရေးဖက်ကို သွားပြီး ဆောက်လုပ်ရေးတခုမှာ အလုပ် လုပ်တယ်။ သူ့မိသားစုဆီ ခဏသွားနိုင်တယ်။ညဆိုပါလက်စတိုင်းဖက်က အိမ်ကို ပြန်လာ။ဟိုဖက် ဒီဖက် အစွန်ဆုံးက အိမ်ကလေးနှစ်လုံးက အလွယ်တကူသွားလို့မရပဲ အကွာအဝေးက နီးနီးလေးမှာပါ။
ညဆို မူစတာဖာကသူ့အိမ်ဝရံတာက မီးလုံးလေးတွေကို ဖွင့်လိုက် ပိတ်လိုက်နဲ့ ကလေးတွေကို နှုတ်ဆက်တယ်။ကလေးတွေက မီးလေးတွေကို ကြည့်ပြီးပျော်ကြတယ်။ ဒီလိုနှုတ်ဆက်ပြီး သူတို့ အိပ်ယာဝင်ကြတယ်။ဒါ ညတိုင်းပါပဲ။မူစတာဖာရဲ့ဇနီးကသူ့ကို အစ္စရေး ID(သက်သေခံလက်မှတ်) ပြောင်းစေချင်တယ်။သူ့မှာ ပြောင်းဖို့ အခွင့်အရေးလည်းရှိတယ်။ ဒါပေမယ့် သူ့ ယုံကြည်ချက်၊ သူ့ခံယူချက်ကြောင့် သူ မပြောင်းနိုင်ဘူး။ ကလေးတွေ အမေကတော့ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးတို့ အတွက် အစ္စရေး ID နဲ့ အစ္စရေးဖက်မှာပဲ နေတယ်။
အစ္စရေးဖက်ကိုဝင်ဖို့ မနက်တိုင်းအစ္စရေးစစ်ဆေးရေးဂိတ်ကို မူစတာဖာတို့ဖြတ်ကြရတယ်။ ဂိတ်မှာ လက်ဗွေနှိပ်စစ်တယ်။ အလုပ် လုပ်ခွင့်ပါမစ် စာရွက်စာတန်းစုံစစ်တယ်။ သံဇကာတွေကာထားတဲ့ စစ်ဆေးရေးဂိတ်မှာ အစ္စရေးဖက်ကိုအလုပ်သွားကြမယ့် ပါလက်စတိုင်းသားတို့က တို့ဝှေ့လို့ အပြည့်အကြပ်။ ဒီဖက်မှာ အလုပ်အကိုင် ရှားပါးတော့ ဟိုဖက်မှာပဲ သွားပြီး လုပ်ကြရတာ။
တရက်မှာတော့ မူစတာဖာ ဟိုဖက်ကို ဖြတ်လို့မရတော့ဘူး။ သူ့ အလုပ်ပါမစ်က သက်တမ်းကုန်နေပြီ ဆိုပြီး ဂိတ်က ဖြတ်ခွင့်မပေးတော့ဘူး။သူ့သားလေး ကားတိုက်ခံရလို့ ဆေးရုံမှာ ခွဲစိတ်ခန်းဝင်ရမယ်ဆိုတဲ့ ဖုန်းရတော့သူ သွားမှကို ဖြစ်တော့မယ်။ ငွေများများယူပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်ပေးတဲ့လူမှောင်ခိုကားနဲ့ပဲ သူ့ခရီးက စ တော့တယ်။အဲဒီတစ်ခါမှာတော့ မီတာ ၂၀၀ က သူ့အတွက် တကယ့်ကို အလွန်ဝေးသွားတယ်။ တရားဝင်လမ်းက မလွယ်တဲ့အခါ လူတွေဟာ တရားမဝင်လမ်းကို ရွေးဖို့ တွန်းပို့ခံရတယ်။
ကားပေါ်မှာသူနဲ့အတူ အစ္စရေးဖက်မှာ အလုပ်သွားရှာမယ့် လူငယ်လေးတယောက်၊ ဂျာမန် အမျိုးသမီး မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူနဲ့ သူ့ မရဲ့ချစ်သူပါလက်စတိုင်းတယောက်တို့ ပါကြတယ်။ သူတို့တွေရဲ့ ရည်ရွယ်ချက်တွေကမတူကြပေမယ့်မီတာ၂၀၀ ကိုဖြတ်ဖို့အတွက်သူတို့အားလုံး အန္တရာယ်တစ်ခုတည်းထဲဝင်လာကြတာပါ။
ဒီကားကနေစပြီး ရုပ်ရှင်ဟာ checkpoint (စစ်ဆေးရေးဂိတ်)တစ်ခုကနေ နောက်တစ်ခုကို ရွေ့သွားတယ်။ကြည့်နေတဲ့သူ ကလည်း checkpoint ရောက်တိုင်း “ဘာဖြစ်တော့မလဲ” ဆိုပြီး စိုးရိမ်စိတ်နဲ့ စောင့်နေရတယ်။ အဲဒီစောင့်နေရတဲ့ခံစားချက်ကပဲ ဒီရုပ်ရှင်ရဲ့ ရင်တထိတ်ထိတ်ဖြစ်စေတဲ့ ဖိအားပါပဲ။
သတင်းတွေထဲမှာပဲ ဖတ်ခဲ့ရ သိခဲ့ရတာတွေကိုသူတို့ရဲ့အနုပညာထဲမှာ မြင်လိုက်ရတဲ့အခါ ခံစားရတာကပြောင်းသွားပြီ။အပြင်ကအဝေးကနေ သိရတာမျိုးမဟုတ်တော့ပဲ အတွင်းထဲထိ ဝင်ကြည့်လိုက်ရသလိုမျိုး။ ပြီးတော့ သူတို့ရဲ့ ရင်ဆိုင်နေကြရတာတွေကို ကြည့်နေရင်း ဖြစ်လာတဲ့ ကိုယ်ချင်းစာစိတ်။ အစ္စရေး စစ်ဆေးရေးဂိတ်တခုမှာ အစ္စရေးစစ်သားက ကားကိုတားပြီးစစ်တဲ့အခါ သူတို့ရဲ့ စိုးရိမ်စိတ်။တခါက စီးလာတဲ့ တက္ကစီကို တားပြီး မြန်မာစစ်သားက “ကားပေါ်ကဆင်း”လို့ပြောခဲ့တဲ့အချိန် ကိုယ့်မှာဖြစ်ခဲ့တဲ့စိတ်။ အခြေအနေ အကြောင်းအရာ မတူပေမယ့် ကြောက်စိတ်နဲ့ အတူ ဖြစ်လာတဲ့ မကျေနပ်၊ ခံပြင်း၊ မသေချာတော့တဲ့ အခြေအနေက အတူတူပါ။
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လူငယ်တွေအများအပြားထွက်ခွာကြတယ်။ အရင်ခေတ် နှစ်ပေါင်းများစွာ ကတော့ “ထိုင်းဘက်သွားရင် အလုပ်ရမယ်” ဆိုတဲ့ အကြောင်းပြချက်ကိုအဓိကကြားရတယ်။တောင်ပေါ်သွားကြတယ်ဆိုတာကို မကြာခဏကြားရနေကျ။ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံမှာထက် အလုပ်ပိုရှိလို့၊လုပ်အားခပိုကောင်းလို့၊ မိသားစုကို ပိုကောင်းကောင်း ထောက်ပံ့ချင်လို့ နယ်စပ်ဖြတ်ကြတယ်။
ဒါပေမယ့်စစ်အာဏာသိမ်းပြီးတဲ့နောက်အခုခေတ်မှာ လူငယ်တစ်ယောက်ရဲ့ ထွက်ခွာခြင်းဟာ “အလုပ်ရှာဖို့” ဆိုတာမျိုး မဟုတ်တော့ဘူး။ စစ်မှုထမ်းအတွက် အဖမ်းဆီးမခံရအောင် အသက်ဘေးအတွက် ပြေးရတာဖြစ်သွားပြီ။
တရားဝင် အစီအစဉ်တွေနဲ့ သွားလို့ရတဲ့လူငယ်တွေကသွားကြတယ်။ တရားဝင်သွားဖို့မလွယ်တဲ့ သူတွေက တရားမဝင် နယ်စပ်ဖြတ်ကြတယ်။မူစတာဖာတို့လိုပဲနယ်စပ်ဖြတ်ပေးတဲ့ မှောင်ခိုကားတွေနဲ့ အန္တရာယ်လမ်းကို ရွေးချယ်ကြရတယ်။ အပြည့်အသိပ် လူတွေကို တင်လာလို့ အသက်ရှုလို့မရ ဖြစ်ကြရတာတွေ၊ အဲလိုကားတွေ မှောက်လို့ အသက်ဆုံးရတာတွေ၊ ကားတစီးလုံး ဖမ်းဆီးခံလိုက်ရတာ တွေကို မကြာခဏ သိနေရတယ်။ ကားထဲက လူတွေအတွက်ကားကလွတ်မြောက်ရာလမ်းလည်း ဖြစ်နိုင်တယ်။
ကားက ဖမ်းဆီးခံရမယ့်နေရာလည်း ဖြစ်နိုင်တယ်။ ကားက အသက်ရှင်ဖို့ မျှော်လင့်ချက်လည်း ဖြစ်နိုင်တယ်။တစ်ချိန်တည်းမှာ အသက်အန္တရာယ်လည်း ဖြစ်နိုင်တယ်။ ဒီနှစ်မျိုးကြားက မသေချာမှုဟာ 200 Meters က ကားတစ်စီးအတွင်းမှာနဲ့ ထိုင်းနိုင်ငံ ကန်ချနာဘူရီ (Kanchanaburi) က မြန်မာတွေပါတဲ့ ကားတစီးအတွင်းမှာနဲ့ အတူတူပါပဲ။
မြန်မာ–ထိုင်းနယ်စပ်ကို ဖြတ်ရင်ရော စစ်ဆေးရေးဂိတ်တခုမှာ ကားတစ်စီးကိုရပ်လိုက်တာနဲ့ဖိအားက အတူတူပါပဲ။ ဘယ်သူတွေလဲ။ စာရွက်စာတမ်းရှိလား။ ဘယ်ကလာတာလဲ။ ဘယ်ကိုသွားတာလဲဆိုတဲ့ မေးခွန်းတွေဟာ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ချက်ချင်းပြောင်းသွားစေနိုင်တာပါ။ အပြင်ကကြည့်တဲ့ သူတယောက်အတွက်နယ်စပ်ဖြတ်ကျော်ခြင်းဆိုတာဇာတ်လမ်းတခုဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကားထဲက လူတယောက်အတွက်တော့ “ငါ့ဘဝ” ပါ။
ပါလက်စတိုင်း ဒရိုက်တာက ပါလက်စတိုင်းသရုပ်ဆောင်တွေနဲ့ ပါလက်စတိုင်းမှာပဲ ရိုက်ခဲ့တယ်။ တကယ့် check point ကို ခက်ခက်ခဲခဲ ရိုက်ခဲ့တယ်။ ခွဲခြားရေးနံရံကြီး (Separation Wall) ကို မြင်ရစေတယ်။ ပြီးတော့ဒါရိုက်တာ အမီးန် နေဖေ့ ရဲ့ ကိုယ်ပိုင်အတွေ့အကြုံကလည်း ဒီရုပ်ရှင်နဲ့ နီးနီးကပ်ကပ် ဆက်နွယ်နေတယ်။
သူ့ရဲ့အမေက separation wall ကြီးရဲ့ တဖက်က ပါလက်စတိုင်းရွာက။ နံရံကြီးမဆောက်ခင်က တဖက်က အဖိုး အဖွားနဲ့ ဦးလေး အဒေါ်တို့ဆီကို တက္ကစီ စီးပြီးသွားလို့ရခဲ့တယ်။ နံရံတည်ဆောက်ပြီးနောက် သွားဖို့မလွယ်ကူတော့ဘူး။သူ့မိသားစုရဲ့တစ်စိတ်တစ်ပိုင်းနဲ့ ရုတ်တရက် ခွဲခြားခံလိုက်ရပါတယ်။သူက အဲဒီအတွေ့အကြုံကို ကလေးဘဝရဲ့ “trauma” တစ်ခုလို့ ပြောခဲ့တယ်။ နံရံကြောင့် သူ့အဖွားရဲ့ နောက်ဆုံးအချိန်တွေမှာ သူ့အဖွားနဲ့အတူ ရှိခွင့် မရခဲ့ဘူးလို့ သူက ပြောပါတယ်။ ရရှိခဲ့တဲ့ ခွင့်ပြုချက်က ၈ နာရီသာဖြစ်ပြီး အဲဒီအချိန်အတွင်း အဖွားနဲ့ နောက်ဆုံးအချိန်တွေကို ဖြတ်သန်းခဲ့ရတယ်လို့ Al Jazeera ရဲ့ အင်တာဗျူးမှာ ဖော်ပြထားပါတယ်။ “200 meters” ဟာ သူ့ဘဝတိုက်ရိုက်မဟုတ်ပေမယ့် ‘၂၀၀ မီတာ’ ဆိုတဲ့ အကွာအဝေးကို ရုပ်ရှင်ထဲမှာ လူသားတွေရဲ့ ခွဲခွာမှုအဖြစ် ပြန်လည်ဖန်တီးဖို့ တွန်းအားပေးခဲ့တာပါ။
ပါလက်စတိုင်းနဲ့ မြန်မာကို တူတယ်လို့ မပြောပါဘူးသမိုင်းမတူဘူး။ နိုင်ငံရေးအခြေအနေမတူဘူး။ နယ်စပ်စနစ်မတူဘူး။ လူတွေရဲ့ အကြောင်းပြချက်တွေလည်း မတူပါဘူး။ ဒါပေမယ့် နယ်စပ်တစ်ခုက လူတစ်ယောက်ရဲ့ ခရီးကို အန္တရာယ်များတဲ့ ခရီးတစ်ခု ဖြစ်အောင်လုပ်နိုင်တာချင်းတူပါတယ်။ အဲဒီခဏမှာ လူတစ်ယောက်ရဲ့ “ခရီး” ဟာ သူ့ဘဝတစ်ခုလုံး ဖြစ်သွားနိုင်တာမျိုးပါ။
“200 Meters” ရဲ့ ၂၀၀ မီတာကလည်း အဲဒါပါပဲ။ မီတာနဲ့တိုင်းလို့ရတဲ့ အကွာအဝေးမဟုတ်ဘူး။ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်၊ လုံခြုံရေး၊ မိသားစုနဲ့ အနာဂတ်ကြားက အကွာအဝေး။ ပြီးတော့ မြန်မာလူငယ်တချို့တွေ အတွက်လည်း နယ်စပ်ဟာ မြေပုံပေါ်က မျဉ်းတစ်ကြောင်းထက် ပိုနေပါပြီ။ တစ်ဖက်မှာ မနေသာတဲ့ဘဝ။ တစ်ဖက်မှာ မသေချာတဲ့အနာဂတ်။အဲဒီနှစ်ဖက်ကြားမှာတော့လူမှောင်ခိုကားတစ်စီး။ အဲဒီကားပေါ်မှာ ထိုင်နေတဲ့လူတွေကတော့ သတင်းခေါင်းစဉ်တခု ထဲက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ (illegal migrant) ဆိုတဲ့ စကားလုံးတစ်လုံးထက် အများကြီး ပိုပါတယ်။ သူတို့ဟာ သူတို့ဘဝ ဆုံးရှုံးရမှာစိုးရိမ်လို့ ခရီးထွက်လာတဲ့ လူတွေ ဖြစ်ပါတယ်။
အဲဒီအချက်ကပဲ “200 Meters” ကို မြန်မာနိုင်ငံက ကြည့်ရှုသူတစ်ယောက်အတွက် နီးစပ်စေတဲ့ အရာဖြစ်လာတာပါ။ မီတာ ၂၀၀ က မဝေးပါဘူး။ ဒါပေမယ့် တစ်ခါတလေ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်၊ လုံခြုံရေး၊ မိသားစုနဲ့ အနာဂတ်ကြားမှာတော့ မီတာ ၂၀၀ ထက် အများကြီးဝေးတဲ့ နယ်စပ်တစ်ခု ရှိနေတတ်ပါတယ်။ ။
(200 Meters ရုပ်ရှင် ကြော်ညာနဲ့မြန်မာလူငယ်တွေ ထိုင်းကိုခိုးဝင်တယ်ဆိုပြီး၂၀၂၅ ခုနှစ်မှာဖမ်းဆီးခံခဲ့ရစဥ်)


















































